၂၀၁၆ ခုနှစ်မှာ မြန်မာကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံထားရတဲ့ မယ်စကြဝဠာ(မြန်မာ) အလှမယ် ထက်ထက်ထွန်းရယ် မော်ဒယ်လ်အမျိုးသားတဦးရယ် နှင့် မော်ဒယ်လ် လရိပ်ပြာဆိုသူ တို့ရဲ့ သုံးပွင့်ဆိုင် ပြသနာ တခု လက်ရှိ မြန်မာ ဖေ့စ်ဘုတ်လောကမှာ ပလူပျံနေပါတယ်။
အဖြစ်က မော်ဒယ်လ် လရိပ်ပြာက သူ့ရဲ့ ချစ်သူ မော်ဒယ်လ်အမျိုးသားနဲ့ အလှမယ် ထက်ထက်ထွန်းတို့ တွဲခုတ်နေပါတယ်ဆိုပြီး ဝေဖန်ပြောဆိုရေးသားထားရာက စတာပါ။
အဲ့ဒီကမှတဆင့် မော်ဒယ်လ် လရိပ်ပြာရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားတဲ့စာတွေကို အခြားသော ဖေ့စ်ဘုတ်သုံးစွဲသူတွေ ရှယ်ကြ၊ ကွန်းမန့်တွေ ဝင်ရေးကြနဲ့ ပြဿနာက တော်တော်လေး ရှုပ်ထွေးလာခဲ့တာပါ။
အဆိုဆုံးက အလှမယ် ထက်ထက်ထွန်းနဲ့ မော်ဒယ်လ်အမျိုးသားတို့ကို ဟိုတယ်မှာ မိတယ် ဆိုတဲ့ အရေးအသားမျိုး မော်ဒယ်လ်လရိပ်ပြာဘက်က ပြောဆို ရေးသားလာတဲ့အခါ လက်ရှိ မယ်စကြဝဠာ(မြန်မာ) အလှမယ် တယောက်အနေနဲ့ ပွဲမှာ သွားမပြိုင်ခင် ဒီလိုအဖြစ်မျိုးတွေမဖြစ်သင့်ဘူးဆိုတဲ့ ဝေဖန်မှုတွေက ဆိုးဝါးလာခဲ့ ပါတော့တယ်။
ဒီ့အပေါ် Miss Universe Myanmar Organization ရဲ့ National Director တဦးဖြစ်သူ ဒေါ်စိုးယုဝေက “ကျမတော်တော်လေးကို သူတို့ကို စိတ်ဆိုးပါတယ်။။ အခုလတ်တလောကို သူနဲ့ စကားမပြောချင်လောက် အောင် စိတ်ဆိုးပါတယ်။ ဒါပေမယ့် ကျမတို့က အလုပ်တခုကို စိတ်လိုက်မာန်ပါ လုပ်လို့မရဘူး။ လူကြီးတယောက်အနေနဲ့ သူ့ကို ပြင်းပြင်းထန်ထန် သတိပေးသွားမယ်လို့ စဉ်းစားထားပါတယ်။ သူတို့ကို အစောကတည်းက အကောင်းဆုံးပုံစံနဲ့နေဖို့ အားလုံးကိုတော့ မှာထားတယ်။ ပြောလည်း ပြောပြထားတယ်။ ဒီလိုကိစ္စတွေကတော့ တခြားလူငယ်တွေကြားမှာရော အနုပညာရှင်တွေကြားမှာရော ပြဿနာတွေက ဖြစ်နေကျပဲပေါ့နော်။ ဖြစ်တတ်ကြတယ်။ ဒါပေမယ့် သူသည် နိုင်ငံကိုယ်စားပြု အလှမယ် တယောက်ဖြစ်နေတော့ ပိုပြီးတော့ ထင်ရှားသွားတာပေါ့။ ပိုပြီးပြောစရာဖြစ်တယ်။သူက သူများထက်စာရင် ပိုပြီးစောင့်ကြည့်ခံနေရသူလည်းဖြစ်တယ်။ အခုလိုဖြစ်သွားတော့ မကောင်းဘူးပေါ့။” လို့ ဧရာဝတီကို ပြောပါတယ်။
အလှမယ် ထက်ထက်ထွန်းအနေနဲ့ နဂိုကတည်းက ရည်ရွယ်ထားတဲ့ ချစ်သူရှိနေပြီး အဲ့ဒီချစ်သူနဲ့ အဆင်မပြေတဲ့အချိန် အရွဲ့တိုက်တဲ့ အနေဖြင့် အဆိုပါ မော်ဒယ်လ်အမျိုးသားနဲ့ တွဲဖြစ်တာလို့ ဒေါ်စိုးယုဝေ က ဆက်ရှင်းပြပါတယ်။
“အခုလက်ရှိသူ့ကောင်လေးရှိပါတယ်။ သူလည်း ဒီအကြောင်းတွေကို အကုန်သိပါတယ်။ သူ့ကို အခုလိုမျိုး ကလေးဆန်ဆန် မဆင်မခြင်လုပ်တဲ့အတွက် သူ့ကောင်လေးလည်း သူ့ကို ဆုံးမနေတာပေါ့။ ကာယကံရှင်ကိုလည်း မေးကြည့်ပြီးပါပြီ။ လူငယ်သဘာ၀ တယောက်နဲ့တယောက် အရွဲ့တိုက်ကြတာလို့ သိရပါ တယ်။ သူ့အပြောအရပေါ့။ သူက နဂိုကတည်းက ရည်ရွယ်ထားတဲ့သူရှိပါတယ်။ ကျမတို့လည်းသိတယ်။ သူ့အိမ်ကလည်း သိတယ်။ အဲ့ဒီတယောက်နဲ့လည်း သူတို့လုပ်ငန်းတွေ အတူတူလုပ်နေတာပေါ့။ သူနဲ့လက်ရှိတွဲနေတဲ့ကောင်လေးကပေါ့။ သူ့အပြောအရတော့ အဲ့ဒီလူနဲ့ အခန့်မသင့် စိတ်ကောက်နေတဲ့အချိန် အရွဲ့တိုက်တာလို့ ပြောပါတယ်။” လို့ သူဆိုပါတယ်။
မော်ဒယ်လ် လရိပ်ပြာဟာ ၂၀၁၇ ခုနှစ် မယ်စကြဝဠာ(မြန်မာ) ပြိုင်ပွဲကို မန္တလေးမြို့ ကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့်သူလည်းဖြစ်ပါတယ်။
မော်ဒယ်လ် လရိပ်ပြာရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အလှမယ် ထက်ထက်ထွန်းနဲ့ မော်ဒယ်လ်အမျိုးသားတို့ကို ဟိုတယ်မှာ မိတယ်ဆိုတဲ့ ပြောဆိုရေးသားထားမှုအပေါ် ဒေါ်စိုးယုဝေအား ဆက်လက်မေးမြန်းတဲ့အခါ “ဒါကိုလည်း စစ်ဆေးပြီးပါပြီ။ အဲ့ဒါက သူ့ရဲ့ မန်နေဂျာကောင်မလေးပါပါတယ်။ သူတို့ မန္တလေးမှာ အလုပ်တခုနဲ့ သွားတဲ့အချိန်မှာ ဟိုတယ်မှာ နေတယ်။ အဲ့ဒီအချိန်မှာ ကောင်မလေးလည်းရှိပါတယ်။ သူတို့ ရန်ကုန်ပြန်မယ့်နေ့ မှာ ကောင်လေးက လာကြိုပေးတယ်လို့ပြောတယ်။ ဟိုတယ် အပြင်မှာ အိတ်တွေဘာတွေ လာဝိုင်းဆွဲတာပေါ့။ ဒါပေမယ့် ရေးတဲ့သူကတော့ သူ့ရဲ့ စိတ်ခံစားမှုအရ နစ်နစ်နာနာ ရေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဟိုလို မျိုးတော့ မဟုတ်ပါဘူး။ ကျမတို့သေချာမေးပြီးပါပြီ။ သူ့နားမှာနေတဲ့ မန်နေဂျာကောင်မလေးကလည်း အခု သူတွဲနေတဲ့ သူ့ကောင်လေးက လူယုံငှားထားပေးတာပါ။
သူသွားလာရင် အဖော်ရှိအောင် တောက်လျှောက် ထားပေးထားတာဆိုတော့ အဖြစ်ကတော့ အရမ်းကြီးမရှုပ်ထွေးဘူး။ ဒါပေမယ့် သူတို့တင်တဲ့ ပုံစံတွေ ရေးတဲ့ပုံစံတွေက ပိုပြီးတော့ ရှုပ်ထွေးသွားစေတာပေါ့။” လို့ အဆိုပါ အဖြစ်အပျက်ကို ရှင်းလင်းပါတယ်။
Miss Universe တယောက်ဖြစ်လာဖို့ဆိုတဲ့နေရာမှာ နိုင်ငံတခုကို ကိုယ်စားပြုရတဲ့ အလှမယ်တွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်မျဉ်း စည်းကမ်း ဘောင်တွေ အင်မတန်ကြီးမားလှပါတယ်။ နိုင်ငံတကာအလှမယ် အဖွဲ့အစည်းတွေအနေနဲ့လည်း ဒီလို ရှုပ်ထွေးမှု ပြဿနာတွေ ဝေဖန်ပြောဆိုမှုတွေကို ကြပ်ကြပ်မတ်မတ် ပြတ်ပြတ်သားသား ကိုင်တွယ် ဖြေရှင်းကြရတာပါ။ တချို့ဆိုရင် ပေးအပ်ထားတဲ့ အလှမယ်သရဖူကိုပါ ပြန်လည် ရုတ်သိမ်းပြီး 1st runner up ရရှိသူကို လွှဲပြောင်း ယှဉ်ပြိုင်စေတာတို့ စတဲ့ အဖြစ်မျိုးတွေပါ ရှိခဲ့ပါတယ်။
ကဲ.. မြန်မာကိုယ်စားပြုမယ့် မယ်စကြဝဠာ အလှမယ် ထက်ထက်ထွန်းအနေနဲ့ရော အဖွဲ့အစည်းအနေနဲ့ပါ ဆက်လက်ပြီး ဘယ်လို ဖြေရှင်း လုပ်ကိုင်သွားမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။