ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို စခန်း ၁၁ ခုဖွင့်လှစ်ပြီး ယာယီနိုင်ငံကူးလက်မှတ် အမြန်ဆုံး ထုတ်ပေးနိုင်ရန် စီစဉ်နေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးက တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။
ယင်းလုပ်ငန်းစဉ်အတွက် ထိုင်းနိုင်ငံအတွင်းရှိ စမွတ်ပရာကန်၊ စမွတ်စခွန်၊ စူရတ်ဌာနီ၊ ပထုံသနီ၊ ရရောင်၊ ကန်ချနဘူရီ၊ ခွန်ခမ်၊ ချင်းမိုင်၊ ချင်းရိုင်၊ တာ့ခ်၊ ရနောင်း စသည့်မြို့များ၌ စခန်းများ ယခုလ ၁၅ ရက်နေ့မှ စတင် ဖွင့်လှစ်ပြီး လုပ်ဆောင်ပေးမည်ဟု ကြေ ညာချက်တွင် ပါရှိသည်။
သို့သော် ထိုင်းအစိုးရဘက်မှ အချက်အလက်များ ပို့ဆောင်မှုနောက်ကျသည့်အတွက် ၁၈ ရက်နေ့မှ စတင်၍ ၃ လအတွင်း လုပ်ဆောင် မည်ဖြစ်ကြောင်း လက်မှတ်ထုတ်ပေးမည့် စခန်းများတွင် မြန်မာအစိုးရဘက်မှ တာဝန်ရှိ အရာထမ်း၊ အမှုထမ်း များ အဆင်သင့် ရောက်ရှိနေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေး လုပ်ငန်းစဉ် ဆိုင်ရာ အဖွဲ့ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်း က ပြောသည်။
“ထိုင်း အလုပ်သမား ဝန်ကြီးဌာနကိုတော့ မြို့နယ်အသီးသီးက ပို့ထားတဲ့ စာရွက်စာတမ်းတွေ ရောက်နေပြီ၊ သူတို့က ဒီနေ့မြန်မာ သံရုံးကို ပို့မယ်ဆိုပေမယ့်လည်း သူတို့ဘက်က စာရင်း၊ ဇယားတွေအချိန်မမီသေးတော့ တနင်္လာနေ့မနက်မှာတော့ စပို့မယ်တဲ့ ခင်ဗျ၊ အခုလက်ရှိ Center(စခန်း)တွေမှာ ကျနော်တို့ မြန်မာဝန်ထမ်းတွေ ရောက်နေပြီခင်ဗျ”ဟု ဦးနိုင်ထွန်း က ဧရာဝတီသို့ ပြောသည်။
လုပ်ငန်းစဉ်အရ အလုပ်ရှင်များအနေဖြင့် ၎င်းအလုပ်သမားအတွက် လုပ်ငန်းနှင့် ထောက်ခံချက်တို့ကို သက်ဆိုင်ရာ နယ်မြေဒေသရှိ အလုပ်သမားရုံးများမှတဆင့်၊ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ရုံးချုပ်သို့ တင်ပြရမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးသို့ ပေးပို့ စိစစ်မှုပြုလုပ်ပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနသို့ တဖန် ပြန်လည်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ထိုင်းလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များနှင့် လိုအပ်သည့်ညှိနှိုင်းမှုများ ပြုလုပ်၍ သက်ဆိုင်ရာ စခန်း ၁၁ ခုသို့ One-Stop-Service ပြုလုပ်ပေးရန် ပေးပို့ရမည်ဖြစ်ကြောင်း သံရုံးထုတ်ပြန်ချက်တွင် ပါရှိသည်။
“အားလုံးနေ့ချင်းပြီး လုပ်ပေးဖို့အတွက် ကျနော်တို့ စီစဉ်ထားပါတယ်၊ ဒါပေမယ့် လူအရေအတွက် များလာရင်တော့ ကျနော်တို့ အတွက် အခက်အခဲတွေ ရှိလာနိုင်တယ်ပေါ့နော်၊ အဲဒီအတွက် ကျနော်တို့ကလည်း အစည်းအဝေး မစခင်ကတည်းက စခန်းတွေ၊ လူအင်အားတွေ၊ စက်ကိရိယာတွေ ထပ်တိုးဖို့လိုတယ်ဆိုရင်လည်း ကျနော်တို့က တက်လာတဲ့ လူအင်အားအပေါ် အမြန်းဆုံး ဖြည့် ဆည်းပေးဖို့ အရန်တွေ ထားထားပါတယ်ခင်ဗျ”ဟု ဦးနိုင်ထွန်း က ပြောသည်။
လုပ်ငန်းစဉ်အတွက် မြန်မာအစိုးရအနေဖြင့် နိုင်ငံကူးလက်မှတ်နှင့် အလုပ်သမားကတ်အတွက် ဘတ်ငွေ ၅၅၀ ကောက်ခံမည် ဖြစ်ပြီး ထိုင်းအစိုးရဘက်က Work permit(အလုပ်လုပ်ခွင့်) ကြေး၊ Visa ကြေး၊ ဆေးစစ်ခနှင့် အသက်အာမခံကြေးများ အတွက် ဘတ် ၄၃၀၀ ကျော် ကောက်ခံမည်ဖြစ်ကြောင်း၊ စာရွက်စာတမ်းကြေးများ အပါအဝင် စုစုပေါင်း ဘတ် ၅၀၀၀ ကျော် ကုန်ကျနိုင်ကြောင်း လည်း သူက ဆက်ပြောသည်။
ယခင်က ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးများကို ထိုင်း-မြန်မာ နယ်စပ် မြို့များ၌သာ လုပ်ဆောင်ပေးသည့် အတွက် ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားများအနေဖြင့် ခရီးစရိတ်၊ ပွဲစားခများ၊ အခြားအထွေထွေ ကုန်ကျစရိတ်များ စုစုပေါင်း ဘတ် ၁ သောင်းခွဲ ခန့် ကုန်ကျကြောင်း ယင်းအခက်အခဲများကို ဖြေရှင်းနိုင်ရန် အတွက် မြန်မာအစိုးရအနေဖြင့် သက်ဆိုင်ရာ မြို့နယ် အသီး သီးတွင် တိုက်ရိုက်လုပ်ဆောင်နိုင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ယင်းလုပ်ငန်းစဉ် လုပ်ဆောင်ရာတွင် အလုပ်ရှင်သူဌေးများကိုယ်တိုင် နားလည်းမှုအားနည်းခြင်း၊ အလုပ်သမား များ ကိုယ် တိုင်ကလည်း မိမိတို့ နေရပ်လိပ်စာ အချက်အလက် မှန်များ ပေးရန်ကြောက်ရွံ့ခြင်း၊ အလုပ်ရှင် ငှားရမ်းခြင်း၊ ပညာရေး အားနည်းခြင်း စသည့် အချက်များကြုံတွေ့နေရသဖြင့် အများစုမှာ ပွဲစားများကို အားထား လုပ်ကိုင်နေကြသဖြင့် ဘတ်ငွေ ၁ သောင်းကျော်ကုန်ကျနေဦးမည်ဖြစ်ကြောင်း ချင်းမိုင်မြို့ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ် ရရှိရေး ကူညီ ပေးနေသည့် အေဂျင်စီရုံးမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ပြောသည်။
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမား ၁ ဒဿမ ၂၃ သန်းကျော်အား ယာယီနိုင်ငံကူး လတ်မှတ် ထုတ်ပေးပြီးဖြစ်ကြောင်း၊ ရှစ် သိန်းမှ တသန်းခန့်အထိ ကျန်ရှိနေသေးသဖြင့် ၎င်းတို့အား တရားဝင်ဖြစ်စေရန် လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း စခန်း ၁၁ ခု ၌ တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများ ထိုင်းနိုင်ငံသို့ မထွက်ခွာမီ တွေ့ဆုံပွဲတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်က ပြောကြောင်း ယခုလ ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ ထား သည်။
ထိုင်းနိုင်ငံသို့ စေလွှတ်မည့် လုပ်ငန်းအဖွဲ့ ၁၁ ဖွဲ့ကို အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်း ကျောင်း (ရန်ကင်း) ၌ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ မွမ်းမံသင်တန်းကို နှစ် ရက်အကြာ ဖွင့်လှစ်ပို့ချခဲ့ကြောင်းလည်း သိရသည်။