နေ့စား ပညာရေးဝန်ထမ်းများ၏ ခံစားခွင့်ကို နှစ်ဆ တိုးမြှင့်ခံစားခွင့် ပေးရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံ ပညာရေးစီမံကိန်း ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
“နေ့စားပညာရေးဝန်ထမ်းတွေအတွက် အခု ဘတ်ဂျက် တွက်ချက်နေတယ်။ ဒီပညာရေးနှစ် မကုန်ခင်ပဲ ဖြစ်မလား၊ နောက်နှစ်ပဲ ဖြစ်မလားတော့ မသိသေးဘူး။ အမြန်ဆုံး ဖြစ်အောင်တော့ လုပ်နေပါတယ်” ဟု ၎င်း တာဝန်ရှိသူက ဆိုသည်။
ဝေးလံခေါင်ဖျား နေရာများကို သွားရောက် တာဝန်ထမ်းဆောင်နေသော အမြဲတမ်း ပညာရေးဝန်ထမ်းများကို လစာ ၁ ဆ တိုးပေးကာ ခံစားခွင့် ပေးထားသော်လည်း နေ့စား ပညာရေးဝန်ထမ်းများမှာမူ နဂို ခံစားခွင့်ထက် ပို၍ခံစားခွင့် မရခဲ့ သေးကြောင်း သိရသည်။
“နေ့စားတွေက တနေ့ကို ၂၇၀၀ ရတယ်။ တခြား ခံစားခွင့်မရှိဘူး။ ဒေသစရိတ် ခံစားခွင့်ရှိတဲ့ နေရာတွေသွားရင် ခံစားခွင့် ပေးမှာပေါ့။ ဒေသစရိတ် ခံစားခွင့်မရှိတဲ့ နေရာပဲ ဆိုရင်တော့ မူလအတိုင်း ၁ ရက် ၂၇၀၀ ပဲ ခံစားခွင့်ရှိပါမယ်။ကျောင်းပိတ်ရက် မပါဘူး။ အမြဲတမ်း ပညာရေးဝန်ထမ်း တွေကတော့ လစာ ၆၀၀၀၀ ရရင် ဝေးလံခေါင်ဖျား သတ်မှတ် နေရာသွားရင် ခံစားခွင့်က လစာနည်း တူရတယ်” ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
ပညာရေး သင်ကြားမှုတွင် မြို့ပေါ်ဖြစ်ပါက အေအဆင့်၊ မြို့ပြင်ဖြစ်ပါက ဘီအဆင့်၊ မြို့ပြင်နေ့ချင်းပြန် သွားနိုင်ပါက စီအဆင့်၊ တပတ်တကြိမ်သာ သွားနိုင်လျှင် ဒီ အဆင့်၊ တလတကြိမ်သာ သွားနိုင်လျှင် အီး အဆင့် စသည်ဖြင့် အဆင့် သတ်မှတ် ချက်များ ရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။
ဝေးလံခေါင်ဖျား နေရာအဆင့် သတ်မှတ်ချက်ကိုမူ အဆင့်သတ်မှတ် သင်ကြားရာတွင် မြို့ပြင် နေ့ချင်းပြန်သွားနိုင်ပါက စီအဆင့်၊ တပတ် တကြိမ်သာ သွားနိုင်လျှင် ဒီအဆင့်၊ တလတကြိမ်သာ သွားနိုင်လျှင် အီးအဆင့်ဖြင့် သတ်မှတ် ထားကြောင်း သိရသည်။
“နေ့စား ပညာရေးဝန်ထမ်း ဆိုတာက များသောအားဖြင့် အမြဲတမ်း ဝန်ထမ်းတွေထက် ပိုပြီး ဝေးလံ ခေါင်ဖျားတဲ့ နေရာတွေ ပိုသွားရတယ်။ အခု သူတို့ပေးဖို့ စီစဉ်တာကလည်း လောက်ငှမှု မရှိပေမယ့် နဂိုကထက် စာရင်တော့ တော်သေးတယ် ပြောရမှာပါ။ ကျမတို့မှာ တခြား ခံစားခွင့် ဘာမှမရှိပါဘူး။ ကျန်းမာရေး ဘာညာဆိုတာလည်း ခံစားခွင့် ရှိတာမဟုတ်ဘူး” ဟု နေ့စား ပညာရေးဝန်ထမ်း မခင်နှင်းဆွေက ပြောပြသည်။
လက်ရှိတွင် နေ့စားဝန်ထမ်းများ အနေဖြင့် ဒေသစရိတ် ခံစားခွင့်ရ နေရာများကို သွားမည်ဆိုပါက တနေ့လျှင် ၂၇၀၀ နှုန်း၊ ဒေသစရိတ် ခံစားခွင့်အရ တနေ့ ၂၇၀၀ နှုန်း၊ ပေါင်း တနေ့လျှင် ၅၄၀၀ နှုန်း ခံစားခွင့်ရမည် ဖြစ်ကြောင်း သိရသည်။
နေ့စားဝန်ထမ်းများကို အများအားဖြင့် စီအဆင့်၊ ဒီအဆင့်၊ အီးအဆင့် နေရာများကို စေလွှတ်နိုင်ရေးအတွက် ၂၀၁၃ -၂၀၁၄ ပညာရေးနှစ် အတွက် နေ့စားဝန်ထမ်း ၅၀၀၀၀ ကျော်ကို ခန့်အပ်ထားကြောင်း၊ ၎င်းတို့ကို ဒေသစရိတ် ခံစားခွင့်ရ နေရာများကို သတ်မှတ်ကာ နေရာချပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
“နေ့စားဝန်ထမ်းတွေကို အမြဲတမ်း ဝန်ထမ်းဖြစ်ဖို့အတွက် ကတော့ သတ်မှတ်ထားတဲ့ ဆရာဖြစ် မွမ်းမံ သင်တန်းတွေ ပေးပြီးရင်တော့ အမြဲတမ်း ပညာရေးဝန်ထမ်း အနေနဲ့ ခန့်အပ်သွားမှာပါ။ သင်တန်းတွေကိုတော့ ကျောင်းပိတ်ရက်တွေမှာ သင်ပေးပါတယ်။ အဆင့်ဆင့် စာမေးပွဲဖြေပြီးရင် အမြဲတမ်း ပညာရေးဝန်ထမ်း ခန့်အပ်ပါတယ်” ဟု ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ပညာရေး သတ်မှတ်ချက်အရ တနိုင်ငံလုံးတွင် ဒေသစရိတ် ခံစားခွင့်ရှိသည့် ဝေးလံခေါင်ဖျားသော မြို့နယ်ပေါင်း ၁၁၀ နေရာရှိကြောင်း၊ ဝေးလံခေါင်ဖျားသော မြို့နယ်ပေါင်း ၁၁၀ နေရာတွင် ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်၊ ရန်ကုန်၊ ရှမ်း၊ မကွေး စသည့် ပြည်နယ်တိုင်းများရှိ မြို့နယ်များ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သတ်မှတ် ထုတ်ပြန်ချက်အရ သိရသည်။