၂၀၀၈ ခုနှစ်လောက်ကမှ မော်ဒယ်လ် လောကကို စတင်ဝင်ရောက်လာခဲ့တဲ့ ပဲခူးမြို့က မော်ဒယ်လ် ထွန်းကိုကိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့က တောင်ကိုရီးယား နိုင်ငံမှာ ကျင်းပပြုလုပ်သွားတဲ့ Asia New Star Model Contest 2013 ပြိုင်ပွဲမှာ ပထမဆုဖြစ်တဲ့ Asia New Star Model Award နဲ့ Title ဆုဖြစ်တဲ့ Seokyeong တက္ကသိုလ်ကနေ ပေးအပ်တဲ့ ဆုကိုလည်း ရရှိခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ ဒီပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရဖို့အတွက် မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့က Mizon Myanmarနဲ့ Korea Model Association (KMA) တို့ ပူးပေါင်း ကျင်းပတဲ့ Face of Myanmar 2012 ပြိုင်ပွဲမှာ Mr. ဆုကို ရရှိခဲ့တာကြောင့်လို့ သိရပါတယ်။ Asia New Star Model Contest ပြိုင်ပွဲကြီးဟာ တောင်ကိုရီးယားပြိုင်ပွဲမှာ နှစ်စဉ်ကျင်းပလာခဲ့တာ ယခု ၈ ကြိမ်မြောက်မှာ မြန်မာနိုင်ငံကို ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပေးခဲ့တာပါ။ ဆုရရှိသူ မော်ဒယ်လ် ထွန်းကိုကို အပြင် မြန်မာနိုင်ငံကနေ ပြိုင်ပွဲဝင် ၆ ယောက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ကိုးရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ထိုင်ဝမ်၊ မွန်ဂိုလီးယား၊ ဂျပန်၊ ထိုင်း၊ သီရိလင်္ကာ စတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံက ပြိုင်ပွဲဝင်ပေါင်း ၆၀ ပါဝင်ခဲ့တဲ့ ဒီပြိုင်ပွဲမှာ နိုင်ငံ့ဂုဏ် ဆောင်လာနိုင်ခဲ့တဲ့ မော်ဒယ်လ် ထွန်းကိုကို ကို ပြိုင်ပွဲအတွက် ပြင်ဆင်ခဲ့ရပုံ၊ ပြိုင်ပွဲ အတွေ့အကြုံနဲ့တကွ နိုင်ငံတကာ မော်ဒယ်လ်ပြိုင်ပွဲနဲ့ မြန်မာမော်ဒယ်လ် ပြိုင်ပွဲတွေအပေါ် သူရဲ့ အမြင်တွေကို ဧရာဝတီ သတင်းထောက် မစပ်စုက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ ဒီပြိုင်ပွဲဝင်ဖို့အတွက် ဘာတွေ ကြိုတင် ပြင်ဆင်ခဲ့ရပါသလဲ။
ဖြေ။ ။ အများကြီး ပြင်ဆင်ခဲ့ရပါတယ်။ ပြိုင်ပွဲ မစခင်ကတည်းက ရိုးရာဝတ်စုံလည်း ပါမယ်ဆိုတော့ အဓိကကတော့ ကိုယ့်ရိုးရာ ဝတ်စုံကို တခြားနိုင်ငံတွေ သိအောင် ကိုယ့်ရိုးရာ အဝတ်အစားကို အမှားအယွင်း မပါအောင် အဓိက ထိန်းသိမ်းရတယ်။ ပထမတော့ ပုဂံအဝတ်အစား ဝတ်မလို့ပါပဲ။ ပုဂံ အဝတ်အစား ကျတော့ Accessories (ဒွာဒရာ) တွေက အရမ်းကို များတော့ ဟိုကျရင် ကိုယ်တယောက်တည်းဆို အဆင်မပြေမှာ စိုးလို့ တိုက်ပုံလေးနဲ့ ကျက် သရေရှိရှိလေး ဝတ်မယ်ဆိုပြီးတော့ တိုက်ပုံကိုမှ ရင်ဖုံးပုံစံ တကယ့်ကို မြန်မာစစ်စစ် ပုံစံ မမှားအောင် လုပ်သွားပါတယ်။ အရောင်ကိုလည်း Golden land (ရွှေနိုင်ငံ) ဆိုတော့ ရွှေရောင်လုပ်တယ်။ ခေါင်းပေါင်းရယ်၊ တောင်ရှည် ပုဆိုးနဲ့ အဲဒီလိုမျိုး ယှဉ်ပြိုင်ခဲ့တာပါ။ အလံလေးတွေ၊ မြေပုံ ရင်ထိုး လေးတွေကအစ အသေးစိတ်ကို ပြင်ဆင် ယူသွားတာပါ။
ခန္ဓာကိုယ်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း အဆင်ပြေအောင် အသားအရည် အပိုင်းကအစ တော်တော်လေးကို ပြင်ဆင် သွားရပါတယ်။ ဒီပြင်ဆင်မှုပိုင်းတွေကိုတော့ ကိုယ့်ဘာသာကိုပဲ လုပ်ရတာများပါတယ်။ တောင်ရှည်တွေ ဘာတွေကျတော့ မကြီးစန်း (ခင်စန်းဝင်း) တို့က စပွန်ဆာ ပေးတာပါ။ တောင်ရှည်ကို ဟိုကျလို့ ကိုယ့်ဘာသာဝတ်ရင် အဆင်မပြေမှာ စိုးတော့ တောင်ရှည်ကို တခါတည်းလုပ်ပြီးသား ပတ်လိုက်တာနဲ့ တောင်ရှည် ပုံစံကျနေအောင် ပြင်ဆင်ပေးလိုက်ပါတယ်။ တိုက်ပုံကိုတော့ ကိုယ့်ဘာသာကိုယ် ချုပ်တယ်။ ကျန်တဲ့ အဝတ်အစားတွေ ကတော့ ကိုယ့်ဘာသာကိုယ် လုပ်ပါတယ်။ ပြိုင်ရတာ အဝတ်အစား သုံးမျိုး ဝတ်ပြီး ပြရတာပါ။ ရိုးရာဝတ်စုံ၊ စွပ်ကျယ်နဲ့ ဂျင်းဘောင်းဘီ၊ အနောက်တိုင်း ဝတ်စုံ နက်ကတိုင်နဲ့ ကုတ်နဲ့ ဝတ်ပြီး ပြိုင်ရပါတယ်။
မေး။ ။ အခုလို အဝတ်အစားသုံးမျိုး ဝတ်ပြီးပြိုင်ရတဲ့အပြင် တခြား ဘာ အရည်အသွေး၊ လုပ်ဆောင်ချက်တွေ ပြရသေးလဲ။ ဥပမာ … သူတို့မေးတဲ့ မေးခွန်းကို ဖြေရတာမျိုးပေါ့။
ဖြေ။ ။ ဘာမှ အရမ်းကြီးတော့ မလုပ်ခဲ့ရပါဘူး။ သူတို့လည်း အချိန်မရဘူး။ ထိပ်မှာ အကသမားတွေ၊ အဆိုတော်တွေရဲ့ ကြားဖြတ် အစီအစဉ်တွေလည်း အရမ်းများတော့ ပြိုင်သာ ပြိုင်ခဲ့ပေမယ့် Performance တွေ မလုပ်ခဲ့နိုင်ဘူး။ ကိုယ်က အစမ်းလေ့ကျင့်တာ ဆိုပြီး၊ ဘာမှ မဖြစ်ပါဘူးဆိုပြီး ပေါ့ပေါ့တန်တန်နေလို့ မရဘူးခင်ဗျ။ စပြီး သွားကတည်းက ကိုယ်တွေကို စောင့်ပြီး ကြည့်နေတဲ့သူတွေက အများကြီးပါပဲ။ အဲဒီအတွက် ကိုယ်ကလည်း အစမ်းလေ့ကျင့်တာကိုကအစ ကောင်းအောင် အကောင်းဆုံးပေါ့၊ နေတာထိုင်တာက အစ အကုန်လုံး Perfect ဖြစ်နေအောင် နေရပါတယ်။ သူတို့က အဲဒီကတည်းက ကြည့်ပြီး အမှတ် ပေးနေတာ ထင်တယ်။ အင်တာဗျုးတွေ ဘာတွေလည်း မဖြေရပါဘူး။ ကိုယ့်နာမည်ရယ်၊ ကိုယ်ဘယ်က လာတယ် ဆိုတာလောက်ပဲ မိတ်ဆက်ရပါတယ်။
မေး။ ။ ပြိုင်ပွဲအတွေ့အကြုံ လေးလည်း ပြောပြပါဦး။
ဖြေ။ ။ အတွေ့အကြုံကတော့ အများကြီးရပါတယ်။ သူတို့ရဲ့ စင်မြင့် အပြင်အဆင်တွေ၊ ပွဲစီစဉ်ပုံတွေ၊ ဒီလောက် နိုင်ငံတွေ အများကြီးကို ထိန်းချုပ်နိုင်တဲ့ ပုံစံတွေပေါ့၊ ဘယ်အချိန်မှာ ပွဲလုပ်မယ်၊ ဘယ်အချိန်မှာ အစမ်းလေ့ကျင့်မယ်။ အကုန်လုံး တချိန်တည်း အရောက် အချိန်တိကျမှုတွေ၊ စည်းကမ်းပိုင်းတွေ အကုန်လုံး ထိန်းချုပ်တာ တော်တော် ကောင်းပါတယ်။
အဲဒါတွေကိုလည်း လေ့လာခဲ့ရတယ်။ သူတို့ရဲ့ ဖက်ရှင် ဒီဇိုင်းတွေ၊ နေပုံထိုင်ပုံတွေ အဲဒါတွေလည်း လေ့လာခဲ့ရပါတယ်။သူတို့တတွေရဲ့ ပြိုင်ပွဲ ကျင်းပပုံတွေကို အရမ်းကို အားကျမိတယ်။ အရမ်းကို ခမ်းနားတယ်၊ စုံလင်တယ်။ ဖျော်ဖြေရေး အကသမားတွေ ဆိုလည်း အရမ်းကို ကောင်းကြတယ်။ အဲဒါတွေ ကြည့်ပြီးတော့ ကိုယ့်နိုင်ငံမှာလည်း ဒါမျိုးတွေ ရှိရင် ကောင်းမှာပဲလို့ ဆိုပြီး စိတ်ကူးယဉ်မိပါတယ်။
မေး။ ။ အာရှကိုယ်စားပြု ရလာတဲ့ ဒီဆုက ရှေ့လျှောက် နိုင်ငံတကာ မော်ဒယ်လ်လောကမှာ ကိုထွန်းကိုကို အနေနဲ့ ဘယ်လို အခွင့်အလမ်းတွေ ရလာနိုင်မလဲ။
ဖြေ။ ။ အီတလီနိုင်ငံ မီလန်မြို့မှာကတော့ ပြိုင်ပွဲအနေနဲ့တော့ မဟုတ်ဘူးခင်ဗျ။ အာရှ ကိုယ်စားပြုအနေနဲ့ မော်ဒယ်လ် လုပ်ခွင့်ရမှာပေါ့။ မော်ဒယ်လ် တရားဝင်လုပ်ခွင့်ရမယ့် လိုင်စင်ရသွားပြီပေါ့။ ဒါပေမယ့် မသွားခင်မှာ ပြင်ဆင်စရာရှိတာလေးတွေတော့ အများကြီး ပြင်ဆင်ရဦးမှာပါ။ အခုလို ကိုယ့်နိုင်ငံ ကိုယ်စားပြုရုံတင် မကဘူး။ အာရှကိုယ်စားပြု အနေနဲ့ သွားရမယ်ဆိုတော့ ပိုပြီးတော့ ဂုဏ်လည်း ယူတယ်။ ကိုယ့်ဘက်ကလည်း အများကြီး ကြိုးစားဖို့တော့ လိုသေးတာပေါ့နော်။ ကိုယ့်အပေါ်မှာလည်း တာဝန်တွေက အများကြီး ကြီးလာပြီပေါ့။ ကိုယ့်ကြိုးစားမှုပေါ် မူတည်ပြီးတော့ ကိုယ့်နိုင်ငံအတွက်ပါ အခွင့်အလမ်းတွေ ပိုရလာအောင်၊ နိုင်ငံတကာနဲ့ ယှဉ်ပြီးတော့ တိုးတက်လာအောင် ကိုယ်ကပိုကြိုးစားရမယ့် တာဝန်တွေ အများကြီး ရှိလာပါပြီ။
မေး။ ။ အခုလို နိုင်ငံတကာ ပြိုင်ပွဲမှာ သွားပြိုင်ရတဲ့အခါ မြန်မာ တယောက်အနေနဲ့ အခက်အခဲတွေရှိလား။ အစစအရာရာ နောက်ကျနေခဲ့တဲ့ နိုင်ငံအနေနဲ့ တခြား အရှေ့ရောက်နေတဲ့ နိုင်ငံတွေကို ရင်ပေါင်တန်းတဲ့အခါ မျက်နှာငယ်ခဲ့ရတာမျိုးရော ရှိခဲ့လား။
ဖြေ။ ။ အခက်အခဲတွေကတော့ ရှိတော့ ရှိပါတယ်။ ကိုယ်လည်း အကောင်းဆုံး ပြင်ဆင်သွားတာပဲ။ ဒါပေမယ့်လည်း သူတို့ နိုင်ငံရဲ့ အဝတ်အစားကြီးတွေက အရမ်းကောင်းတဲ့ အဝတ်အစားတွေကို အကြီးအကျယ် လုပ်လာကြတာတွေ တော်တော် များပါတယ်။ တချို့နိုင်ငံတွေဆိုလည်း ကျနော့်ကို ဘယ်က လာလဲဆိုပြီး လာမိတ်ဆက်တဲ့အခါ မြန်မာ လို့ပြောရင် သိပ် မသိချင်ကြဘူး။ ဘယ်နိုင်ငံလဲဆိုပြီး သိပ်မသိကြတဲ့ နိုင်ငံတွေရှိတယ်။ အဲဒီတော့ ရင်ထဲမှာတော့ တမျိုးပဲ။ ထားလိုက်ပါလေ ပေါ့လေ။ ငါတို့ရဲ့ အစွမ်းအစကို သူတို့ မသိကြသေးလို့ဆိုပြီး စိတ်ထဲမှာတော့ ကြိတ်နေနေ ခဲ့ရတာပေါ့။ အခုလို ဆုရတယ်ဆိုတော့ ကိုယ့်နာမည်ကို သိဖို့က အရေးမကြီးပါဘူး။ ကိုယ့်နိုင်ငံကို လူသိသွားပြီး ဘယ်က ဆုရသွားတာလဲ “မြန်မာ” ဆိုတာကို သူတို့ ပါးစပ်ထဲမှာ တော်တော်လေး စွဲသွားတယ်လို့တော့ ထင်တယ်ဗျ။
မေး။ ။ နိုင်ငံတကာပြိုင်ပွဲကို သွားပြိုင်တော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ကရော ဘယ်လို ပံ့ပိုးမှုတွေပေးခဲ့လဲ။
ဖြေ။ ။ ဒါကတော့ မော်ဒယ်လ် ကိစ္စ ဆိုတော့လည်း သက်ဆိုင်ရာတွေအနေနဲ့ မဆိုင်ဘူးလို့လည်း ထင်တာပဲ။ ကိုယ့်နိုင်ငံ အားကစားလည်း မဟုတ်ဘူးဆိုတော့လေ။ ဒါပေမယ့် ပံ့ပိုးမှုပိုင်းမှာတော့ နည်းတယ်လို့ ပြောရမလားပဲ။ စပွန်ဆာပေးတဲ့ Aqua land ဆိုတဲ့ Cosmetics ကုမ္ပဏီက Miss Natalie Han က အဓိက ကူညီ ပံ့ပိုးပေးတယ်။ သူ့ကိုလည်း အထူး ကျေးဇူး တင်ပါတယ်။ ကိုရီးယားမှာ ပြိုင်တုန်းကရော၊ အခုသွားမယ့် ခရီးစဉ်အတွက်ကိုရော သူတို့ကတော့ စပွန်ဆာပေါ့နော်။ အဲဒီလိုမျိုးတော့ လုပ်ပေးပါတယ်။ ကိုယ့်နိုင်ငံက တကယ့် သက်ဆိုင်ရာတွေ အနေနဲ့ကတော့ အားပေးမှု နည်းသေးတယ်လို့ပဲ ပြောရမှာပေါ့။
မေး။ ။ နိုင်ငံတကာက မော်ဒယ်လ်တွေနဲ့ တွေ့ရတော့ မြန်မာနိုင်ငံရဲ့ မော်ဒယ်လ်လောကအနေနဲ့ ဘယ်လို လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ မြင်မိလဲ။
ဖြေ။ ။ သူတို့တတွေကတော့ အဓိက စည်းကမ်းရှိကြတယ်ပေါ့။ ကိုယ်တွေမှာလည်း စည်းကမ်းမရှိဘူး မဟုတ်ပါဘူး။ ရှိကြပါတယ်။ ဒါပေမယ့် တချို့တွေက အလုပ်တွေများတာပဲ ဖြစ်ဖြစ်ပေါ့ စည်းကမ်းပိုင်းမှာ လစ်ဟာတာလေးတွေ ရှိပါတယ်။
စည်းကမ်းဆိုတာက အချိန်မတိကျတာတို့၊ ဘာတို့၊ ညာတို့ပေါ့နော်။ အချိန်တိကျဖို့ ဆိုတဲ့ နေရာမှာ ချိန်းတဲ့သူကလည်း တိကျဖို့လိုတယ်၊ လုပ်မယ့်သူကလည်း တိကျဖို့ လိုပါတယ်။ ချိန်းတဲ့သူက ကြိုချိန်းပြီး လုပ်မယ့်သူက ကြိုရောက်နေလို့ စောင့်နေရမယ် ဆိုရင်လည်း နောက်လုပ်မယ့် အလုပ်တွေအတွက် လစ်ဟာသွားနိုင်ပါတယ်။ စည်းကမ်းသည် လူ၏တန်ဖိုးလေ။ စည်းကမ်းရှိမှ လူတယောက်က တန်ဖိုးရှိမှာဆိုတော့ စည်းကမ်ပိုင်းတွေကို ပြင်ဖို့လိုမယ်ဗျ။ အဲဒါလေးတွေကို သေချာ ပြင်လိုက်ရင်တော့ ကောင်းမယ်ထင်တယ်။
မေး။ ။ လက်ရှိ မြန်မာ့မော်ဒယ်လ် လောကကိုရော ဘယ်လိုမြင်မိလဲ။
ဖြေ။ ။ မြန်မာနိုင်ငံရဲ့ မော်ဒယ်လ်လောကမှာ ဆိုရင်တော့ ယောကျ်ာလေးတွေရဲ့ အခွင့်အလမ်း အခွင့်အရေး တော်တော်လေး နည်းခဲ့တယ်။ မိန်းကလေးတွေနဲ့ ယှဉ်ရင်လေ။ ယောက်ျားလေး ရှိုးပွဲတွေဆိုရင် အရမ်း နည်းတယ်။ ဦးစားပေးတာ မိန်းကလေး တွေပေါ့။ ဒါပေမယ့် ဒီလို အခွင့်အရေးလေး ပေးလာတုန်းမှာ ကိုယ့်ဘက်က မိမိရရ အသုံးချလိုက် နိုင်တယ်လို့ပဲ သဘောထား လိုက်ပါတယ်။ မိန်းကလေးတွေ ကျတော့ လူတွေက ပိုပြီး စိတ်ဝင်စားကြတယ်၊ စိတ်ဝင်စားခြင်း ခံရတယ်။ ယောကျာ် လေးတွေ ကျတော့ သိပ်စိတ်မဝင်စားကြဘူး။ အဲဒီလိုပဲ ဖြစ်ပါလိမ့်မယ်။
မေး။ ။ အခုလို Asia New Star Model Award ဆုရော Title ဆုရော ရလာတဲ့အပေါ် ကိုထွန်းကိုကိုရဲ့ သဘောထားလည်း သိချင်ပါတယ်။
ဖြေ။ ။ ဆုရတာကတော့ ကိုယ့်ရဲ့ ကြိုးစားမှုရယ်၊ ရိုးသားမှုရယ် ဒါတွေပေါင်းပြီးတော့ ရလဒ်ကောင်း တခု ရတယ်လို့ မြင်တယ်။ ဘာကြောင့်လဲ ဆိုတော့ အကဲဖြတ် ဒိုင်တွေကလည်း နိုင်ငံတကာက ဒိုင်တွေလေ။ အများကြီးပဲ။ ၁၀ ယောက် အထက်မှာ ရှိပါတယ်။ သူတို့ရဲ့ Comment လေးပြန်ရတဲ့အခါ၊ သူတို့အနေနဲ့ ကြည့်လိုက်တဲ့အခါ သူများတွေနဲ့လည်း မတူးဘူးပေါ့နော်။ ရုပ်ကိုက ကွဲထွက်နေတယ်ပေါ့။ နောက်ပြီး ကြည့်လိုက်ကတည်းက အရမ်းကို ရိုးသားတဲ့ပုံ ပေါ်နေတယ်ဆိုပြီး သေချာပြောပါတယ်။ ဒါကြောင့် ရိုးသားမှုနဲ့ရခဲ့တဲ့ ဆုလဒ် တခုလို့ ထင်တယ်ဗျာ။ မြန်မာဆိုတာ ရိုးသားတယ်ဆိုတဲ့ အရာ နိုင်ငံတကာမှာ ပေါ်လွင် စေခဲ့ပါတယ်။
မေး။ ။ နောက်ပိုင်း လူငယ်တွေအတွက် နိုင်ငံတကာ ပြိုင်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရနိုင်ဖို့ ဘယ်လို အကြံပြုချင်သေးလဲ။
ဖြေ။ ။ နောက်ပိုင်းလူငယ်တွေအတွက်တော့ ပိုပြီးတော့ အခွင့်အလမ်းတွေ ရဦးမှာပဲ။ ကျယ်ပြန့်လာ ဦးမှာပဲဆိုတော့ ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မယ့် ခေတ်ဖြစ်နေပြီလေ။ ကိုယ့်ဘက်က ကြိုးစားဖို့ပဲ။ မကြိုးစားရင်တော့ မအောင်မြင်ဘူး။ အဲဒီအတွက် ကိုယ်က အမြင့်ဆုံးကို ရောက်ချင်ရင်တော့ ပိုပြီးတော့ ကြိုးစားဖို့လိုပါတယ်။
မေး။ ။ မြန်မာ့မော်ဒယ်လ် ဂုဏ်ဆောင်တယောက် အနေနဲ့ ပြည်သူ့အကျိုးပြု၊ ပရဟိတ လုပ်ငန်းမျိုးတွေ လုပ်ဖို့ကော အစီအစဉ်ရှိလား။
ဖြေ။ ။ ကျနော် အရင်ကတည်းကလည်း လုပ်ဖြစ်ပါတယ်။ နောက်ထပ်လုပ်ဖို့လည်း စိတ်ကူးရှိပါတယ်။ အဓိကကတော့ နာရေး ကူညီမှုအသင်း လိုမျိုး အလုပ်တွေလည်း လုပ်ဖြစ်မယ်။ နောက်ပြီးတော့ မိဘမဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့ အလုပ်မျိုးပေါ့။ အဲဒီမှာ ဝိုင်းဝန်းကူညီတာမျိုးပဲ ဖြစ်ဖြစ်ပေါ့။ လုပ်ဖြစ်မှာပါ။ ။