မကြာခင် ရက်ပိုင်းက မယ်ရွေးပွဲတခု Miss International 2013 ကျင်းပခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်က ကြီးမှူး ကျင်းပတာပါ။ ဒိုင်တွေက မင်းသား၊ ဒါရိုက်တာ၊ မော်ဒယ်၊ အယ်ဒီတာချုပ်၊ ဟိုတယ် လုပ်ငန်းရှင် အသင်း ငွေဆောင်ဇုန် ဥက္ကဋ္ဌ၊ မြန်မာဈေးကွက်ကော်မတီ ဥက္ကဋ္ဌ၊ ဒိုင်ချုပ်က မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း ဒု ဥက္ကဋ္ဌ တဲ့။ သူတို့က အကဲဖြတ်ရွေးချယ်တာ တဲ့။ ဘာဆိုင်သလဲ။ ကျနော်လည်း မသိဘူးလေ။
(သိန်း၃၀) ဆုရသွားတာက မန္တလေးက ဂုဏ်ရည်အေးကျော် ဆိုတဲ့ ကလေးမ။ သူက ဘီအေဘွဲ့ကို အင်္ဂလိပ်စာနဲ့ ရထား တာ။ အင်္ဂလန်မှာလည်း ကွန်ပျူတာ သင်တန်းတက်ထားတာ ဒီပလိုမာဘွဲ့ ရခဲ့သေးတယ်။ ဒီရွေးချယ်ပွဲမှာ အင်္ဂလိပ် စကား ပိုင်နိုင်စွာ ပြောဆိုနိုင်မှုက အတော်လေး အရေးပါပုံ ရပါတယ်။ မကြာခင်က ဂျပန်မှာ သွားပြိုင်ခဲ့တဲ့ နန်းခင်ဇေယျာ ဆိုတဲ့ ကောင်မလေးဆို အင်္ဂလိပ်လိုအပြင် ဂျာမန်လိုတောင် ပြောတတ်တယ်တဲ့။ သူက နိုင်ငံခြား ဧည့်လမ်းညွှန်ကိုး။
ဒီပွဲကို ကိုမြတ်ခိုင်ရဲ့ ကျေးဇူး(လျှပ်တပြက် ဂျာနယ် အတွင်းဖုံး) ကြောင့် ကြည့်ခွင့် ရလိုက်ပါတယ်။ အံမယ်၊ သူတို့ ကလေးတွေ တော်တော် တိုတက် လာကြပါလား (စာစီသူက တိုးတက်ဟု မှားယွင်း မစီပါနှင့်)။ သူတို့ ဘောင်းဘီလေးတွေ အရင်ကထက် အပေါ်ကို တိုတက် လာတာကို ပြောတာပါ။ အရင်က လှယဉ်ကျေးမယ် ပြိုင်ပွဲတွေဆို ခြေဖျားသီနေတဲ့ ထဘီတွေနဲ့ ပြိုင်ကြရတာ မဟုတ်လား။ တိုင်းရင်းသူလေး နန်းခင်ဇေယျာဆို ဂျပန်မှာ ဘီကီနီ ဝတ်တောင် ပြိုင်ခဲ့ရသေး တယ်။ အမျိုးချစ်တဲ့ မဟာသာကီတွေက အွန်လိုင်းပေါ်က ဝိုင်းဝန်းအားပေးလိုက်ကြတာ၊ ပရိသတ် အကြိုက်ဆုံး ဆုတောင် ရသွားတယ် မဟုတ်လား။ ဒါပေါ့ဗျာ။ ဒီလောက်တော့ ရှိရမှာပေါ့။
ကျနော်တို့ ငယ်ငယ်ကလည်း မယ်ရွေးပွဲတွေဆိုတာ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြဖူးပါတယ်။ ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်ကြရတာ ပါ။ ဒါမှလည်း ကိုယ်လုံးအလှက ပေါ်လွင်မှာကိုး။ အခုခေတ် ရုပ်ရှင်မင်းသမီး ဘဝကို တက်လှမ်းမယ့်သူတွေ အတွက် မော်ဒယ်ဂဲလ် ဘဝဟာ ပထမ ခြေလှမ်း ဖြစ်သလိုပဲ အရင်က ဒီမယ်ဘွဲ့တွေဟာလည်း ပထမခြေလှမ်း ဖြစ်ခဲ့ပါတယ်။ ကြည့်ပါ။ မယ်ဗမာ ဘွဲ့ရခဲ့တဲ့ ရုပ်ရှင်မင်းသမီးတွေက နော်လီဇာဘင်ဆင်၊ မေသဇင်၊ မစိန်အေး၊ နောက်.. ဖျာပုံမယ် တင်တင်အေး၊ မုဒုံမယ် တင်တင်မူ၊(ပျဉ်းမနား ပြည်ထောင်စုနေ့ ပြိုင်ပွဲမှာ ရခဲ့တဲ့) ပြည်ထောင်စုမယ် ခင်သန်းနု၊ ဂိုးဖလိပ်မယ် မြင့်မြင့်သန်း (ကျော်ဆွေနဲ့ နာမည်ကျော် “မြတ်နိုးသူ” ဇာတ်ကားက မင်းသမီး၊ စီးကရက်မယ် ပေါ့)၊ နောက် … ပြည်ပက ဘွဲ့ရခဲ့သူက ငယ်ငယ်ရွယ်ရွယ် နဲ့ ကွယ်လွန်သွားတဲ့ ရှန်ဟဲမယ် မေရီမြင့်။ ကျန်တာတွေ ရှိပါသေးတယ်။ နောက်တော့ မ.ဆ.လ ခေတ်မှာ မြန်မာ့ယဉ်ကျေးမှုနဲ့ မဆီလျော်ဘူးဆိုပြီး မယ်ရွေးပွဲတွေ ပပျောက်သွားပါတယ်။ မြင်းပြိုင်ပွဲတွေနဲ့ အတူတူပေါ့။ တကယ်တော့ “ကိုယ်ကာယ အလှ” ဆိုတာ အားကစားနည်း တမျိုးပါပဲ။ ကျန်းမာရေးအတွက် အားပေးသင့်ပါတယ်။
န.ဝ.တ ခေတ်မှာတော့ ပုံစံပြောင်းထားတဲ့ ကာယ အလှမယ် ရွေးပွဲတွေ ပြန်ပေါ်လာတယ်။ ဒီပွဲတွေမှာ ထဘီ ခြေဖျားသီ ဝတ်ပြိုင်ကြရတော့ မပေါ်ဘူးဖြစ်နေတယ်။ အလှမပေါ်တာ ပြောတာပါ။ ဒါနဲ့ ဘောင်းဘီတိုနဲ့ စွပ်ကျယ်ဂျိုင်းပြတ် ဝတ် ပြိုင်ခွင့်ပြုလိုက်တာ မကြာသေးပါဘူး။ ဘာ တိုးတက်သလဲဆိုတော့ လက်မှတ်တွေ ပိုရောင်းကောင်းတယ် ပြောကြတယ်။ ဟော … မကြာခင်ရက်ပိုင်း လောက်ကတော့ (အင်တာနက်ပေါ်မှာ တွေ့လိုက်တာ) မြန်မာမလေးတသိုက် ဘီကီနီ ဝတ်စုံတွေနဲ့ ပြိုင်ပွဲဝင်နေတဲ့ ပုံတွေပဲ။ မျက်လုံး ပြူးသွားတယ်။ အံ့သြလို့ပါ။ သေသေချာချာ ကြည့်လိုက်တော့ ဘီကီနီဝတ်စုံ မဟုတ်ဘဲ အတွင်းခံ (ဘရာစီယာနဲ့ ပင်တီ) ဝတ်စုံတွေ ဖြစ်နေတယ်။ ပွဲကလည်း မယ်ရွေးပွဲ မဟုတ်ဘူး။ အတွင်းခံ ရောင်းတဲ့ ကုမ္ပဏီတခုက လုပ်တဲ့ မော်ဒယ်လ်ရှိုးတဲ့။ အော် … ဒီလိုလည်း လုပ်လို့ ရသကိုး။ ပွင့်လင်းမြင်သာတဲ့ ခေတ် ဆိုလားပဲ။ ပွင့်ပွင့်လင်းလင်း ပေါ့။ ဒါပေမယ့် ဒီထက် ပွင့်လင်းကြရင်တော့ ပွင့်လင်း မမြင်သာဝံ့တဲ့ အခြေအနေ ရောက်သွားမှာလည်း စိုးပါသေးတယ်။ ထိန်းကြပါဦး။
နိုင်ငံတကာ မယ်ပြိုင်ပွဲတွေမှာ ဘီကီနီ ဝတ်ကြတာတွေနဲ့ မနှိုင်းနဲ့လေ။ ဒါက ထုံးတမ်းစဉ်လာ ရှောင်လွှဲမရနိုင်တဲ့ ပြိုင်ပွဲ စည်းကမ်းကိုး။ နန်းခင်ဇေယျာလေးတောင် ဝတ်လိုက်ရသေးတယ် မဟုတ်လား။ မော်ဒယ်ဂဲလ်လေး တယောက်ကတော့ ဘီကီနီဝတ်ချင်လို့ စင်္ကာပူထွက် ဓာတ်ပုံ အရိုက်ခံပါတယ်။ မြန်မာပြည်ကို မယ်စကြဝဠာပြိုင်ပွဲ ဗွီစီဒီ အချပ်တွေ နှစ်တိုင်း ဝင်နေတော့ ကျနော်တို့လည်း ကမ္ဘာကြီးနဲ့ မျက်ခြည်မပြတ်ဘူးပေါ့။ လမ်းဘေးမှာ လွယ်လွယ်ဝယ်လို့ ရပါတယ်။ ဒီပွဲတွေက လှတာ တခုထဲ ကြည့်ပေးတာ မဟုတ်ပါဘူး။ ကိုယ်ရည်ကိုယ်သွေး အဓိက ပဲ။ ဘာသာခြားစကား ကျွမ်းကျင်မှု၊ ဖြတ်ထိုးဉာဏ်၊ ဗဟုသုတ ကြွယ်ဝမှု၊ စကား အပြောအဆို၊ လူမှုရေး လှုပ်ရှားမှု၊ အခြား အနုပညာ ကျွမ်းကျင်မှု စတဲ့ အချက်များစွာကို ကြည့်ရှု အကဲဖြတ်ပြီးမှ ပေးတာ ဖြစ်တာမို့ တော်ရုံရဖို့ မလွယ်ကူပါဘူး။
၂၀၁၁ က ရသွားတဲ့သူဆို အန်ဂိုလာ နိုင်ငံက “လိုင်လာ” ဆိုတဲ့ ကပ္ပလီမလေး ဖြစ်နေတယ်။ “အသားမည်းရင် ပတ္တမြားခဲ” ဆိုတာ မှန်နေသလားပဲ။ ဒါပေမယ့် သူကလေးကလည်း ခေသူ မဟုတ်ဘူး။ အခု လောလောဆယ် လန်ဒန်မှာ နေထိုင်ပြီး တက္ကသိုလ်ဘွဲ့ရ ပညာတတ်ကလေး ပါ။ ဒီကောင်မလေး ဖြေလိုက်တဲ့ အဖြေကလေး တခုကိုတော့ ကျနော် ကိုယ်တိုင် သဘောကျသွားပါတယ်။ သူ့ကို “ပိုလှလာအောင် အကယ်၍ ပြင်လို့ ရမယ်ဆိုရင် ဘယ်အပိုင်းကို ပြင်ချင်သလဲ” လို့မေးတော့ သူက “စိတ်” လို့ ပြန်ဖြေခဲ့တယ်။ ဒီလို ဉာဏ်ပညာကြွယ်လို့ ဆုရခဲ့တာ နေမှာပေါ့။ အဲဒီ မယ်စကြဝဠာ ပြိုင်ပွဲရဲ့ တင်းကြပ်တဲ့ စည်းကမ်း ရှိသေးတယ်။ ဝင်ပြိုင်တဲ့ သူဟာ အပျိုဖြစ်ရမယ်။ ၃ နှစ် အတွင်း အိမ်ထောင် မပြုပါဘူးလို့ လည်း ကတိလက်မှတ် ထိုးကြရ သေးတယ်။ ချစ်သူကို သုံးနှစ်သုံးမိုး စောင့်ရလောက်အောင် စိတ်မရှည်တဲ့ သူတွေတော့ မယ်စကြဝဠာကို ရည်းစားထားဖို့ မကြံကြနဲ့ ပေါ့။
အဲဒါနဲ့ ပြောင်းပြန် အိမ်ထောင်ရှိသူတွေသာ ဝင်ပြိုင်ခွင့်ရတဲ့ “အိမ်ရှင်မများ အလှပြိုင်ပွဲ” ဆိုတာ ရှိသေးတယ်။ ၂၀၀၅ က အိန္ဒိယမှာ တကယ် ကျင်းပသွားတာပါ။ အဲဒီ အိမ်ထောင်ရှင် မယ်ကမ္ဘာ ရွေးပွဲမှာ အစ္စရေးက စင်မာဘာကာက ပထမရ သွားတယ်။ နောက်ဆက်ပြီး တခုလပ် မယ်ရွေးပွဲ၊ မုဆိုးမ မယ်ရွေးပွဲတွေလည်း ပေါ်လာနိုင်သေးတယ်ပေါ့။ မြန်မာပြည်မှာ အဝမယ် အလှပြိုင်ပွဲတောင် လုပ်သွားသေးတာပဲ။ ဒါကိုတော့ အားမပေးသင့်ဘူး။ အားပေးသင့်တဲ့ မယ်ရွေးပွဲ တပွဲကတော့ အာဖရိက ဘော့ဆွာနာနိုင်ငံက မယ်ရွေးပွဲပဲ။ အဲဒီ ပြိုင်ပွဲဝင်စည်းကမ်းကတော့ ပြိုင်ပွဲဝင်မယ့် မယ်ဟာ အိပ်ချ်အိုင်ဗွီ ရောဂါပိုးရှိတဲ့သူ ဖြစ်ရမယ်လို့ သတ်မှတ်ထားတယ်။ ရည်ရွယ်ချက်ကတော့ အဲဒီရောဂါသည်တွေကို လူသာမန်တွေလို သဘောထား ဆက်ဆံနိုင်ရေးပဲ။ (အဲဒီနိုင်ငံရဲ့ လူဦးရေ သုံးပုံတပုံက ဒီရောဂါရှိတဲ့ သူတွေဖြစ်နေတယ်။) မယ်ဘွဲ့ရတဲ့ သူတွေနဲ့ မှ အိမ်ထောင်ပြုချင်တယ် ဆိုတဲ့သူတွေအတွက် သတင်းပေးရရင် မယ်ဘွဲ့ရသွားတဲ့ ညိုချောလေး နာမည်က စင်သီယာ လေရှိုမို တဲ့။
မယ်ပြိုင်ပွဲတွေအကြောင်း ပြောရရင်တော့ ဆုံးနိုင်ဘွယ် မရှိဘူး။ “ဖုန်းကညာ တပါး၊ လုံးရာကပြား” သူတွေကလည်း သူတို့ချည်း သက်သက်လုပ်တဲ့ မိန်းမလျာ အလှမယ် ရွေးပွဲ (မောင်မစ္စကဘွဲ့ ပြောရမလား) လုပ်လိုက်ကြသေးတယ်။ တလောက တရုတ်နိုင်ငံမှာ အလှမယ် ပြိုင်ပွဲတိုင်း ဗိုလ်စွဲနေတဲ့ အလှမယ်ဟာ ခွဲစိတ်ကုသမှုခံယူပြီး လိင်ပြောင်းထားတဲ့ သူမို့ ဝိုင်းကန့်ကွက် ကြတယ်။ အလှမယ်ဆိုတာ မွေးကတည်းက မိန်းမ ဖြစ်ရမယ် တဲ့။ ဒါလဲ ဟုတ်တုတ်တုတ်ပဲ။
ရုရှားက ထွင်လိုက်တာကတော့ “မယ်တပ်မတော်”ရွေးပွဲတဲ့။ ဒီပွဲကို စစ်သမီးတွေပဲ ဝင်ပြိုင်ခွင့်ရှိတယ်။ ဆိုဗီယက် ပြည်ထောင်စုကြီး ကောင်းစားစဉ်က Miss Red Star ဆိုပြီး ကျင်းပခဲ့တယ်။ မယ်ကြယ်နီ ပေါ့။ ၂၀၀၅ မယ်တပ်မတော်၊ မယ်ကြယ်နီ ဘွဲ့ကို စစ်ဗိုလ်မလေး စင်ညာအာဂါကိုဗာ က ရသွားပါတယ်။ အဲဒီမယ်ပွဲမစခင် စစ်သမီးတွေက သီချင်းဆို ဖျော်ဖြေကြသေးတယ်။ သူတို့ သီချင်းကိုတော့ သိပ်မကြိုက်ပါဘူး။ သီချင်းစာသားကိုက မခံချင်စရာပါ။ “ကျမတို့ အတွက် စက်သေနတ်က ပထမ၊ ကောင်လေးတွေက ဒုတိယ” တဲ့။
သစ္စာနီသည် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသားထုတ်ဝေလျက်ရှိသည့် စာရေးဆရာ တဦးဖြစ်သည်။