နေ့စဉ် တီဗီချယ်နယ်တွေမှာ လာနေတဲ့ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲနဲ့ ရုပ်သံလိုင်းတွေကနေ မကြာခဏထုတ်လွှင့်ပေးတတ်တဲ့ ကိုရီးယား K-Pop သီချင်းတွေကြောင့် မြန်မာလူမျိုးတွေကြားမှာ ကင်မ်ဘတ်၊ ကင်မ်ချီ၊ တော့ပုကီ၊ Bulgogi စတဲ့ ကိုရီးယားအစားအစာတွေဟာ မစိမ်းလှပါဘူး။
နာမည် ရင်းနှီးပြီးသားဖြစ်တဲ့ ကိုရီးယားအစားအစာတွေကို တခုတ်တရနဲ့ ကျနော်တို့ မြန်မာလူမျိုးတွေ နှစ်နှစ်ခြိုက်ခြိုက် စားသုံးလာကြပါပြီ။ ကိုရီးယားထမင်းလိပ်၊ ကင်မ်ချီ၊ တော့ပုကီစတာတွေကို ရန်ကုန်မြို့၊ လှည်းတန်းမြို့နယ်နဲ့ မြေနီကုန်းအနီးတဝိုက်မှာ လွယ်လင့်တကူ ဝယ်စားလို့ရနေပါပြီ။
ဒီတပတ် ဧရာဝတီရဲ့ Restaurant Review ကဏ္ဍကနေ ကျနော် မိတ်ဆက်ပေးချင်တဲ့ ဆိုင်ကတော့ ရန်ကုန်မြို့၊ ကမာရွတ် မြို့နယ်၊ နာနတ်တောလမ်း၊ Diamond Condo မှာရှိတဲ့ “Bulgogi Brothers Myanmar Korean Restaurant” ဖြစ်ပါတယ်။
Bulgogi ရဲ့ အဓိပ္ပါယ်က “မီးနဲ့လုပ်ထားတဲ့အသား” (Barbecue) ကိုဆိုလိုတာပါ။ “Bulgogi Brothers” ဆိုတာကတော့ ကိုရီးယားနိုင်ငံကနေ Franchise ယူထားတဲ့ ဆိုင်တဆိုင်ဖြစ်ပြီး အရှေ့တောင် အာရှနိုင်ငံများနဲ့ ကနေဒါစတဲ့ အနောက် နိုင်ငံတွေမှာဆိုင်ခွဲတွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ဆိုင်ထဲဝင်ပြီး နေရာယူတဲ့အခါ လေးယောက်ဝိုင်း၊ နှစ်ယောက်ဝိုင်းစသဖြင့် ထိုင်ခုံ၊ စားပွဲတွေ ခင်းကျင်းထားတာတွေ့ရပြီး သီးသန့် စားချင်တယ်ဆိုရင်လည်း VIP Room, Private Room မှာထားရှိပေးထားတာကို တွေ့ရပါတယ်။ ဆိုင်ရဲ့ အတွင်းနံရံတခုမှာ ကိုရီးယားနန်းတွင်းရာဇဝင် ဇာတ်ကားတွေထဲက စစ်ရေးလေ့ကျင့်နေတဲ့ပုံကို ကာတွန်းရေးဆွဲထားတဲ့ ပန်းချီကားနဲ့ အလှဆင်ထားတာကို တွေ့ရပါတယ်။
ဆိုင်မှာစုစုပေါင်း VIP အခန်းငါးခန်းရှိပြီးတခန်းမှာ လူဆယ်ယောက် စားသုံးနိုင်တယ်လို့ ဆိုင်ရဲ့ Operation Manager မနန်းနွယ်နွယ်ဝင်းကပြောပါတယ်။ VIP အခန်းကတော့ အခန်းခအနေနဲ့ တခန်းကို မြန်မာငွေ ကျပ်တသောင်းကျသင့်မှာ ဖြစ်ပြီးအချိန်ကတော့ ကန့်သတ်မထားဘူးလို့ မနန်းနွယ်နွယ်ကဆိုပါတယ်။
ဆိုင်မှာရရှိနိုင်တဲ့ အစားအသောက် မှာယူဖို့ ကြည့်လိုက်တဲ့အခါ ပထမဆုံးအနေနဲ့ “Bulgogi Brothers” ရဲ့ Barbecue Menu ထဲက ဝက်အသားစုံ BBQ (Assorted Pork Bulgogi) ကို မှာယူလိုက်ပါတယ်။ နောက်ထပ် အရသာမြည်းစမ်းဖို့ မှာယူလိုက်တာကတော့ ကိုရီးယားမြေအိုးထမင်းသုပ် (Chicken Bibimba) နဲ့ ကိုရီးယားတော့ပုကီ (Spicy Rice Cake) တို့နဲ့အတူ အရည်သောက်အနေနဲ့ အမဲသားလွှာပဲငပိစတူး (Beef Brisket Soy Bean Stew) တို့ကို မှာယူလိုက်ပါတယ်။
ဈေးနှုန်းတွေအနေနဲ့က ဝက်အသားစုံ BBQ (၁၉,၉၀၀) ကျပ်၊ ကိုရီးယားမြေအိုးထမင်းသုပ် (၆,၉၀၀) ကျပ်၊ ကိုရီးယားတော့ပုကီ (၈,၉၀၀) ကျပ်နဲ့ အမဲသားလွှာပဲငပိစတူး (၆,၉၀၀) ကျပ်တို့ပဲ ဖြစ်ပါတယ်။
ပထမဆုံးမှာယူထားတဲ့ ဝက်အသားစုံ BBQ က ဝက်သုံးထပ်သား၊ ဝက်ဂုတ်သားစတဲ့ ဝက်အသားစုံကို လတ်လတ်ဆတ်ဆတ် စားခါနီးမှ ကင်စားရတာမျိုးပါ။ စားပွဲနဲ့ တဆက်တည်းပါရှိတဲ့ မီးအပူပြားပေါ်မှာပဲ အပူပေးကင်ပြီး အသားကျက်လာတဲ့အခါ စားသုံးရတာပါ။ ဝက်အသားစုံနဲ့ အတူထမင်းဖြူ၊ ကင်မ်ချီ၊ ဆော့စ်တို့နဲ့ တွဲဖက်ပြီးဆလပ်ရွက်ထဲထည့်လို့ ကိုရီးယားဇာတ်လမ်းတွဲတွေထဲကလိုကိုရီးယားဆန်ဆန် စားကြည့်တဲ့အခါ ဝက်သားရဲ့ ချိုတဲ့အရသာနဲ့ ကင်မ်ချီရဲ့ ချဉ်တဲ့ အရသာတို့ကိုခံတွင်းထဲမှာပေါင်းစပ် ခံစားမိပါတယ်။
ကိုရီးယားမြေအိုးထမင်းသုပ် (Chicken Bibimba) ကတော့ ကိုရီးယားဆော့စ် တမျိုးနဲ့အတူ ထမင်းကို ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ အသားတို့နဲ့ မြေအိုးပူပူထဲမှာ ရောသမမွှေထားပြီး စားကြည့်တဲ့အခါ ပူပူနွေးနွေး ထမင်းသုပ်ကအရသာချိုပြီး မြန်မာပါးစပ်နဲ့ဆို မဆိုးဘူး၊ ခံတွင်းတွေ့မယ့် အစားအစာလို့ ဆိုချင်ပါတယ်။ နေ့လယ်စာအဖြစ်စားမယ်ဆိုရင် ဗိုက်ဝပြီး အာဟာရလည်းရှိမယ့် ကိုရီးယားမြေအိုးထမင်းသုပ်ပါပဲ။
မြေအိုးထမင်းသုပ်နဲ့အတူနောက်ထပ် နာမည်ကြီးလူကြိုက်များတဲ့ ကိုရီးယားအစားအစာတခုဖြစ်တဲ့ တော့ပုကီ (Spicy Rice Cake) ကို မြည်းစမ်းကြည့်တဲ့အခါ တော့ပုကီအနှစ်က Spicy (အစပ်) ဆိုပေမယ့် အရမ်းမစပ်လှဘဲစပ်တယ် ဆိုရုံလောက်သာရှိတဲ့ အရသာမျိုးပါ။ တော့ပုကီတို့ရဲ့ ထုံးစံအတိုင်း အရသာက ချိုချိုစပ်စပ်နဲ့ တော့ပုကီ အနှစ်ထဲမှာပါတဲ့ ဆန်ချောင်း၊ ဝက်သားချောင်း၊ ငါးဖယ်ချောင်းတို့က တော့ပုကီ ဆော့စ်အနှစ်နဲ့အတူ အရသာအစပ်အဟပ်တည့်တယ်လို့ ခံစားမိပါတယ်။
အရည်သောက်အဖြစ် မှာယူထားတဲ့ အမဲသားလွှာပဲငပိစတူးကတော့ ပဲငပိအရသာနဲ့အတူ ချဉ်ချဉ်စပ်စပ် အရသာရှိတာကြောင့် တော့ပုကီ၊ မြေအိုးထမင်းသုပ်၊ Bulgogi စတဲ့ အနည်းငယ် အချိုကဲတဲ့ အရသာတွေကို အအီပြေစေပါတယ်။ ဆိုင်ကအစားအစာတွေရဲ့ အရသာက မြန်မာလူမျိုးတွေရဲ့ ပါးစပ်နဲ့ ခံတွင်းတွေ့အောင် ချက်ပြုတ်ထားတာမျိုးမဟုတ်ဘဲ တကယ့် ကိုရီးယားအစားအစာတွေရဲ့ အရသာအတိုင်းအချို၊ အချဉ် ခပ်ကဲကဲလေး ချက်ပြုတ်စီမံထားတာကို စားသုံး မြည်းစမ်းကြည့်ရင်းအရသာခံစားမိပါတယ်။
ဆိုင်ရဲ့ အစားအစာတွေမှာ အသုံးပြုထားတဲ့ Ingredient (ပါဝင်ပစ္စည်း) အများစုက ပြည်တွင်းကပဲဝ ယ်ယူသုံးစွဲတာဖြစ်ပြီး အသားတွေကိုတော့ Imported မှာယူတယ်လို့ သိရပါတယ်။ ဆိုင်ဖွင့်ချိန် မနက် (၁၀) နာရီခွဲကနေ ည (၁၀) နာရီခွဲအထိဖွင့်လှစ်ပြီးဆိုင်ဖွင့်တာ တနှစ်နီးပါးရှိပြီလို့ သိရပါတယ်။
ဆိုင်မှာလာရောက်စားသုံးသူတွေက ကိုရီးယားလူမျိုး၊ ဂျပန်လူမျိုး၊ တရုတ်လူမျိုးနဲ့ မြန်မာလူမျိုးတွေ အများဆုံးလာရောက် စားသုံးကြတဲ့ ဆိုင်တဆိုင်ဖြစ်ပြီး အနောက်နိုင်ငံသားတွေလည်းရံဖန်ရံခါ လာရောက်စားသုံးကြတယ်လို့လည်း သိရပါတယ်။ ဆိုင်ရဲ့ Menu မှာ အမဲသား၊ ဝက်သား BBQ တွေအပြင် အမဲသား၊ ဝက်သားမစားသူများအတွက် ပင်လယ်စာ BBQ၊ ကြက်စပ် BBQ စတာတွေလည်း မှာယူ စားသုံးနိုင်ပါတယ်။
ဒါကြောင့်မို့လို့ ကိုရီးယားဇာတ်လမ်းတွဲတွေထဲကလို ဝက်သား၊ အမဲသားစတဲ့ လတ်လတ်ဆတ်ဆတ် အသားတွေကို စားခါနီးမှ ကိုယ်တိုင်ကိုယ်ကျ မီးအပူပြားပေါ်တင်ပြီးကင်လို့ စားသုံးနိုင်တဲ့ Bulgogi နဲ့ အခြားကိုရီးယားအစားအစာတွေကို အရသာ မြည်းစမ်းလိုသူတွေအတွက် “Bulgogi Brothers Myanmar” ကိုရီးယားစားသောက်ဆိုင်ကိုသွားစားကြည့်ဖို့ ညွှန်းဆိုလိုက်ပါတယ်။ ။