ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဗဟိုလုပ်မှုဆောင် ဦးအောင်သိန်းလင်းက တရုတ်နိုင်ငံထုတ် Southern Weekend China သတင်းစာ အနေဖြင့် ၎င်း၏ ဖြေဆိုမှုကို ဘာသာပြန် လွဲမှားဖော်ပြခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မိခင်ပါတီအနေဖြင့် အပြစ်ပေးပါက ခံယူသွားမည်ဟု ပြောဆိုလိုက်ကြောင်း သိရသည်။
ဦးအောင်သိန်းလင်း တရုတ် သတင်းစာကို ဖြေကြားမှု အပေါ် ပြည်တွင်း ဂျာနယ်တချို့နှင့် လူမှုကွန်ရက် Facebook စာမျက်နှာ များတွင် ဖော်ပြဆွေးနွေး ခဲ့ကြပြီး လူအများ၏ ဝေဖန်မှု ခံခဲ့ရသည်။ ယင်းသို့ ပြောဆိုခြင်းနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်တို့က ဦးအောင်သိန်းလင်းကို မေးမြန်းခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
“အဲဒီတုန်းက UN (ကုလသမဂ္ဂ) ကနေပြီးတော့ မျက်စိခွဲတဲ့ အဖွဲ့တဖွဲ့ လာတော့ သတင်းထောက်တွေ ပါလာတော့ အလွတ် သဘော ပြောလိုက်တယ်လို့ ပြောတယ်။ သူက မြန်မာလို ပြန်ဖြေတာကို ဘာသာပြန် လွဲတယ်လို့လည်း ပြောတယ်။ တချို့ဥစ္စာတွေ ရူးတယ်တို့၊ ဘာတို့ ပါတာပေါ့။ သူလည်း ဘာတွေပြောလိုက်မှန်း သေချာ မမှတ်မိဘူးတဲ့။ သူကတော့ပြောပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်လို့ သူ့မှာတာဝန် ရှိတယ်ဆိုလို့ရှိရင် အရေးယူပါလို့ ပြောပါတယ်” ဟု ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။
ကုလသမဂ္ဂနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် တို့ကို မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်နှောက်ယှက်သူများ ဖြစ်သဖြင့် အယုံအကြည် မရှိကြောင်း ဦးအောင်သိန်းလင်းက Southern Weekend China သတင်းစာသို့ သူ၏အမြင်ကို ပြောဆိုခဲ့သည်။
ထို့အတူ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်အရှိန်အဝါဖြင့် ကျော်ကြားနေသူဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ထောက်ခံသူများသည်လည်း အရူးများသာဖြစ်ကြောင်း ပုတ်ခတ်ပြောဆိုခဲ့ပြီး အများတောင်းဆိုမှုကြောင့် သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ရပ်ဆိုင်းထားသော မြစ်ဆုံဆည် စီမံကိန်းကြီးကို မဖြစ်မနေ ပြန်စရန်လိုကြောင်းလည်း ဖော်ပြထားသည်ဟု သိရသည်။
Southern Weekend China သတင်းစာအား ပြောဆို ဖြေကြားထားမှုများကို ပါတီအနေဖြင့် ရှာဖွေဖတ်ရှုခဲ့ကြောင်း၊ အင်္ဂလိပ်ဘာသာဖြင့် တွေ့ရှိရသကဲ့သို့ မြန်မာစာ ဘာသာပြန်များကိုလည်း ဖတ်ရှုခဲ့ကြောင်း၊ ယင်းသို့ ဦးအောင်သိန်းလင်း၏ ဖြေကြားထားမှုများသည် ကြံ့ခိုင်ရေးပါတီ၏ သဘောထားများ မဟုတ်ကြောင်း ယင်းပါတီက ပြောဆိုသည်။
“ကျိန်းသေတာကတော့ ကျနော်တို့ ပါတီကနေပြီးတော့၊ ဆုံးဖြတ်ပြီးတော့မှ ဒီတိုင်းပြောမယ်၊ ဒီတိုင်းလုပ်ဆိုတဲ့ ဥစ္စာမျိုးတော့ မဟုတ်ပါဘူး။ ကျနော်တို့လည်း မသိလိုက်ဘူး။ သူကိုယ်တိုင်လည်း ဘာပြောတယ်ဆိုတာတောင် သေချာမသိလိုက်ဘူး” ဟု ဦးဌေးဦးက ပြောသည်။
သို့ရာတွင် ဦးအောင်သိန်းလင်း၏ ပြောဆိုချက်သည် ပုဂ္ဂလိက လွတ်လပ်စွာ ပြောဆိုခြင်းဖြစ်သောကြောင့် ပါတီအနေဖြင့်လည်း အပြစ်ပေး အရေးယူသွားစရာ မလိုအပ်ကြောင်း ဦးဌေးဦးက “သူ့ပြောဆိုမှုကြောင့် ပါတီ ဂုဏ်သိက္ခာ မထိခိုက်နိုင်ပါဘူး၊ ဒီတိုင်းပဲ လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်” ဟု ဆိုသည်။
ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များထဲတွင် ဦးအောင်သိန်းလင်း၊ ဦးအောင်သောင်းနှင့် ဦးကျော်ဆန်းတို့မှာ နိုင်ငံတော် ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းတွင် သဘောထားတင်းမာသူများဟု သတင်းများ ထွက်နေသော်လည်း ပါတီခေါင်းဆောင်များ အကြား စည်းလုံး ညီညွှတ်မှုရှိနေကြောင်း ဦးဌေးဦးက ထပ်လောင်းပြောဆိုခဲ့သည်။
သတင်းစာများနှင့် အမေးအဖြေ ပြုလုပ်ပြီးနောက် ဦးအောင်သိန်းလင်းကဲ့သို့ ၎င်းတို့ မပြောကြောင်း ငြင်းဆိုခဲ့သူများလည်း ရှိခဲ့သည်။
၂၀၀၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ကြီး ခင်ညွှန့် ဦးဆောင်သော ထောက်လှမ်းရေးအဖွဲ့က ကယ်ဆယ်လိုက်သည်ဆိုသော သတင်းကို ယခုနှစ် ဧပြီလက ဘန်ကောက်ပိုစ့် သတင်းစာတွင် ဖော်ပြခဲ့သည်။
သို့သော်လည်း ရက်ပိုင်းအတွင်းတွင် ဘန်ကောက်ပို့စ် သတင်းစာပါ ဖော်ပြချက်မှာ မမှန်ကန်ကြောင်း ရဲသတင်းတပ်ဖွဲ့နှင့် ဦးခင်ညွန့်၏ တပည့်တို့က ငြင်းဆိုလိုက်သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်။
ထို့အတူ ယခုနှစ် မတ်လတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှှိုင်က ၎င်း၏ ဝန်ကြီးဌာန ဘတ်ဂျက်ငွေများကို ဖြတ်တောက်မှုနှင့် ပတ်သက်၍ “လွှတ်တော် ကိုယ်စားလှယ်ဆိုပြီး ၁၀ တန်း မအောင်ဘဲ လာထိုင်နေတယ်။ သူများက ထိုင်ဆိုထိုင်၊ ထဆိုထ၊ ခလုတ်နှိပ်ဆို နှိပ်၊ ဘာမှ မသိ၊ ဘာမှ နားမလည်၊ ရမ်းပြီး လုပ်တာ” ဟု Hot News ဂျာနယ်သို့ ပြောကြားခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်များက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။
ထို့ကဲ့သို့ ဝေဖန်ပြောဆိုခြင်းကို လွှတ်တော်ကိုယ်စားလှယ်များက တရားဝင် တောင်းပန်ရန် ပြောဆိုခဲ့ကြပြီးနောက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ဖြေဆိုခဲ့ခြင်းသည် ကိုယ်စားလှယ်တော်များကို နစ်နာစေလို၍ မဟုတ်ကြောင်း၊ ကောင်းစေလိုသည့်အတွက် စေတနာဖြင့် ပြောဆိုခြင်းသာ ဖြစ်ကြောင်း၊ အင်တာဗျူးလုပ်သူနှင့် မိမိတို့သည်လည်း မိဘနှင့်သားသမီးကဲ့သို့ ရင်းနှီးသည့်သဘောဖြင့် ပြောဆိုခြင်းဟု ဦးမြင့်လှှိုင်က ပြန်လည်ရှင်းလင်းခဲ့သည်။