မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းလ်ဖုန်း ပြောဆိုခများကို လက်ရှိတွင် တမိနစ် ၅၀ ကျပ် ကောက်ခံလျှက် ရှိသော် လည်း အနာဂတ်တွင် တမိနစ် ၁၅ ကျပ် နှင့် ၂၅ ကျပ်အကြား သတ်မှတ် လျှော့ချသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောဆိုလိုက်သည်။
ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က လက်ကိုင်ဖုန်း ပြောဆိုဆက်သွယ်ခကို တမိနစ် ၅၀ ကျပ်မှ ၅ ကျပ်နှုန်းသို့ လျှော့ချပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းစဉ် ဦးသောင်းတင်က မိုဘိုင်းလ်ဖုန်းပြောဆိုခ တမိနစ်လျှင် ၁၅ ကျပ်အထိ လျော့ချသွားရန် ရှိသည်ဟု ပြန်လည် ဖြေဆိုလိုက်ခြင်း ဖြစ်သည်။
“ဒုဝန်ကြီး ဦးသောင်းတင် ပြောတာက မိုဘိုင်းလ်ဖုန်း ပြောဆိုခကို တမိနစ် ၁၅ ကျပ်နဲ့ ၂၅ ကျပ် အကြားပေါ့နော်။ အဲဒါနဲ့ သိပ်မကွာတဲ့ နှုန်းထားတခုဖြစ်အောင် လုပ်ဆောင်ပေးပါမယ် ဆိုတဲ့ အဖြေရတယ်” ဟု ဦးကြည်မြင့်က ဆိုသည်။
ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသောင်းတင်က မိုဘိုင်းလ်ဖုန်း ပြောဆိုခ လျှော့ချမည်ဟု ပြောဆိုသော်လည်း မည်သည့် အချိန်တွင် လုပ်ဆောင်ပေးမည်ဆိုသည်ကို အတိအကျထုတ်ဖော် ပြောဆိုခြင်း မပြုကြောင်း၊ ဈေးကွက်စီးပွားရေး စနစ်အရ အော်ပရေတာ လိုင်စင်ရရှိထားသည့် ကုမ္ပဏီများအနေဖြင့် လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် ကောက်ခံနေသော ဖုန်းပြောဆိုနှုန်းထားများသည် အိမ်နီးချင်းနိုင်ငံများကို လေ့လာရာတွင် မြန်မာနိုင်ငံက များစွာ ဈေးနှုန်းကြီး မြင့်နေသဖြင့် ဖုန်းပြောဆိုခ လျှော့ချရန် စဉ်းစားရခြင်းဖြစ်ကြောင်း ပြောသည်။
မိုဘိုင်းလ်ဖုန်း ပြောဆိုခ လျှော့ချမည့် အစီအစဉ်ကို ကြိုဆိုသော်လည်း ဈေးကွက်သဘောအရ ယှဉ်ပြိုင်မှုကို အခြေမခံဘဲ အဖွဲ့အစည်းတခုက ဈေးနှုန်း သတ်မှတ်ပေးခြင်းသည် ဆိုရှယ်လစ်သဘော ဆန်ကြောင်း၊ ဖုန်းပြောဆိုခ လျှော့ပေးချ ပေးမှုကြောင့် လိုင်းကျပ်မည်ကိုမူ စိုးရိမ်ကြောင်း အိုင်တီပညာရှင် ဦးရဲမြတ်သူက ပြောသည်။
“နိုင်ငံတကာမှာ ပုံစံမျိုးစုံ ရှိတယ်။ တချို့ကုမ္ပဏီတွေက သူ့ကုမ္ပဏီက ထုတ်တဲ့ ဖုန်းကိုပဲ အချင်းချင်း ဆက်ရင် Free ပေးတယ်။ တချို့က ညပိုင်းဆက်ရင် Free။ ဂျပန်မှာ ဆိုရင် ကုမ္ပဏီတူရင် Free။ တခြားကုမ္ပဏီက ဖုန်းကိုဆက်ရင် ပိုက်ဆံ ပေးရတယ်။ ညဆိုရင် တဈေး နေ့ဆိုရင် တဈေး။ လူတွေရဲ့ သုံးစွဲမှုပေါ်မှာ မူတည်ပြီးတော့ ကစားကြတာပဲ။
ဈေးကွက် အပေါ်ကနေပြီးတော့မှ ဖန်တီးတာ ဖြစ်တယ်။ အဖွဲ့အစည်း တခုက သတ်မှတ် လျှော့ပေါ့မယ် ဆိုရင်တော့ ဆိုရှယ်လစ် နည်းနည်းဆန်နေသလားလို့ပါ” ဟု ဦးရဲမြတ်သူက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်အတွက် နော်ဝေ နိုင်ငံမှ Telenor ကုမ္ပဏီနှင့် ကာတာ နိုင်ငံမှ Ooredoo ကုမ္ပဏီတို့ကို အစိုးရက ရွေးချယ်လိုက်ပြီး ပြင်သစ် Orange နှင့် Marubeni ကုမ္ပဏီတို့ကို အရန် အော်ပရေတာ အဖြစ် ရွေးချယ်လိုက်ကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။