ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ မြွေတောင်ဖားတောင်တွင် အကောင်အထည်ဖော်ရန် စီစဉ်နေသည့် သတ္တုတွင်း စီမံကိန်းကို ယာယီ ဆိုင်းငံ့ထားရန် ဒေသခံများက ချင်းပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းထံသို့ တင်ပြ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
တရုတ် North Mining Investment ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံပြီး မြွေတောင်၊ ဖားတောင်တွင် နီကယ် သတ္တု ထုတ်လုပ်ရေး စီမံကိန်းကို လာမည့် ၂၀၁၃ ဇူလိုင်လတွင် စတင် အကောင်အထည်ဖော်ရန် အစိုးရထံ တင်ပြထားကြောင်း၊ စီမံကိန်းနှင့် ပတ်သက်ပြီး မေလ ၁၇ ရက်နေ့က ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်းနှင့် ဒေသခံများ တွေ့ဆုံစဉ် ဒေသခံများက စီမံကိန်းကို အလောသုံးဆယ် လုပ်ဆောင်ခြင်းမပြုဘဲ ခေတ္တယာယီ ဆိုင်းငံ့ထားရန် တောင်းဆိုပြီး စီမံကိန်း လုပ်ဆောင်မည့် အစီအစဉ်များကို ပွင့်လင်းမြင်သာမှု ရှိရှိ ချပြပြီးမှသာ လုပ်ဆောင်ရန် တောင်းဆိုကြကြောင်း သိရသည်။
“ချင်းပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးရေးအတွက် မြွေတောင်ဖားတောင် စီမံကိန်းကို လုပ်စေချင်တယ်။ ဒေသခံတွေ ဘက်ကလည်း လက်ပံတောင်းတောင် စီမံကိန်း ကိစ္စဖြစ်စဉ်တွေ သိရှိထားကြတော့ ဒီအချိန်မှာ ခဏ ရပ်ဆိုင်း ထားစေ ချင်တယ်။ ဒေသခံတွေရဲ့ နစ်နာမှု ဘာတွေရှိနိုင်လဲ၊ ဘယ်လိုတွေ စီစဉ်ထားလဲ ဆိုတာကို သေချာချပြပြီးမှ စီမံကိန်းကို လုပ်စေချင်တယ်” ဟု ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် ဒေသခံများ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ချင်းတွင်း လူငယ်များ ကွန်ရက်မှ ကိုကျော်သစ်ဝင်းက ဆိုသည်။
တရုတ် North Mining Investment Company မှ ဘူမိဗေဒအရာရှိချုပ် ဦးလင်းမြင့်က ကုမ္ပဏီအနေဖြင့် စီမံကိန်းအတွက် လယ်မြေများ သိမ်းထားခြင်းမျိုး မရှိဘဲ သစ်တောကြိုးဝိုင်းတွင်သာ စီမံကိန်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ဒေသခံတို့၏ လူမှုရေး၊ စီးပွားရေးနှင့် ပတ်သက်၍ မှတ်တမ်းများထားရှိပြီး စီမံကိန်းကြောင့် နစ်နာမှု ရှိခဲ့လျှင်လည်း တာဝန်ယူမည်ဟု အာမခံ ပြောဆိုသည်။
ချင်းပြည်နယ် ဝန်ကြီးချုပ်၏ အဆိုအရ မြွေတောင်ဖားတောင် စီမံကိန်းမှရရှိမည့် အကျိုးအမြတ်၏ ၂ ရာခိုင်နှုန်းကို ချင်းပြည်နယ် အစိုးရက တိုက်ရိုက် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ချင်းအမျိုးသားပါတီမှ အတွင်းရေးမှူး ဦးဆလိုင်းကျဲအိုဘိခ်ထောင်က မြွေတောင်ဖားတောင် နီကယ်စီမံကိန်းကြောင့် ဒေသခံများ၏ စီးပွားရေးနှင့် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မည်ကို စိုးရိမ်ပြီး ပေးအပ်မည့် အကျိုးအမြတ်မှာလည်း နည်းပါးကြောင်း ပြောသည်။
“ဒီလောက်ကြီးတဲ့ သတ္တုတူးဖော်တဲ့ စီမံကိန်းက ပတ်ဝန်းကျင် ပျက်စီးနိုင်တယ်။ ပြည်သူတွေက စီးပွားရေး ပျက်မှာလည်း စိုးရိမ်ကြတယ်။ ဒေသခံတွေက သစ်တောနဲ့ပဲ ထမင်းစား နေရတာလေ။ ပြည်နယ်ကိုပေးမှာက အကျိုးအမြတ်ရဲ့ ၂ ရာခိုင်နှုန်း ပဲရှိတာ။ ဒေသခံတွေ မထိခိုက်အောင် လုပ်သင့်တယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ဆိုသည်။
မြွေတောင်ဖားတောင် စီမံကိန်းကို ပြည်ထောင်စု အစိုးရက တရားဝင် ခွင့်ပြုချိန်မှ စတင်ရမည်ဖြစ်ပြီး လတ်တလောတွင် ခွင့်ပြုမိန့် တစုံတရာ မရရှိသေးကြောင်း သိရသည်။
မြွေတောင်ဖားတောင် နီကယ်ထုတ်လုပ်ရေး စီမံကိန်းတွင် တရုတ်ကုမ္ပဏီက ကုန်ကြမ်းပစ္စည်းကို ထုတ်ယူပြီး တရုတ်နိုင်ငံသို့ သယ်ဆောင်ကာ တရုတ်နိုင်ငံတွင် ကုန်ချောထုတ်လုပ်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် နီကယ်သတ္တုအပြင် တခြားတန်ဖိုးကြီး သော သတ္တုများနှင့် သဘာဝသယံဇာတများအား တရုတ်ကုမ္ပဏီက ယူဆောင်သွားမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိကြောင်း သိရှိရသည်။
“ကုန်ချောကို ဒီမှာထုတ်ဖို့ လျှပ်စစ်မီးမရလို့ တရုတ်နိုင်ငံမှာ ထုတ်မယ်ပြောတယ်။ ဒေသခံတွေကတော့ လျှပ်စစ်မီး ရအောင် လုပ်ပြီး ကုန်ချောကို ဒီမှာထုတ်ပါလို့ တောင်းဆိုထားတယ်” ဟု မြွေတောင်သယံဇာတ စောင့်ကြည့်ရေးအဖွဲ့မှ ဆရာတော် ဦးဓမ္မိကက ဧရာဝတီသို့ မိန့်ကြားသည်။
ချင်းပြည်နယ်တွင် သတု္တတူးဖော်ရန် လျှောက်ထားသော ကုမ္ပဏီ ၁၄ ခု ရှိပြီး ဖလန်းမြို့တွင် ခရိုမိုက် သတ္တုတူးဖော်ရေး အတွက် ရတနာကမ္ဘာ ကုမ္ပဏီက ခွင့်ပြုချက် ရရှိထားကြောင်း၊ ကန်ပက်လက်မြို့တွင်လည်း သတ္တုတူးဖော်ရန် ချင်းပြည်နယ် အစိုးရက ကွင်းဆင်း လေ့လာမှုများ ဆောင်ရွက်နေကြောင်း ချင်းပြည်နယ် အစိုးရထံမှ သိရှိရသည်။