မြန်မာနိုင်ငံမှ နှလုံးရောဂါဝေဒနာ ခံစားနေရသော ကလေးငယ် ၃ ဦးကို ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ စီစဉ်ပံ့ပိုးမှုဖြင့် ၎င်းနိုင်ငံ ပရက်ဂ် မြို့ Motol ဆေးရုံတွင် ခွဲစိတ်ကုသပေးခဲ့ရာ ကလေး ၂ ဦး၏ ဆေးကုသမှု အောင်မြင်ခဲ့ပြီး ယနေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။
ချက်သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Karel Schwarzenberg က မြန်မာနိုင်ငံသို့ ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ လာရောက်ပြီးနောက် ကျန်းမာရေး အကူအညီ (MEDEVAC) ကို စတင် ပေးအပ်ခဲ့ကြောင်း၊ ယင်းအကူအညီအရ မြန်မာနိုင်ငံမှ နှလုံးရောဂါ ခံစားနေရသော ကလေးများ ဖြစ်သည့် အသက် ၂ နှစ် အရွယ် မလင်းမြတ်အေး၊ အသက် ၈ နှစ်အရွယ် မောင်နန်ဂျာမွန်ရွှန်းနှင့် မောင်မင်းထက်ဟိန်း တို့ကို ရွေးချယ်ကာ ချက်သမ္မတ နိုင်ငံသို့ခေါ်ယူပြီး ခွဲစိတ် ဆေးကုသမှု ပေးခဲ့ကြောင်း၊ အသက် ၈ နှစ်အရွယ် မောင်နန်ဂျာမွန်ရွှန်းနှင့် မောင်မင်းဟိန်းထက်တို့မှာ ခွဲစိတ်ကုသမှု အောင်မြင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး၏ ဇနီးဖြစ်သူ Mrs. Renata Greplova က ဧရာဝတီသို့ ပြောသည်။
“မလင်းမြတ်ဟိန်း ကတော့ ခွဲစိတ်မှု ထပ်လိုအပ် နေပါသေးတယ်။ အဲဒါကြောင့် သူက ဆေးဝါးကုသမှု ခံယူနေဆဲပါ။ ကျန်တဲ့ ကလေးနှစ်ယောက် ကတော့ ခွဲစိတ်မှု အောင်မြင်လို့ ဒီကို ပြန်လာနိုင်ပါပြီ။ ချက်သမ္မတ နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ဒီလို ရောဂါဝေဒနာ ခံစားနေရတဲ့ ကလေးတွေကို ချက်သမ္မတ နိုင်ငံမှာ ထပ်ပြီး ကုသမှု ပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ဆိုသည်။
မြန်မာပြည်မှ ကလေး ၃ ဦးကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် အထူးလေယာဉ်ဖြင့် ချက်သမ္မတနိုင်ငံသို့ ခေါ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဆေးကုသမှု အောင်မြင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော မောင်မင်းဟိန်းထက်၏ မိခင် ဒေါ်သန္တာဦးက
ချက်အစိုးရနှင့် မြန်မာအစိုးရကို ကျေးဇူးတင်ကြောင်း ပြောဆိုသည်။
“ကလေးက နှလုံးရောဂါ ခံစားနေရတာကြာပြီ။ ကျွန်မတို့ဆို ကလေးအတွက် ဆေးရုံပြေးလိုက်၊ ဆေးကုလိုက်နဲ့ အရမ်းပင်ပန်းခဲ့ရတာ။ အခုတော့ ချက်အစိုးရနဲ့ ဒီကလူကြီးတွေ ဆောင်ရွက်ပေးမှုနဲ့ ကလေးကို ချက်နိုင်ငံမှာ
အောင်အောင်မြင်မြင် ဆေးကုနိုင်တာ ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ဒေါ်သန္တာဦးက ဆိုသည်။
မောင်နန်ဂျာမွန်ရွှန်း၏မိခင် L JA AWN HKAM ကမူ သားဖြစ်သူသည် နှလုံးရောဂါ ဆိုးရွားစွာခံစားနေခဲ့ရာမှ ယခုကဲ့သို့
ပြန်လည်ကောင်းမွန် လာခြင်းအပေါ် အလွန်ဝမ်းမြောက်ကြောင်း ပြောသည်။
ဆေးကုသမှု အောင်မြင်ခဲ့သော ကလေးငယ် ၂ ဦးနှင့် မိခင် ၂ ဦးတို့ကို ထိုင်းနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး၏ ဇနီး Mr.Renata၊ ထိုင်းနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံရုံး၏ ဒုတိယအကြီးအကဲ Mrs.Andrea Hyniova တို့က ဘန်ကောက် မြို့မှ ရန်ကုန်အထိ ပြန်လည်လိုက်ပါ ပို့ဆောင်ပေးခဲ့ကြသည်။
အောင်သက်ဝိုင်း ပူးပေါင်းရေးသားသည်။