ပြောင်းလဲလာတဲ့ ခေတ်ရေစီးမှာ လူတွေ ခြောက်ခြားစရာ ဝေါဟာရတွေကလည်း အတော်များများ ပေါ်ပေါက် ခဲ့ကြတယ်။ အဲဒီအထဲမှာ ကိုလက်စထရော (Cholesterol) ဆိုတာကြီးလည်း ပါတာပေါ့။ ဘာမှန်း မသိရင်သာ နေမယ်၊ ကိုလက်စထရော တက်နေတယ် ဆိုရင် ကြောက်ကြတာပါပဲ။
အမှန်တော့ ကိုလက်စထရော ဆိုတာက အဆီနဲ့တူတဲ့ အရာဝတ္ထုပါ။ ခန္ဓာကိုယ်ထဲက ဆဲလ်တွေအတွက် လိုအပ်တဲ့ ပစ္စည်းတခုပေါ့။ ဒါပေမယ့် လိုအပ်တဲ့ ပမာဏထက် များနေရင်တော့ ဒုက္ခပေးတာပေါ့။ အဲဒီ ကိုလက်စထရောကို အဆီပရိုတင်း (Lipoprotein) တွေက ကိုယ်ထဲမှာ သယ်ဆောင် ပေးပါတယ်။ ကိုလက်စထရော ပမာဏကို ပြောကြတဲ့အခါ LDL (Low density lipoprotein), HDL (High density lipoprotein) နဲ့ Triglysride တွေကို တိုင်းတာတဲ့ သွေးထဲမှာ Lipid profile စစ်ဆေးကြပါတယ်။
ပုံမှန်အားဖြင့် ကိုလက်စထရော အားလုံးပမာဏ Total cholesterol 200mg/dl ၊ LDL 100mg/dl တွေထက် နည်းရပါတယ်။ ကောင်းတဲ့ ကိုလက်စထရော ဆိုတဲ့ HDL ကျတော့ အမျိုးသားမှာ 40mg/dl အမျိုးသမီးမှာ 50mg/dl ထက် များမှ ကောင်းပါတယ်။ Triglysride 150mg/dl ထက်နည်းနေမှ ပုံမှန်လို့ သတ်မှတ်ပါတယ်။ တိကျတဲ့ အဖြေဖြစ်ဖို့ သွေးမစစ်မီ ၉ နာရီကနေ ၁၂ နာရီကြာအောင် ရေကလွဲပြီး ဘာမှ မစားဘဲ စစ်ရပါတယ်။
အဲဒီ ကိုလက်စထရောနဲ့ ပတ်သက်တဲ့ ထွေရာလေးပါး အကြောင်းလေးတွေ ကြားဖူးနားဝ ဖြစ်အောင် ပြောပြမလားလို့ စိတ်ကူးမိတာပါ။ ကြာဖူးတာတွေ၊ လွဲနေတာလေးတွေ ရှိရင်လည်း ဗဟုသုတပေါ့။
ကိုလက်စထရောနဲ့ လိင်ကိစ္စ
ကိုလက်စထရောတွေ များနေရင် ဆီးစပ်ပိုင်းဆီ သွေးစီးဆင်းမှု နှေးကွေးသွားပါတယ်။ အဲဒါက အမျိုးသမီးရော၊ အမျိုးသားပါ လိင်ကိစ္စတွေမှာ စွမ်းဆောင်ရည် ကျဆင်းစေပါတယ်။ ကိုလက်စထရောက နှလုံးကနေ ဆီးစပ်ဆီသွားတဲ့ သွေးကြောတွေလည်း ကျဉ်းမြောင်းစေတာမို့ အမျိုးသားတွေမှာ ပန်းသေ ပန်းညှိုးတဲ့ လက္ခဏာတွေ ပေါ်လာ တတ်ပါတယ်။ ဒီကိစ္စဖြစ်လာရင် နှလုံးကျန်းမာရေးကို ထည့်သွင်း စဉ်းစားရပါတယ်။ ကျန်းမာရေးဆိုင်ရာ အမူအကျင့် ကောင်းတွေက ကိုလက်စထရော ကျပြီး လိင်ကိစ္စကို ပြန်အဆင်ပြေစေပါတယ်။ အထူးသဖြင့် ကိုယ်လက် လှုပ်ရှား လုပ်တာ၊ အစားအသောက်ကို မှန်ကန်အောင် ရွေးချယ်စားတာနဲ့ ကိုယ်အလေးချိန် မတက်အောင် ထိန်းသိမ်းထားတာ တွေပေါ့။
ကိုလက်စထရော တက်စေတဲ့ အထဲမှာ
ကြက်ဥမွှေကြော် တလုံးထက် အိုက်စ်ခရင်မ် တဇွန်းက ကိုလက်စထရော ပိုတက်စေပါတယ်။ အိုက်စ်ခရင်မ် တဇွန်းမှာ ပြည့်ဝအဆီ ၁၁ ဂရမ်လောက် ပါလို့ပါ။ အဲဒါက ကြက်ဥတလုံးထက် ပိုပါတယ်။ ပြည့်ဝဆီ များများစားလေ၊ ဆိုးတဲ့ ကိုလက်စထရော တက်လေလေပေါ့။ ကိုလက်စထရော မတက်အောင် ကိုလက်စထရော ပါတဲ့ အစာတွေ တနေ့မှာ ၃၀၀ မီလီဂရမ် အများဆုံး စားသင့်ပါတယ်။ ကြက်ဥ တလုံးမှာ ကိုလက်စထရော ၁၇၀ မီလီဂရမ် ပါဝင်တာ မှတ်သားသင့်ပါတယ်။
ပိန်နေရင် ကိုလက်စထရောအတွက် စိတ်ပူစရာမလိုဘူးလား
ပိန်ပါးပြီး ကျန်းမာနေလို့ စိတ်ပူစရာမရှိဘူး မထင်ပါနဲ့။ ကိုယ်စားတာတွေက ကိုယ့်ကို ဒုက္ခပေးပါလိမ့်မယ်။ အသက် ၂၀ ကျော် ကတည်းက ကိုလက်စထရော စစ်ဆေးတာ လုပ်ကြည့်သင့်တယ်လို့တောင် ဆိုပါတယ်။ ကိုယ့်မိသားစုမှာ နှလုံးသွေးကြော ရောဂါသည်တွေ ရှိနေရင် ကိုလက်စထရောကို ပိုပြီး ဂရုစိုက်ရပါလိမ့်မယ်။
LDL ကို ဆိုးတဲ့ကိုလက်စထရောလို့ဘာကြောင့်ခေါ်သလဲ
သွေးကြောတွေထဲမှာ LDL တွေ များနေရင် သွေးကြောနံရံတွေမှာ ချိုးကပ်လာပါတယ်။ အဲဒါက သွေးကြောကျဉ်းပြီး မာလာပါတယ်။ သွေးကြောထဲ သွေးခဲ ပိတ်တာမျိုးဖြစ်ပြီး နှလုံးတိုက်ခိုက်ခံရတာ၊ လေဖြတ်တာတွေ ဖြစ်လာစေပါတယ်။ အထူးသဖြင့် LDL 190mg/dl ကျော်ရင်တော့ နှလုံးရောဂါဖြစ်ဖို့ စိုးရိမ်ရတဲ့ အနေအထားပါ။ ကိုလက်စထရော ကျဆင်းအောင် လုပ်တာက နှလုံးရောဂါတွေ ဖြစ်နိုင်ချေ လျော့ကျစေတဲ့ ဗျူဟာ တခုလို့ ဆိုလာကြပါပြီ။
HDL ကို ဘာကြောင့် ကောင်းတယ် ပြောသလဲ
HDL က ဆိုးတဲ့ ကိုလက်စထရောတွေ ဖယ်ရှားပေးတဲ့ စွမ်းအင်ရှိပါတယ်။ သွေးကြောတွေကို သန့်ရှင်းရေး လုပ်ပေး တာပေါ့။ သူက ပိုလျှံနေတဲ့ ဆိုးတဲ့ ကိုလက်စထရောတွေကို အသည်းဆီ သယ်ဆောင်ပြီး ဖယ်ရှားစေတာမို့ သွေးကြော တွေထဲမှာ သွေးခဲမပိတ်ဆို့အောင် ကာကွယ်ပါတယ်။ 60mg/dl အထက်မှာ ထိန်းထားနိုင်ရင် နှလုံးရောဂါတွေ ကာကွယ်ရာ ရောက်ပါသတဲ့။
အမျိုးသားတွေက ကိုလက်စထရော အန္တရာယ် ပိုစောပြီး ခံရတယ်
ဟော်မုန်းက အဓိကပါ။ အမျိုးသမီးဟော်မုန်း ခေါ်တဲ့ အီစထရိုဂျင်က ဆိုးတဲ့ ကိုလက်စထရောတွေ လျော့ကျစေပြီး ကောင်းတဲ့ ကိုလက်စထရောတွေ မြင့်တက် စေနိုင်ပါတယ်။ သွေးမဆုံးသေးသရွေ့ အဲဒီ ဟော်မုန်းပမာဏ များနေတာမို့ အမျိုးသားတွေက အသက်ငယ်ငယ်နဲ့ ကိုလက်စထရောဒဏ် ပို ခံရတာပါ။ အမျိုးသမီးတွေလည်း သွေးဆုံးပြီးရင် ဖြစ်စေ၊ သွေးမဆုံးခင် မှာကိုဘဲ အစားအသောက် သောင်းကျန်းပြီး ကိုလက်စထရော များတာတွေ စားတဲ့ အကျင့် ရှိနေရင်တော့ ကိုလက်စထရော ဒုက္ခ ခံစားရတာပါပဲ။
ကိုလက်စထရော ထိန်းကျောင်းဖို့
အကောင်းဆုံး ကိုလက်စထရော ထိန်းနည်းကတော့ နေထိုင်မှုပုံစံ ပြောင်းတာပါ။ ပြည့်ဝဆီခေါ်တဲ့ တိရစ္ဆာန်က ရတဲ့အဆီတွေ၊ စားအုန်းဆီတွေ ရှောင်တာ၊ အသွင်ပြောင်းဆီ ခေါ်တဲ့ အကြော်ဆီတွေ ရှောင်တာ၊ ကိုယ်လက် လှုပ်ရှားလုပ်၊ ကိုယ်အလေးချိန် မတက်အောင် နေထိုင်တာတွေက အကောင်းဆုံး နည်းတွေပါ။ ဆေးလိပ် ဖြတ်တာကလည်း ကောင်းတဲ့ ကိုလက်စထရောတွေ တက်လာစေပြီး နှလုံးကိုဝန်ပိမှု သက်သာစေတယ်လို့ ဆိုပါတယ်။
ကိုလက်စထရော ဆိုင်ရာ သိစေချင်တာလေးတွေ နည်းနည်း ကျန်နေသေးတာမို့ နောက်တပတ် ဆက်ကြပါဦးစို့။