၁၉၈၀ နှောင်းပိုင်းနှစ်များမှာ ၈/၈၂ အင်းလျား၊ မိုးလုံးမှိုင်း၊ စိဉ္ဇမာဏဉာဏ်၊ လွမ်းရတဲ့ညတွေ လွန်ပါစေ စီးရီးများဖြင့် အောင်မြင်ကျော်ကြားခဲ့ပြီး ၁၉၈၈ လူထုအုံကြွမှုကြီးအပြီး ထိုင်းနယ်စပ်သို့ ထွက်သွားပြီး ကျောင်းသားလူငယ်များနှင့်အတူ တိုင်းရင်းသားရေး၊ ဒီမိုကရေစီရေး ဆောင်ရွက်ခဲ့သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် “ငြိမ်းချမ်းရေးတိုက်ပွဲ”၊ နော်ဝေနိုင်ငံတွင် “လွတ်မြောက်ရာလမ်း”စသည့် သီချင်းခွေများကို ထုတ်ဝေဖြန့်ချိခဲ့သည်။
၂၀၁၅ ခုနှစ်တွင် မြန်မာပြည် ပြန်လာလည်ပြီး “ဝတ်မှုန်ကူးတဲ့ည” စင်တင်ဂီတပွဲများ ရန်ကုန်နှင့် မန္တလေးတွင် ပြုလုပ်ပြီး ထိုစင်တင်ပွဲကို စီဒီ၊ ဒီဗီဒီများ ထုတ်ဝေရာ ပရိသတ်များ၏ ပြန်လည်အားပေးမှုကို ရယူနိုင်ခဲ့သည်။ ယခု ဒုတိယအကြိမ် ရန်ကုန်သို့ ပြန်လည်ရောက်နေပြီး သီချင်းခွေသစ် ထုတ်ရန်ရှိနေသည့် အဆိုတော်ကြီး ကိုမွန်းအောင်အား ဧရာဝတီမှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ ဒီတခေါက် မြန်မာပြည် ပြန်လာတာ သီချင်းခွေသစ် ထုတ်ဖို့လို့ ကြားတယ်။ ဘယ်တော့လောက် ထွက်မလဲ။ ဘယ်လိုသီချင်းတွေ ပါမလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေး မိုးစက်များ အမည်ရတဲ့ တေးစုကို ယခုု ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မာစတာတေးသံသွင်းကနေပြီး တပြည်လုံးကို ဖြန့်ချီသွားမှာပါ။ သီချင်းစုစုပေါင်း ၁၂ ပုဒ်ပါရှိပြီး တေးရေးသူများကတော့ ကိုရဲလွင် ကိုနေဝင်း ကိုအောင်ဝင်း ကို D ချစ်မျိုးနဲ့ ကျနော့်သီချင်းတပု ဒ်ပါ ပါတယ်။ ရောခ့် ဘလူးစ် ကန်းထရီးနဲ့ အင်္ဂလိပ်လို တပုဒ်ပါဝင်ပါတယ်။
မေး။ ။ ဟိုးအရင်က တေးရေးဆရာတွေပဲ အခုစီးရီးထဲမှာ ပြန်ပါလာတယ်ဆိုတော့ အရင်တုန်းက သီချင်းတွေလို အချစ်၊ ဘဝဒဿနနဲ့ အတွေးအခေါ်ဆန်တဲ့ သီချင်းတွေလား။ ၈၈ အပြီး ထိုင်းမှာ ထုတ်ခဲ့တဲ့ ငြိမ်းချမ်းရေးတိုက်ပွဲ စီးရီးထဲကလို နိုင်ငံရေး တော်လှန်ရေး သီချင်းမျိုးတွေ ပါဦးမလား။
ဖြေ။ ။ အချစ် ဘဝဒဿနနဲ့ ခွန်အားဖြစ်တဲ့ သီချင်းမျိုးတွေပါပဲ။ နိုင်ငံရေး တော်လှန်ရေး သီချင်းမျိုး တွေဆိုတာထက် လွတ်မြောက်ရေး တေးသီချင်းတွေ ပါမှာပါ။
မေး။ ။ အခု မြန်မာပြည် ပြန်လာတာ ၂ ကြိမ်ရှိပြီ။ ပထမတခေါက်မှာ စင်တင်ဂီတပွဲတွေ မန္တလေးနဲ့ ရန်ကုန်မှာ လုပ်ခဲ့တယ်။ အခုလည်း စီးရီးသစ် ထုတ်မယ်။ ဆိုတော့ လက်ရှိ ပြန်လည်ထိတွေ့မိနေတဲ့ မြန်မာပြည် ခေတ်ပြိုင်ဂီတနဲ့ ဈေးကွက်အနေအထားကို ဘယ်လိုသုံးသပ်မိလဲ။
ဖြေ။ ။ ဂီတလောကရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေက ကျနော့်အတွက် အသစ်ပါပဲ။ လေ့လာနေတုန်းဆိုပါတော့။ ဒါပေမယ့် ဂီတလောကထဲက မိတ်ဆွေတွေဆီက အများဆုံး ကြားရတာကတော့ တရားမဝင် ခိုးကူးခွေတွေကိစ္စပါ။ ဂီတသမားတွေရဲ့ ဖန်တီးထားတဲ့ ကိုယ်ပိုင် အတွေးအခေါ်တွေ အတတ်ပညာတွေ အချိန်တွေ ကြိုးစားအားထုပ်မှုတွေနဲ့ စိုက်ထုတ်ထားရတဲ့ အရင်းအနှီးတွေကို မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ ခိုးယူခံနေရတာကတော့ ဝမ်းနည်းစရာ ပါပဲ။
တကယ်တော့ ကျနော်တို့ အနုပညာကို ဖန်တီးတဲ့သူတွေဟာ ဒီသီချင်းတွေအတွက် ဘဝတခုလုံးကို ရင်းနှီးပြီး ဖန်တီး ထုတ်လုပ်ကြရတာပါ။ အနုပညာရှင်တော်တော်များများဟာ သူတို့ဖန်တီးထားတဲ့ အနုပညာက ရတဲ့ ဝင်ငွေပေါ်မှီခိုပြီး ရပ်တည်ကြရတာပါ။ တချို့ဆိုရင် ကိုယ်ယုံကြည်ရာအတွက် အငတ်အပြတ်ခံပြီး လုပ်ကြရတာပါ။ အခုတော့ အနုပညာ ဖန်တီးထုတ်လုပ်သူတွေဟာ ခေါင်းပုံဖြတ်အမြတ်ထုပ်သူတွေ ရှိနေတယ်ဆိုတာ သိသိကြီးနဲ့ ပရိသတ်ကို ပေးချင်တဲ့ ဆန္ဒတခုနဲ့ပဲ အရှုံးခံထုတ်နေကြရတယ်။
တကယ်ဆိုရင် ဒါဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။ အနုပညာရှင်တွေအနေနဲ့ ခိုးကူးသူတွေကို တားဆီးနိုင်စွမ်းမရှိပါဘူး။ ကျနော့်အထင်ကတော့ ပရိသတ်တွေအနေနဲ့ မည်သည့်ခိုးကူးခွေကိုမဆို ဝယ်ယူအား ပေးခြင်း ခွင့်ပြုချက်မရှိပဲ လက်ဆင့်ကမ်းဖြန့်ဝေခြင်း စတာတွေကို မလုပ်ရင်တော့ အနုပညာရှင်တွေအတွက် သက်သာလာလိမ့်မယ် ထင်ပါတယ်။
မေး။ ။ ဒီတခေါက်ရော စင်တင်ဂီတပွဲတွေ ထပ်လုပ်ဖြစ်မလား။
ဖြေ။ ။ စင်တင် ဂီတပွဲတွေ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဇန်နဝါရီလလည်ထဲမှာ မန္တလေးမှာ ပွဲတပွဲလုပ်ဖို့ ကြိုးစားနေပါတယ်။ ဖေဖေါ်ဝါရီလ ၄ ရက်နေ့မှာတော့ ရန်ကုန်မြို့ အမျိုးသား ဇာတ်ရုံမှာ စကိုင်းနက်ရဲ့ အစီအစဉ်နဲ့ တကိုယ်တော်ဖျော်ဖြေပွဲလုပ်ဖို့ သဘောတူထားပါတယ်။ အဲ့ဒိပွဲကိုတော့ စကိုင်းနက်ရုပ်သံကနေ တိုက်ရိုက်လွှင့်မှာဖြစ်ပါတယ်။
မေး။ ။ ကချင် အမျိုးသားတယောက်ဖြစ်တော့ လတ်တလော ကချင်ပြည်က စစ်ပွဲတွေ မရပ်နိုင်တဲ့အပေါ် ဘယ်လိုခံစားရသလဲ။ ထင်မြင်ချက်ကို ပြောပြပါ။
ဖြေ။ ။ စစ်ပွဲတွေဆက်ပြီးတော့ ဖြစ်နေတာကတော့ ဝမ်းနည်းစရာကောင်းပါတယ်။ ကချင်ပြည်နယ်ကစစ်ပွဲဟာ ကျနော့်တသက်ရှိနေပါပြီ။ ဒါပေမယ့် စစ်ပွဲတွေဟာ မသေးသွားပဲနဲ့ ကြာလာတာနဲ့အမျ ပိုကြီးလာတာပါ။ ပြည်တွင်းစစ်ရပ်စဲရေးတို့ စစ်ကိုမုန်းတယ်တို့ လူတွေက ပြောကြတယ်။ ဒါပေမယ့် ဘာကြောင့် တိုင်းရင်းသားတွေ အနေနဲ့ ဒီစစ်ပွဲတွေကို ဆင်နွှဲနေရလဲဆိုတာ စဉ်းစားဖို့ မေ့နေကြတယ်။ တကယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တာ တန်းတူညီမျှမှုနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးပါ။ ဒီစစ်ပွဲတွေရဲ့ ရလဒ်က အဖြေမထွက်သေးပေမယ့် စစ်ရဲ့ဆိုးကျိုးတွေကို တောက်လျောက် ခါးစည်းခံရသူတွေကတော့ တိုင်းရင်းသားပြည်သူတွေပါပဲ။