စစ်တပ်မှ လယ်ယာမြေများ သိမ်းဆည်းသည်ကို တောင်သူလယ်သမားများ မသိရှိရသကဲ့သို့ အသုံးမပြုသေးသည့် လယ်မြေအားအား ပြန်လည်ပေးအပ်မည် ဆိုခြင်းကို ယနေ့အထိ မကြားသိသေးကြောင်း တောင်သူ လယ်သမားများက ပြောသည်။
စစ်တပ်မှ လယ်ယာမြေများကို သိမ်းဆည်းသည့်အခါ လယ်သမားများ ကိုယ်တိုင် မသိရှိကြကြောင်း၊ ပြန်ပေးမည် ဆိုရင်လည်း
ကျေနပ်စွာ လက်ခံသွားမည်ဖြစ်ကြောင်း၊ လယ်ယာကို ကောင်းမွန်စွာ ပြန်လုပ်လိုကြကြောင်း ရန်ကုန်မြို့ရှိ EXCEL HOTEL တွင် ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသည့် ရွှေဘိုမြို့နယ်မှ ဦးစန်းထူးက ဆိုသည်။
“လယ်ယာတွေကို စစ်တပ်က ဘာမပြော ညာမပြောနဲ့ ယူသွားတယ်။ ပြီးတော့ ကျနော်တို့ တောင်သူတွေကို စစ်တပ်က ပိုင်တယ်ဆိုတာ လက်မှတ် လာထိုးခိုင်းတယ်။ အခု စစ်တပ်က လယ်ယာမြေကို ပြန်ပေးမယ်ဆိုတာ ဘာမှ မကြားရသေးဘူး” ဟု ဦးစန်းထူးက ဧရာဝတီသို့ ပြောသည်။
စစ်တပ်မှ သိမ်းဆည်းထားသည့် နေရာတွင် လယ်သမားများ သွားရောက်ကာ စိုက်ပျိုး လုပ်ကိုင်သည့်အခါ တပ်မှူးများ၏ ခြိမ်းခြောက်မှုကို ခံနေရကြောင်း၊ စစ်တပ်နှင့် ကုမ္ပဏီများက ပူးပေါင်းကာ လယ်ယာမြေများကို သိမ်းဆည်းခဲ့ ကြကြောင်း၊ လယ်ယာမြေများကို သိမ်းဆည်းမှုကိစ္စအား စုံစမ်းစစ်ဆေးရေး ကော်မရှင်များကို တိုင်ကြားသည့်အခါ မည်သည့် ထုတ်ပြန်ချက်၊ အကြောင်းပြန်ချက်များ မရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ချောင်းကန် ကျေးရွာမှ ဦးကျော်ဌေးက ရှင်းပြသည်။
“ကျနော့်ကို ဒီလယ်မှာလာပြီး စိုက်ပျိုးလုပ်ကိုင်ရင် ထောင်ချမယ်၊ နိုင်ငံပိုင် သိမ်းဆည်းတာ၊ နိုင်ငံတော်က စီမံကိန်းလုပ်ဖို့ ဆိုပြီး
ပြောတယ်။ ကျနော်တို့ လယ်သမားတွေက လယ်မရှိတော့ ဘာလုပ်စားရမှာလဲ။ စစ်တပ်က ပြန်ပေးမယ်ဆိုရင်တော့ ဝမ်းသာ တာပေါ့” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
စီမံကိန်းများ အတွက် အသုံးပြုရန်ဟု ဆိုကာ တပ်မတော်က သိမ်းဆည်းထားသည့် လယ်ယာမြေ များကို တောင်သူ လယ်သမားများ သို့ ပြန်ပေးနိုင်ရန် စီစဉ်နေသော်လည်း ပြန်ပေးအပ်နိုင်မည့် အချိန်ကို အတိအကျ မပြောနိုင် သေးကြောင်း သမ္မတ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ်က ဧရာဝတီသို့ ပြောခဲ့သည်။
“လယ်သမားတွေက လယ်ယာကို ဘယ်က ဘယ်သူ သိမ်းတယ်ဆိုတာ မသိဘူး။ သီးနှံသွားစိုက်မှ ဒီမြေကို ဘယ်သူ ပိုင်တယ်ဆိုတာ ပြောတယ်။ လယ်လာစိုက်ရင် ပုဒ်မ ၁၄၄ နဲ့ တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်ကြတယ်” ဟု ပြည်မြို့နယ်မှ ဦးထွန်းထွန်းက EXCEL HOTELတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ပြောကြားခဲ့သည်။
လယ်ယာမြေနှင့် ပြန်လည်ရရှိဖို့ အတွက် တောင်သူလယ်သမားများ လယ်ယာပြန်လုပ်နိုင်ရန် ထွန်တုံး တိုက်ပွဲ လုပ်ဆောင်ခဲ့သည့် အတွက် ပုဒ်မ ၁၈ နှင့် တရားစွဲဆိုခံထားရကြောင်း၊ လယ်ယာမြေများ ပြန်ရရှိရန် ဆန္ဒထုတ်ဖော်နိုင်ရေး အတွက် တောင်းဆိုထားပြီး အာဏာပိုင်မှ ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဦးထွန်းထွန်းက ဆိုသည်။
မြန်မာတနိုင်ငံလုံး ဆိုင်ရာ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲသို့ တက်ရောက်သည့် တောင်သူများသည် မြေယာ မှတ်ပုံတင်ရန် အတွက် ရက်အကန့်အသတ်မရှိ လုပ်ဆောင်ပေးရန်နှင့် မသမာသည့်နည်းဖြင့် မှတ်ပုံတင် ရရှိထားသော သူများကို သေချာစွာ စိစစ်ပေးရန်၊ လယ်ယာမြေ ဥပဒေကို ချိုးဖောက်နေသည့် ဝန်ကြီးဌာနများအား တရားစွဲဆိုခွင့် ပေးရန်၊၂၀၁၂ လယ်ယာမြေဥပဒေကို အောက်ခြေ ရပ်ကွက်၊ ကျေးရွာများအထိ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပို့ချရန်၊ တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ တရပ်ပြဌာန်းရန်၊ တောင်သူလယ်သမား သမဂ္ဂ ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေ၊နည်းဥပဒေသစ် တရပ် ပြဌာန်းပေးရန် တောင်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
တော်သူလယ်သမား ၁၅၀ ကျော်တက်ရောက်သည့် ဖေဖော်ဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ကျင်းပသည့် မြန်မာ တနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမား နှီးနှောဖလှယ်ပွဲကို စီစဉ်သူများက ကဏ္ဍ ၆ ခုဖြစ်သည့် တောင်သူနှင့် ချေးငွေ၊ စိုက်ပျိုးရေး စနစ်၊ အာမခံချက်ရှိသော ဈေးကွက်၊ သီးနှံ မူဝါဒ၊ မြေယာ သိမ်းဆည်းမှု၊ လယ်ယာမြေ ဥပဒေ တို့အား လွှတ်တော်နှင့် သက်ဆိုင်ရာဌာနသို့ တင်သွားမည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ကျနော်ကတော့ လယ်ယာမြေ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေ ဒေသကိုလာပြီး လေ့လာဖို့
ပြောချင်တယ်။ တရားမျှတ မှန်ကန်မှုရှိအောင် လုပ်ဆောင်ပေးစေချင်တယ်” ဟု ရခိုင်ပြည်နယ်မှ ကိုနိုင်စိုးက ပြောသည်။
တောင်သူ လယ်သမားများသည် နေရာ ဒေသအနှံ့တွင် နေထိုင်သည့်အတွက် တချို့ဒေသသို့ သတင်းစာ၊ စာစောင်များ မရောက်ရှိခြင်းကြောင့် တောင်သူလယ်သမားများနှင့် သက်ဆိုင်သည့် သတင်းများကို FM ရေဒီယိုများမှ လွှင့်ပေး စေချင်ကြောင်း သူကဆိုသည်။
“ကျနော်တို့လည်း မြန်မြန် ပြီးချင်ပါတယ်။ တောင်သူ လယ်သမားတွေကလည်း လယ်တွေဆုံးရှုံး နစ်နာခဲ့သမျှ ပြန်ရ စေချင်တယ်။ အခုဆိုရင် လွှတ်တော်ကာလ ဆိုတော့ အဲဒီဒေသကို သွားလို့မရသေးဘူး” ဟု ပြည်သူ့လွှတ်တော်အမတ် ရခိုင်ဒေသ လယ်ယာမြေ သိမ်းဆည်းခံရမှု စုံစမ်းရေး အဖွဲ့ မှ ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် လယ်ယာသိမ်းဆည်းမှုကြောင့် လာရောက်တိုင်ကြားသည့်အမှု ၁၄ မှုနှင့် တိုင်ကြားစာ ၆၀ ကျော်ရှိကြောင်း၊ ထိုတိုင်ကြားမှုတွင် စစ်တပ်က သိမ်းဆည်းမှု ၉ မှုခန့်ရှိကြောင်း၊ စုံစမ်းရေး ကော်မရှင်က ထုတ်ပြန်ရန် ကြာဦးမည် ဖြစ်ကြောင်း ဦးဘရှိန်က ဆိုသည်။
ယခုလက်ရှိ အချိန်တွင် စစ်တပ်က လယ်ယာမြေ သိမ်းဆည်းမှုများနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များမှတဆင့် အကြိမ်ကြိမ် တိုက်တွန်းခြင်း၊ နစ်နာရသည့် တောင်သူများက ပြည်သူ့လွှတ်တော်ရှိ လယ်ယာမြေနှင့် တခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်သို့ တိုင်ကြားလာခြင်းနှင့် မြေငှားရမ်း လုပ်ကိုင်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက မြေပိုင်ခွင့် အငြင်းပွားမှုများကို ဖြေရှင်းရန် မြန်မာအစိုးရအပေါ် ဖိအားပေးလာကြခြင်းတို့ ဖြစ်ပေါ်လာရာ ဒုတိယဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က တိုင်တန်းချက်များနှင့် အမှုတွဲများကို စာရင်းပြုစု တင်ပြရန်နှင့် တပ်မတော်မှ သိမ်းထားသော အသုံး မပြုသည့် မြေများ ပြန်ပေးရန်နှင့် စီမံကိန်း ဝင်နေသည့် လယ်မြေများအား လျော်ကြေးပေးသွားရန် ညွှန်ကြားထားကြောင်း သိရသည်။
၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်က ပြဌာန်းခဲ့သော လယ်ယာမြေ ဥပဒေ အခန်း ၁၁ အပိုဒ် ၃၂ တွင်လည်း နိုင်ငံတော် အကျိုး ဖြစ်ထွန်းစေမည့် စီမံကိန်းများ အတွက် လယ်ယာမြေ သိမ်းယူရာတွင် အနည်းဆုံး လိုအပ်သော ပမာဏကိုသာ သိမ်းယူ ရမည်၊ စီမံကိန်းအား သတ်မှတ်ကာလ အတွင်း အမြန်ဆုံး ပြီးစီးစေရန် အကောင်အထည် ဖော်ရမည်ဖြစ်ပြီး စီမံကိန်းများ ဆောင်ရွက်ခြင်း မပြုတော့ပါက မူလ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိထားသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းထံ ပြန်လည် ပေးအပ်ရမည်ဟု ပါရှိသည်။