မြန်မာနိုင်ငံတွင် အများပိုင်ကုမ္ပဏီအနေဖြင့် ထုတ်လုပ်မှု အကြီးဆုံး သကြားစက်ရုံကို စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နှင့် ၁၂ မိုင်အကွာရှိ စကားကုန်း ကျေးရွာတွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါသကြားစက်ရုံကို မြေဧက ၁၀၀ ပေါ်တွင် တည်ဆောက်သွားမည် ဖြစ်ပြီး အများပိုင် ကုမ္ပဏီအဖြစ် ရှယ်ယာများ ခေါ်ယူ သွားမည် ဖြစ်ကြောင်း မြန်မာ့ သကြားဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက် (MSD) မှအုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းဌေးက ယမန်နေ့က ကျင်းပသည့် ယင်းသကြားစက်ရုံနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ယင်းသကြားစက်ရုံသည် တစ်နေ့လျှင် ကြိတ်ဝါးနိုင်သည့် ကြံတန်ချိန် ၄၀၀၀ မှ ၆၀၀၀ အထိ ရှိပြီး ထုတ်လုပ်သည့် သကြားများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိ သကြားထုတ်လုပ်သည့် စက်ရုံ ၂၀ ကျော်ရှိသည်။
လက်ရှိ သကြားစက်ရုံ ၂၀ ကျော်ရှိသည့်အနက် သန့်စင်သကြားနှင့် သကြားကြမ်း ထုတ်လုပ်နိုင်သော စက်ရုံမှာ ၂ ရုံသာ ရှိသေးကြောင်း၊ ကျန်စက်ရုံများမှာ သကြားဖြူကိုသာ ထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း လိုအပ်ချက်များကိုသာ ဖြည့်စွမ်းနေနိုင်ပြီး နည်းပညာအားနည်းချက်များကြောင့် ပြည်ပ ဈေးကွက် ဝင်နိုင်ခြင်းမရှိသေးကြောင်း ဦးဝင်းဌေးက ရှင်းပြသည်။
“နိုင်ငံခြား ဈေးကွက်ကို ထိုးဖောက်ဖို့ အတွက်က သကြားအဆင့်တန်းကိုလည်း အရည်သွေးမြှင့်ဖို့ လိုတယ်။ ထုတ်လုပ်တဲ့ နည်းစနစ်တွေ ပြောင်းလဲဖို့လိုတယ်” ဟု သူက ဆက်ပြောသည်။
လက်ရှိ မြန်မာနိုင်ငံရှိ သကြားစက်ရုံများသည် ဆာလ်ဖာအသုံးပြုသည့် နည်းစနစ်ကိုသာ အသုံးပြုနေနိုင်သေးကြောင်း၊ ယခု ဆောက်လုပ်မည့် စက်ရုံတွင် နိုင်ငံ တကာ ဈေးကွက် ဝင်နိုင်မည့် ကာဘွန်နည်းစနစ်ကို အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
“သကြားချက်လုပ်တဲ့ ဆာလ်ဖာများလေ စားသုံးသူအတွက် ကျန်းမာရေး ထိခိုက်လေပဲ။ မြန်မာနိုင်ငံမှာ စားသုံးသူ ကာကွယ်ရေး ဥပဒေ မရှိသေးတဲ့အတွက် ဒီကိစ္စတွေကို သိပ်ပြီး အလေးမထားကြဘူး။ နိုင်ငံတကာမှာတော့ အဲဒီလို လုပ်လို့ မရဘူး” ဟု ဦးဝင်းဌေးက ပြောသည်။
ကြံတတန်လျှင် ကျပ် ၃ သောင်း အထိ ဈေးရှိလာသောကြောင့် ကြံစိုက်ဧကများ တိုးလာကြောင်း၊ သကြားထုတ်လုပ်မှု မြင့်တက်လာကာ ပြည်တွင်းစားသုံးသူများအတွက် သကြားဈေး တည်ငြိမ်နေကြောင်း ၎င်းက ဆိုသည်။
“ပိုလျှံသကြားကို နိုင်ငံခြား တင်ပို့နိုင်ရမယ်။ ဒါမှလည်း ကြံတောင်သူတွေ ဈေးကောင်းကောင်း ရမယ်။ အဲဒီ အချက်တွေကို မူတည်ပြီး ဒီစက်ရုံကြီးကို တည်ဆောက်တာပါ” ဟု ဦးဝင်းဌေးက ပြောသည်။
မြန်မာနိုင်ငံ၏ သကြားထုတ်လုပ်မှု အပိုင်းအနေဖြင့် ကာဗွန်နည်းစနစ်ဖြင့် ထုတ်လုပ်သော စက်ရုံမှာ ၂ ရုံသာ ရှိကြောင်း၊ ၎င်းတို့မှာ နဝဒေးစက်ရုံနှင့် ကန့်ဘလူ စက်ရုံတို့ ဖြစ်ကြောင်း၊ သို့သော်လည်း ယင်းစက်ရုံများသည် အများဆုံး တနေ့လျှင် ကြံတန်ချိန် ၂၅၀၀ ခန့်သာ ကြိတ်ဝါးနိုင်ကြောင်း သိရသည်။
ကြံတန်ချိန်အများဆုံး ကြိတ်ဝါးမည့် သကြားစက်ရုံသစ်ကြီးမှာ ကြိတ်ဝါးသည့် ကြံတန်ချိန်ပေါ် မူတည်ပြီး ၁၀ ရာခိုင်နှုန်း ထွက်ရှိမည် ဖြစ်ရာ တနေ့လျှင် ကြံတန်ချိန် ၄၀၀၀ ကြိတ်ဝါးမည် ဆိုပါက သကြားတန်ချိန် ၄၀၀ ထွက်ရှိမည် ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံ၏ သကြားဈေးကွက်တွင် ဝယ်လိုအားနည်းနေပြီး ဈေးကွက်အတွင်း သကြားများ ပိုလျှံလျှက် ရှိနေသော်လည်း နိုင်ငံခြားသို့ တင်ပို့ရန် နည်းပညာနှင့် အရည်သွေး အားနည်းချက် များကြောင့် တင်ပို့နိုင်ခြင်း မရှိသေးပေ။
“ပြည်တွင်းမှာ သကြားတွေက ပိုလျှံမှုတွေတောင် ဖြစ်နေတာ။ ပြည်တွင်းဈေးကွက်မှာတင် မကုန်နိုင်သေးဘူး။ နိုင်ငံတကာ ဈေးကွက် ထိုးဖောက်ဖို့ဆိုတာ နှစ်တွေ အများကြီး ကြိုးစားဖို့ လိုပါသေးတယ်။ ဈေးနှုန်းအရကော၊ နည်းပညာအရပါ လုပ်ဆောင်ဖို့ အများကြီး လိုအပ်ပါသေးတယ်” ဟု ပြည်စိုးဟိန်း ပေါင်းသကြားစက်ရုံပိုင်ရှင် ဦးလှိုင်ဝဏ္ဏက ပြောသည်။
ပြည်တွင်းဈေးကွက်တွင် သကြား လက်ရှိပေါက်ဈေး တပိဿာလျှင် အညံ့စား ကျပ် ၉၀၀ မှ အကောင်းစား ကျပ် ၉၅၀ အထိ ရှိသည်။
သကြားထုတ်လုပ်ရန် အတွက် အဓိကလိုအပ်ချက်မှာ ကြံစိုက်ဧက တိုးပွားရန်ဖြစ်သော်လည်း လက်ရှိအခြေနေအရ ကြံစိုက်တောင်သူများမှာ အရှုံးနှင့် ရင်ဆိုင်နေရသည့်အတွက် ကုန်ကြမ်းများ ရှားပါးလျှက်ရှိကြောင်း သိရသည်။
“ကြံက တနှစ်မှ တသီးပဲ စားရတာ။ ကြံစိုက်တောင်သူတွေအနေနဲ့ သူနဲ့ပြိုင်ဘက် သီးနှံတွေ ရှိတဲ့အခါ ကြံကို ဆက်မစိုက် တော့ဘဲ ဈေးကောင်းတဲ့ ပြိုင်ဘက်သီးနှံတွေဘက်ကိုပဲ စိုက်ကြတော့တယ်။ တနှစ်မှာ သုံးသီးစား ဆိုတာမျိုးတွေဘက်ကို လှည့်ကုန်ကြပြီ။ အဲဒီအခါကြတော့ ကြံစိုက်မယ့်လူ မရှိဘဲ ကုန်ကြမ်းရှားကုန်တယ်။ ကုန်ကြမ်းရှားတော့ သကြား ထုတ်လုပ် မှုလည်း လျော့တယ်။ ကြံတောင်သူတွေကို ဈေးပိုပေးရအောင် ကျတော့လည်း သကြားဈေးကွက်က ပျက်နေတော့ ခက်တယ်” ဟု ကြံတောင်သူ ဦးဝင်းဝင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကြံ ၁ ဧကလျှင် ပျမ်းမျှ ကြံတန်ချိန် ၂၀ ထွက်ပြီး နိုင်ငံတကာတွင်မူ ကြံ ၁ ဧကလျှင် တန်ချိန် ၄၀ ခန့် ထွက်ရှိကြောင်း၊ ထို့အပြင် ကြံစိုက်ပျိုးသူများကို သကြားထုတ်လုပ်သည့် စက်ရုံများက အာမခံ ဈေးနှုန်းနှင့် ဝယ်ယူကြကြောင်း သိရသည်။
နိုင်ငံတကာ သကြားဈေးကွက်တွင် အရည်အသွေး အကောင်းဆုံးနှင့် ရောင်းချမှု အားအကောင်းဆုံးမှာ ဘရာဇီးလ် နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံမှာ ဒုတိယနေရာတွင် ရှိနေသည်။