ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နဲ့ ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟို အဖွဲ့အစည်းအဝေး (၁/ ၂၀၁၃) ရဲ့ ဆုံးဖြတ်ချက်အရ မဂ္ဂဇင်းဆက်လက် ထုတ်ဝေခွင့် ရုတ်သိမ်းခံခဲ့ရတဲ့ ညှို့မဂ္ဂဇင်းကို ဖက်ရှင်အသားပေး မဂ္ဂဇင်းအဖြစ် ပြန်လည်ထုတ်ဝေခွင့်ပေးဖို့ အသားနားခံစာ တင်သွားမယ်လို့ ညှို့မဂ္ဂဇင်း အယ်ဒီတာချုပ် ကိုဦးဆွေက ဧရာဝတီကို ပြောပါတယ်။
“ပြန်ကြားရေး ဝန်ကြီးဆီ တိုက်ရိုက်တစောင်ရယ်၊ စာပေစိစစ်ရေးရုံးကို တစောင်ရယ်၊ ပေါင်း နှစ်စောင် တင်ပါ့မယ်။
ပထမ ပြန်လျှောက်ထားခဲ့စဉ်က အတိုင်းပဲ ဖက်ရှင်ဦးစားပေး အဖြစ် ပြန်လျှောက်ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။ ဘာဖြစ်
လို့လဲဆိုတော့ ညှို့ဆိုတဲ့ နာမည်ပြန်ရဖို့အတွက် ကျနော့်အတွက် လိုအပ်လို့ပါ” လို့ ကိုဦးဆွေက ပြောတာပါ။
ဒီကိစ္စဟာ ညှို့မဂ္ဂဇင်း အတွဲ (၁) အမှတ်(၂) ကို ဆက်လက်ထုတ်ဝေမယ့် ဆဲဆဲမှာပဲ အခုလို ရုတ်သိမ်းခံခဲ့ရတာ ဖြစ်ပြီး
အသားနားခံစာကိုတော့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ သက်ဆိုင်ရာဌာနတွေဆီ တင်ဖြစ်မယ်လို့လည်း သူက ဆိုပါတယ်။
ပြန်လည် ထုတ်ဝေခွင့် ရမယ်ဆိုရင်လည်း နောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လျှော့ချပြီး ဖက်ရှင်ဘက်ကိုသာ အဓိက ဦးစားပေး ဖော်ပြသွားမယ်လို့လည်း ကိုဦးဆွေက ပြောပါတယ်။
ဒီမဂ္ဂဇင်းကို စတင် မထုတ်ဝေခင်မှာ ဖက်ရှင်အသားပေး မဂ္ဂဇင်းအဖြစ် ထုတ်ဝေခွင့်ရရှိဖို့ လျှောက်ထားခဲ့တာဖြစ်ပြီး တကယ် ထွက်ရှိလာချိန်မှာတော့ လိင်ပညာပေး (Sex Education) မဂ္ဂဇင်း အဖြစ် လိင်အသားပေး ဓာတ်ပုံတွေ၊ ဆောင်းပါးတွေ ဖော်ပြခဲ့တာကြောင့် အခုလို ရုတ်သိမ်းခဲ့တာဖြစ်တယ်လို့ ဇန်နဝါရီ ၉ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ပြန်ကြားရေးဝန်
ကြီးဌာန လက်အောက်က ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နဲ့ ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟို အဖွဲ့အစည်းအဝေး (၁/၂၀၁၃) မှာ ပြောဆို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
ညှို့ မဂ္ဂဇင်းဟာ အတွဲ (၁) အမှတ် (၁) ကို စတင်ထုတ်ဝေပြီး မကြာခင်မှာလည်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ ခေါ်ယူ အသိပေးမှုကို ခံခဲ့ရပါသေးတယ်။
ဒါ့အပြင် ဒီမဂ္ဂဇင်းရဲ့ အတွဲ (၁) အမှတ် (၁) မှာပဲ Miss Myanmar နန်းခင်ဇေယျာရဲ့ ဓာတ်ပုံကို အသိပေးခြင်းမပြုဘဲ သုံးစွဲခဲ့တာနဲ့ ပတ်သက်လို့ ပြည်တွင်းထုတ် ဂျာနယ်များနဲ့ နေ့စဉ်ထုတ် သတင်းစာတွေမှာပါ ပြန်လည် တောင်းပန်စာ ထည့်သွင်းခဲ့ရသေးတာပါ။
ဒါထက် ဒီမဂ္ဂဇင်းဟာ လိင်ပညာပေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ညှို့မဂ္ဂဇင်းကို စတင် ထုတ်ဝေပါတော့မယ်လို့ ကြော်ငြာစဉ် ကတည်းက ပြည်တွင်း ပရိသတ်တွေ၊ အင်တာနက် လူမှုကွန်ယက် facebook ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ဝေဖန်မှုပေါင်းများစွာနဲ့ နာမည်ကြီး ရေပန်စားခဲ့တာပါ။
အခုလို ထုတ်ဝေခွင့် ရုတ်သိမ်းခံရတာနဲ့ ပတ်သက်လို့ အယ်ဒီတာချုပ် ကိုဦးဆွေက “တခုတော့ ဖြေတွေးလို့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခုမှ လျှော့ပေးတဲ့ ကာလပဲ ဖြစ်သေးတာကိုး။ ဒီမိုကရေစီ ပြောင်းဖို့အတွက်မှ အခုမှ ဖြေလျှော့မှုတွေ ပြောင်းတဲ့ ကာလပဲ ရှိသေးတာဆိုတော့ နားလည်မှုပေးလို့ ရတာပေါ့။ ဒီမိုက ရေစီ စစ်စစ်ကြီး ရောက်သေးတာမှ မဟုတ်သေးတာ” လို့ ဧရာဝတီကို ပြောပါတယ်။
ဒီမဂ္ဂဇင်းကို ၂၀၁၂ နိုဝင်ဘာ ၂၇ ရက်နေ့ကစလို့ ပရိသတ်နဲ့ စတင်မိတ်ဆက်ပေးခဲ့တာပါ။
အခု လက်ရှိ ထုတ်ဝေပြီးသား ဖြစ်တဲ့ ညှို့မဂ္ဂဇင်း အတွဲ (၁) အမှတ် (၁) ရဲ့ အခြေအနေကို စုံစမ်းကြည့်တော့ “ရောင်း ကောင်းပါတယ်။ သူက ရောင်းအကောင်းဆုံး နံပါတ် ၁ ဝင်တယ်လေ။ ပေါက်တယ်” လို့ စမ်းချောင်းမြို့နယ်မှာ ရှိတဲ့
စိတ်ကူးသစ် စာပေ တာဝန်ရှိသူက ဆိုပါတယ်။
၃၂ လမ်း အထက်မှာရှိတဲ့ နေစေး စာပေကလည်း “အုပ် ၅၀၀ လောက်တင်တယ်။ အကုန်လုံး ရောင်းလိုက်ရပြီ။
လက်ကျန်မရှိတော့ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ၃၉ လမ်းထိပ်က အရုဏ်သစ်စာပေက တာဝန်ရှိသူကလည်း တင်သမျှ အကုန်ရောင်းရတယ်လို့ ဆိုပါတယ်။
ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နဲ့ ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟို အဖွဲ့ရဲ့ ဒီ ညှို့မဂ္ဂဇင်းနဲ့ ပတ်သက်လို့ ပြောကြားချက်မှာ “မဂ္ဂဇင်းထွက်ရှိပြီးနောက် စာပေလောကသား တချို့နဲ့ ပြည်သူလူထုအတွင်း လူကြီး၊ လူငယ်၊ လူလတ်အများစုက ထိုမဂ္ဂဇင်းတွင် ပါရှိသည့် ရေးသားဖော်ပြချက်များကို မနှစ်မြို့ကြောင်း ဖော်ပြသည့်အသံများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေကြောင်း” လို့ ဆိုထားပေမယ့်လည်း စာအုပ်ရောင်းအား အခြေအနေက အတော်လေး
ကောင်းနေလေတော့ ဒီမဂ္ဂဇင်းရဲ့ အမာခံ ပရိသတ်တွေ အတော်လေး များပါလားလို့ ဆိုရမလိုပါ။
စတင် ထုတ်ဝေဖို့ ကြော်ငြာကတည်းက အသံပေါင်းစုံ၊ ဝေဖန်မှုပေါင်းစုံ၊ ထုတ်ဝေလိုက်ပြန် တော့လည်း ပြသနာပေါင်းစုံနဲ့ ကြုံတွေ့ရတဲ့ ဒီ ညှို့မဂ္ဂဇင်းကို ဖက်ရှင်အသားပေးပုံစံနဲ့ ထပ်ထုတ်နိုင်ဖို့ ပြန်လည် ကြိုးစားပါဦးမယ် ဆိုပြန်တော့ သူရဲ့ အမာခံ ပရိသတ်တွေ၊ ဝေဖန်သူတွေ အတွက် မကြာမီလာမည် … လာချင်မှလည်း လာမည်လို့ မစပ်စုက ဆိုရမလားပဲ။