မွန်ပြည်နယ် မော်လမြိုင်မြို့ ရိုးဂိုရွာတွင် ဖြစ်ပျက်ခဲ့သော သင်္ကြန် နှစ်ဆန်း ၁ ရက်နေ့တွင် ရဲနှင့် ဒေသခံလူငယ်များ အပြန်အလှန် ရိုက်နှက်မှုတွင် ရဲဘက်မှ စတင်ခဲ့ခြင်းဖြစ်သောကြောင့် ယခုလို ပဋိပက္ခဖြစ်ခဲ့ရပြီး ဖမ်းဆီးထားသော လူငယ် ၁၁ ဦးကို ပြန်လည်လွှတ်ပေးရန် မွန်လူငယ်ဖိုရမ်က တောင်းဆိုလိုက်သည်။
ထို့အပြင် ဖမ်းဆီးထားသော လူငယ်များတွင် အသက်မပြည့်သူ အများစုဖြစ်ပြီး ဖမ်းဆီးချုပ်နှောင်ထားစဉ် ညှဉ်းပမ်းနှိပ်စက်မှုများလည်း တွေ့ရကြောင်း မွန်လူငယ်ဖိုရမ် တာဝန်ခံ မင်းဉာဏ်သိုက်ရာမာန်က ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်များကို ပြန်ကြည့်လျှင် မွန်အမျိုးသားအလံကိုင်လာသော လူငယ်များသည် ရိုးဂိုရွာထဲသို့ မရောက်မီ လုံခြုံရေးဂိတ် ၂ ခုမှ တုတ် ဓား လက်နက်များကို စစ်ဆေးရာတွင် အလံကိစ္စကို ခွင့်ပြုခဲ့ပြီးမှ ရွာထဲသို့ ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ အလံကို ရဲတပ်ဖွဲ့မှ ရဲအုပ်မြင့်နိုင်ဆိုသူက အမျိုးသားအလံကို ပုတ်ခတ်ပြောဆိုခဲ့ပြီး သိမ်းဆည်း ဆုတ်ဖြဲခဲ့သောကြောင့် လူငယ် များမှ အလံပြန်တောင်းခဲ့ရာ ရဲအုပ်မြင့်နိုင်က လူငယ်များကို စတင်ရိုက်ပုတ်ခဲ့ခြင်းဟု ၎င်းက ဆိုသည်။
“ ရဲတွေဘက်က သတင်းထုတ်ပြန်တာ မမှန်ဘူး။ လူငယ်တွေက စတာ မဟုတ်ဘူး။ အဲဒီရဲအုပ်က လူငယ်တွေကို စတင်ရိုက်ပုတ်တဲ့တွက် လူငယ်တွေက ပြန်လုပ်တာ။ ဒါ့ကြောင့် ဖမ်းထားတဲ့ လူ ၁၁ ဦးကို ပြန်လွှတ်ပေးဖို့၊ လူမျိုးရေးကို ပုတ်ခတ်ပြောတဲ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုပါ ထိခိုက်အောင် ပဋိပက္ခကို စတင်ခဲ့တဲ့ ရဲအုပ်မြင့်နိုင်ကို အရေးယူဖို့ တောင်း ဆိုလိုက်တာ ” ဟု မင်းဉာဏ်သိုက်ရာမာန်က ပြောသည်။
ထို့အပြင် ဖမ်းဆီးထားသော ၁၁ ဦးတွင် အသက်ပြည့်သောသူ ၃ ဦးသာပါဝင်ပြီး ထိုအထဲမှ အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသား တစ်ဦးလည်း ပါဝင်ကြောင်း၊ ထိုကလေးကို ရုံးထုတ်ရာတွင် ကလေး၏ ကိုယ်ခန္ဓာ၌ အပ်နှင့်ထိုးသော ဒဏ်ရာများ၊ လျှပ်စစ်ဖြင့် တို့ထားသော ဒဏ်ရာများဟု ယူဆရသော ဒဏ်ရာတချို့ကိုတွေ့ရကြောင်း၊ ကလေးများအနေ ဖြင့် စိတ်ဓာတ်ရေးရာပါ ထိခိုက်ပျက်ပြားနေသော အခြေအနေကို မိဘများနှင့် မိမိတို့က စိုးရိမ်ကြောင်း မွန်လူငယ်ဖိုရမ်မှ တာဝန်ခံတစ်ဦးဖြစ်သည့် မိစန္ဒာနွန်ကလည်း ဧရာဝတီသို့ ပြောသည်။
အခင်းဖြစ်ပွားသော နေရာတွင် ရဲအုပ်မြင့်နိုင်မှာ တရားဝင် တာဝန်ကျခြင်းမဟုတ်ပဲ၊ ရင်းနှီးသော ဒေသခံများထံ လာရောက်သောက်စားနေပြီး မိမိတို့ လူမျိုးအလံကို ကိုင်ဆောင်ကာ ဆိုင်ကယ်စီးဝင်လာသော လူငယ်များထံမှ အလံကိုလုယူ ပြီး အဆိုပါ အလံတိုင်ဖြင့် အလံကိုင်ဆောင်သူကို စတင်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း၊ အလံကို ပြန်တောင်းရာ “ ဓမိန်း(ထမိန်)လား၊ အလံလား ” စသည်ဖြင့် အလံအပေါ် ပုတ်ခတ်ပြောဆိုပြီး ကိုယ်ထိလက်ရောက် ထိုးနှက်သဖြင့် ရိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း မွန်လူငယ်ဖိုရမ်၏ ထုတ်ပြန်ချက်အရ သိရသည်။
“ ပြီးခဲ့တဲ့ အပတ်က ရုံးထုတ်တော့ မိဘတွေက သွားကြည့်ပြီး တော်တော်လေး စိုးရိမ်ရတဲ့အကြောင်း ပြောတယ်။ ကလေး တွေက စိတ်ဓာတ် တော်တော် ကျနေကြတယ်။ သူတို့ကို လွှတ်ဖို့ မရှိတော့ဘူးလား ဆိုနေကြတယ်။ သူတို့ကို နှိပ်စက်တဲ့အကြောင်းလည်း ပြောတယ် ” ဟု မိစန္ဒာနွန်က ဆိုသည်။
ထိုကိစ္စနှင့် ပက်သက်ပြီး ဧရာဝတီသတင်းဌာနမှ မုပွန်ရဲစခန်းနှင့် မော်လမြိုင်မြို့ ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးသန့် တို့ထံသို့ ၂ ရက်တိတိ ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
ထိုကိစ္စနှင့် ပက်သက်ပြီး ရဲများဘက်မှ နှိပ်စက်မှုရှိ မရှိကို စုံစမ်းလေ့လာရန်လိုအပ်ကြောင်း၊ ယခင်အချိန်များက ရဲများအနေ ဖြင့် အတင်းအကြပ် ဝန်ခံရန်အတွက် ထိုသို့ ဆောင်ရွက်တတ်ကြောင်း၊ ရဲများဘက်မှ မှားယွင်းမှုရှိနေလျှင်သော်မှ မှန်ကန်မှု ရှိရန် လုပ်ကြံဖန်တီးနှိပ်စက်တတ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီအတွင်းရေးမှူး ဒေါက်တာ ဗညားအောင်မိုး က ဧရာဝတီသို့ ပြောသည်။
ယခုလို မွန်လူငယ်ဖိုရမ်မှ သတင်းထုတ်ပြန်ချက်များသည် အချက်အလက် မှန်ကန်သည်ဟု ယူဆသဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်နိုင်သော်လည်း ၎င်းအနေဖြင့် အချက်အလက် မှန်ကန်မှုရှိ မရှိ မသိသေးသောကြောင့် မည်သို့ တွေးထင်ရမည်ကို မသိ ကြောင်း၊ သို့ရာတွင် အထောက်အထား ခိုင်လုံမည်ဆိုလျှင်တော့ မွန်လူငယ်ဖိုရမ်ဘက်ကို ထောက်ခံရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ တရားဥပဒေစိုးမိုးရေးက အရေးကြီးပါတယ်။ ဒီလို ကလေးတွေကို ရဲဘက်က လုပ်ခဲ့တာ မှန်မယ်ဆိုရင်တော့ လက်မခံပါ ဘူး။ ဒီလို မမှန်ကန်မှုတွေ လုပ်ခဲ့တာမှန်ရင် အစိုးရအဖွဲ့ကရော၊ လွှတ်တော်ကရော ဒါကို ဒီအတိုင်းကြည့်နေလို့ မရပါဘူး။ မှန်ကန်မှုရှိအောင် လုပ်ရမယ် ” ဟု ၎င်းက ဆက်ဆိုသည်။