မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခွင့်ရထားတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးမှာ လူအများစု စိတ်ဝင်တစား စောင့်ကြည့်နေကြတာကတော့ ဘောလုံးပွဲဖြစ်ပါတယ်။
ဘောလုံးပြိုင်ပွဲမှာ မြန်မာ့အမျိုးသား လက်ရွေးစင်အသင်းနဲ့ အမျိုးသမီးလက်ရွေးစင်အသင်းတွေက ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ဘယ်အသင်းကနေ ရွှေတံဆိပ်ယူပေးနိုင်မလဲဆိုတာ ပရိတ်သတ်တွေက ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြပြီဖြစ်ပါတယ်။
မြန်မာအမျိုးသားလက်ရွေးစင်အသင်းကတော့ အုပ်စု (ခ) မှာ ကမ္ဘောဒီးယား၊ တီမော၊ အင်ဒိုနီးရှား၊ ထိုင်း တို့နဲ့ တအုပ်စုထဲ ကျနေပြီး ပထမဆုံး ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၇ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးမှာ စတင်ယှဉ်ပြိုင် ကစားကြ တော့မှာဖြစ်ပါတယ်။
မြန်မာအသင်းအနေနဲ့ အိမ်ရှင်အားသာချက်တခုသာရှိပြီး အုပ်စုတွင်းပြိုင်ဘက်တွေထဲမှာ ထိုင်းနဲ့အင်ဒိုအသင်းတွေနဲ့ တွေ့ရင် ရုန်းကန်ရမှာဖြစ်ပေမယ့် ရှေ့ပိုင်းမှာ ကစားရမယ့် ကမ္ဘောဒီးယားနဲ့ တီမောပွဲစဉ်တွေကို လျှော့မတွက်ဘဲ အမှတ်ပြည့် ရယူ ထားနိုင်ဖို့ လိုတယ်လို့ ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောပါတယ်။
“အမျိုးသားအသင်းကတော့ အစကောင်းမှ အနှောင်းသေချာမှာဆိုတော့ ပထမပွဲတွေဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ တီမောပွဲကို အနိုင်ကစားထားဖို့လိုတယ်၊ အဲဒီနှစ်ပွဲမှာ ရှုံးတာတို့၊ သရေကျတာတို့ဆိုရင် ကျန်တဲ့ပွဲတွေမှာ ခက်သွားမယ်” လို့ ဦးခင်မောင်ထွေး (ပျဉ်းမနား) ကဧရာဝတီကိုပြောပါတယ်။
အုပ်စု (က) မှာတော့ လက်ရှိ ဆီးဂိမ်း ဘောလုံးချန်ပီယံ မလေးရှား၊ ၂၀၁၁ ဆီးဂိမ်း ဘောလုံး ပြိုင်ပွဲ စတုတ္ထရ ဗီယက်နမ်၊ စင်ကာပူ၊ လာအိုနှင့် ဘရူနိုင်း နိုင်ငံတို့ပါဝင်ပါတယ်။ ဒီအုပ်စုကတော့ အုပ်စု (ခ) ထက် ပိုပြီးတော့ ပွဲကြပ်တယ်လို့ ပြောလို့ရပါတယ်။
လက်ရှိပြိုင်ပွဲဝင်မယ့် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းကို ဆီးဂိမ်းချန်ပီယံဖြစ်ရေးအတွက် တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ သွားရောက် လေ့ကျင့်ထားသလို၊ ပြည်တွင်းမှာလည်း အသင်းတော်တော်များများနဲ့ေြ ခစမ်းထားတဲ့ အတွက်ကြောင့် ရွှေတံဆိပ်ဆု ရယူပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ် (MFF) ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးက ပြောပါတယ်။
“ကျနော်တို့ ရွှေယူနိုင်မယ်လို့ ယုံကြည်ပါတယ်၊ ကိုရီးယားရော၊ ဂျပန်ရောမှာ သွားလေ့ကျင့်ထားသလို တခြားခြေစမ်းပွွဲတွေလည်း အများကြီးကစားထားတယ်၊ဘောလုံးသမားတွေကလည်း ယုံကြည်မှုအပြည့်ရှိနေကြပါတယ်” လို့ ဦးစိုးမိုးက ဧရာဝတီကို ပြောပါတယ်။
လက်ရှိဆီးဂိမ်း ဘောလုံးပြိုင်ပွဲမှာတော့ အမျိုးသား အသင်းထက် အမျိုးသမီးအသင်းဟာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ဖို့ ပိုပြီး အလားအလာကောင်းတယ်လို့ အားကစား ကလောင်ရှင်တွေနဲ့ ဝါသနာရှင်တွေကတော့ ခန့်မှန်းပြောဆိုကြပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု (က) မှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့နဲ့ အတူကျပြီး ပထမဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဖိလစ်ပိုင် အသင်းနဲ့ မန္တလေးမှာ စတင်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အမျိုးသမီး အသင်းရဲ့ အုပ်စု (ခ) မှာတော့ ထိုင်း၊ လာအိုမလေးရှားတို့ ဖြစ်ပါတယ်။
ဖိလစ်ပိုင် အမျိုးသမီး အသင်းနဲ့ မြန်မာအမျိုးသမီးအသင်းတို့ဟာ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၂ ပွဲမှာ မြန်မာအမျိုးသမီးအသင်းက ၂ ကြိမ်လုံး ဂိုးပြတ်နဲ့ အနိုင်ရရှိထားပါတယ်။
မြန်မာ အမျိုးသမီး အသင်းအနေနဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ဖို့အတွက်မန္တလေးမှာ အဆင်သင့် စောင့်ဆိုင်းနေပြီဖြစ်တယ်လို့ မြန်မာအမျိုးသမီးအသင်းကို ဦးဆောင်ပေးနေတဲ့ ဒေါ်မြတ်မြတ်ဦးက ဧရာဝတီကို ပြောပါတယ်။
“အခု ကျမတို့က တနှစ်လုံး ကျက်ထားတဲ့ စာတွေကို ဖြေဖို့အတွက်၊ စာမေးပွဲဖြေရမယ့်ရက်ကိုစောင့်နေတာပေါ့၊ ကျမတို့က ဘယ်အသင်းကိုမှ လျှော့တွက်မှာ မဟုတ်ပါဘူး၊ အသင်းတိုင်းကို ဖိုင်နယ်မှာကစားသလို ရေကုန်ရေခန်းကစားပြီး ရွှေရအောင် ကျိုးစားသွားမှာပါ” လို့ ဒေါ်မြတ်မြတ်ဦးက ပြောပါတယ်။
မြန်မာ အမျိုးသမီး လက်ရွေးစင် အသင်းဟာ အမျိုးသား လက်ရွေးစင်အသင်းထက် အောင်မြင်မှုတွေရရှိထားတဲ့ အသင်းဖြစ်ပြီး အာရှခြေစစ်ပွဲကို အောင်မြင်ထားသလို ကမ္ဘာ့ဖလား ခြေစစ်ပွဲကိုလည်း စီစဉ်ထားတဲ့ အသင်းလည်းဖြစ်ပါတယ်။
“ဆီးဂိမ်းမှာ အမျိုးသား အသင်းထက် အမျိုးသမီးအသင်းက ရွှေတံဆိပ်ကို ဆွတ်ခူးပေးဖို့ ပိုပြီး အလားအလာကောင်းတယ်၊ သူက အရှေ့တောင်အာရှမှာရော၊ အာရှအဆင့်မှာပါ အောင်မြင်မှုရထားတဲ့ အသင်းဖြစ်တာလည်း ပါတယ်၊ အမျိုးသားအသင်းကတော့ ပိုပြီး ခက်ခဲလိမ့်မယ်၊ အသင်းတိုင်းကို ခက်ခက်ခဲခဲရုန်းကန်ရလိမ့်မယ်” လို့ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောပါတယ်။
အရှေ့တောင် အာရှ နိုင်ငံများထဲမှာတော့ အမျိုးသမီးဘောလုံးအသင်းအနေနဲ့ နိုင်ငံအလိုက် အောင်မြင်တဲ့ အသင်းတွေဟာ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။