ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မန္တလေးတိုင်းရုံး မြေနေရာကို အများပြည်သူအတွက် ပြန်လည်သိမ်းဆည်ရန် အစီအစဉ် ရှိမရှိကို စက်တင်ဘာ ၂၀ ရက်တွင် ပြုလုပ်သည့် မန်းတိုင်းဒေသကြီး လွှတ်တော်တွင် ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေက မေးမြန်းခဲ့သည်။
ကြံ့ခိုင်ရေးပါတီ မန္တလေးတိုင်းရုံး မြေနေရာသည် အိမ်ခြံမြေပေါက်စျေးအရ ငွေကျပ် ၂၀ ဘီလီယံ တန်ကြေးရှိကြောင်း ယခင်က သမဝါယမပိုင်မြေနေရာဖြစ်ပြီး တရားဝင် စာချုပ်စာတမ်းဖြင့် လွှဲပြောင်းရယူထားခြင်း မဟုတ်ဘဲ အများပြည်သူပိုင် မြေနေရာတခုဖြစ်ကြောင်း မန္တလေးဒေသခံများက ပြောသည်။
တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေက “တန်ဖိုးအားဖြင့် တွက်ချက်မယ်ဆိုရင် ကျပ်သိန်းပေါင်း သိန်းရာချီတန်တဲ့ မြေနေရာပါ။ ဒီမြေက သမဝါယမပိုင်မြေဖြစ်ပြီး တရားဝင် စာချုပ်စာတမ်းနဲ့ လွှဲပြောင်းခဲ့တာလည်း မဟုတ်ဘူး။ ဒါကြောင့် အများပြည်သူအတွက် ပြန်လည်သိမ်းဆည်းပေးဖို့ ရှိမရှိ မေးရတာပါ” ဟု ပြောသည်။
ကြံ့ခိုင်ရေးပါတီ မန္တလေးတိုင်းရုံး မြေနေရာနှင့် အဆောက်အဦးသည် အကျယ်အဝန်းမြေ ၁ ဧက နီးပါးရှိပြီး၊ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပတ်ကုန်းဝန်းကျင်ရပ်ကွက် ရ၃ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားတွင် တည်ရှိ၍ ယခင်က သမဝါယမအသင်းပိုင်မြေ ဖြစ်ကြောင်းနှင့် ထိုစဉ်အချိန်က ကြံ့ခိုင်ရေးအသင်းက မြေနေရာ အစားထိုး လဲလှယ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးအောင်ရွှေက ဆက်ပြောသည်။
မန္တလေးမြို့ရှိ ၀ါရင့်အိမ်ခြံမြေ အကျိုးဆောင်များ၏ တန်ဖိုးတွက်ချက်မှုအရ ချမ်းအေးသာစံမြို့နယ်တွင် ထိုမြေဧရိယာ အကျယ်အဝန်းဆိုပါက ကာလတန်ဖိုးအရ ငွေကျပ် ၂၀ ဘီလီယံ အနည်းဆုံးတန်ဖိုးရှိကြောင်း ပြောဆိုကြသည်။
ထိုမေးခွန်းနှင့် ပတ်သက်ပြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က အဆိုပါ မြေယာအမှုတွဲသည် စည်ပင်မြေရာဇဝင် မှတ်တမ်းအရ ၂၀၀၂ ခုနှစ် ဇွန်လက သမဝါယမဦးစီးဌာနက ကြ့ံခိုင်ရေးပါတီကို ဆက်လက်အသုံးပြုရန် လွှဲပြောင်းပေးအပ်ကြောင်း လျှောက်ထားခဲ့ပြီးနောက် ၃ လ အကြာတွင် အမည်ပြောင်းလဲခွင့် ရရှိခဲ့ခြင်း ဖြစ်သည်ဟု ပြန်လည်ပြောဆိုခဲ့သည်။
အမည်ပေါက်ပြောင်းလဲခွင့် ရရှိပြီးဖြစ်သောမြေဖြစ်၍ ပြန်လည်သိမ်းဆည်းရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဆောင်ရွက်ပေး၍ မရနိုင်ကြောင်းနှင့် ကြံ့ခိုင်ရေးပါတီက သမဝါယမဦးစီးဌာနအား မြေအစားထိုး ပြန်ပေးမှုကို ယနေ့ထိ မရှိသေးကြောင်း ဒေါက်တာရဲလွင်က ဆက်ဖြေကြားခဲ့သည်။