စစ်ကိုင်းတိုင်း ဒေသကြီး၊ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာတွင် တည်ရှိသော ဂရိတ်ဝေါသကြားစက်နှင့် သစ်အချောထည် စက်ရုံ လုပ်ငန်းပိုင်ရှင် ဦးတင်မောင်ကို နိုင်ငံတော် သမ္မတ၏ စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင် ဂုဏ်ပြုဆုပေးအပ်ခြင်းနှင့် ပတ်သက်ပြီး ဒေသခံ တောင်သူလယ်သမားများက မကျေနပ်သဖြင့် တရားဥပဒေနှင့် အညီ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သော ဗုဒ္ဓဟူးနေ့ မေလ ၈ ရက်နေ့က ဒေသခံ တောင်သူလယ်သမား ၅၀၀ ခန့်မှ ဆန္ဒထုတ်ဖော်ခွင့်ရရှိရန် ထီးချိုင့်မြို့နယ် ရဲတပ်ဖွဲ့မှူးထံသို့ စာတင်ခဲ့ကြောင်းလည်း သိရသည်။
“လယ်မြေတွေ မတရားသိမ်းပြီး ဒေသရဲ့ ဖွံ့ဖြိုးရေးကို လုံး၀ လှည့်မကြည့်တဲ့ သူကို သမ္မတက ဂုဏ်ပြုဆုပေးတယ် ဆိုတော့ ကျနော်တို့ ဒေသခံတွေရဲ့ ခံစားချက်ကို ထည့်မတွက်ရာ ရောက်နေတယ်။ ဒီဒေသမှာ ဦးတင်မောင် မြေသိမ်းတာ၊ သစ်ခိုးထုတ်တာ လူတိုင်း သိပါတယ်။ ဒီပြဿနာတွေကိုကျတော့ မဖြေရှင်းပဲနဲ့ ခုလို ဆုပေးလိုက်တာက ဒေသခံတွေ အပေါ် ပိုအနိုင်ကျင့်နိုင်အောင်၊ သစ်ပို ခိုးနိုင်အောင် လုပ်ပေးလိုက်သလိုပဲ” ဟု ထီးချိုင့်မြို့ ဒေသခံ လူငယ်တစ်ဦးက ဧရာဝတီကို ပြောသည်။
ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သည့် ရှေ့နေ ဦးစိန်လှကလည်း “သမ္မတ ဦးသိန်းစိန် အစိုးရကို အလိုမရှိ၊ ခရိုနီတွေကိုပဲ အားပေးအားမြောက် ပြုနေတယ်၊ ပြည်သူလူထုကို ခြေလက် နင်းခြေနေတယ်လို့ သမ္မတ ဦးသိန်းစိန်ကို ပြောချင်တယ်။ ဆင်းရဲ မွဲတေမှု တိုက်ဖျက်ပါမယ်၊ တောင်သူလယ်သမားတွေရဲ့ ဘ၀ တိုးတက်အောင် လုပ်ပါမယ်လို့ တွင်တွင်ပြောခဲ့တဲ့ ဦးသိန်းစိန် အစိုးရအဖွဲ့ဟာ လယ်ယာမြေ မတရားသိမ်းဆည်းတဲ့ ဦးတင်မောင်လို လူမျိုးကို ဂုဏ်ပြုဆုပေးတဲ့အတွက် ကန့်ကွက်တဲ့ အကြောင်း ဆန္ဒထုတ်ဖော်ကြမှာပဲ” ဟု ဧရာဝတီကို ပြောသည်။
ဦးတင်မောင် ပိုင်ဆိုင်သည့် ဂရိတ်ဝေါလ် သကြားစက်နှင့် ဟွန်ဒါ မြန်မာကုမ္ပဏီတို့သည် ထီးချိုင့်မြို့နယ်၊ တကောင်းမြို့နယ်၊ ကသာမြို့နယ်နှင့် ရွှေကူမြို့နယ်များတွင် မြေဧက ၄ သိန်းကျော်ကို သိမ်းယူထားကြောင်း ဦးစိန်လှက ဆိုသည်။
ဂရိတ်ဝေါလ် သကြားစက်သည် ၂၀၀၈ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး တစ်ရက်လျှင် ကြံတန်ချိန် ၂၀၀၀ ကြိတ်ဝါးနိုင်ကာ သကြား၊ ဘိုင်အို အီသနောနှင့် ဇီဝမြေသြဇာများကိုပါ ထုတ်လုပ်ကြောင်း သိရသည်။ မိုးရာသီတွင် သကြားစက်မှု ရေဆိုးများလျှံကျမှုမှ ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကြောင့် ဒေသခံများ မကျေမနပ်ဖြစ်နေကြသည်။
ဧပြီလ ၃၀ ရက်နေ့တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာ ကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်ခဲ့သော နိုင်ငံတော် သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည် ဆုနှင့် ဂုဏ်ပြုဆုရရှိသူ အများစုသည် ဒေသခံလူထုနှင့် မြေယာပြဿနာများ ရင်ဆိုင်နေရဆဲ လုပ်ငန်းရှင်များ ဖြစ်သည်။
စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆု၊ နိုင်ငံ့စွမ်းဆောင်ရည်ဆုကို ရရှိခဲ့သည့် ဦးအောင်သန်းဦး၏ ပင်လယ်ကိုးသွယ် ကုမ္ပဏီ၊ အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင် ဆု ရရှိသည့် ဦးချစ်ခိုင်၏ Gold Delta တို့သည် လည်း ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်း လယ်ယာမြေဧက ထောင်နှင့်ချီ၍ သိမ်းယူခဲ့ပြီးဒေသခံ တောင်သူလယ်သမားများနှင့် အငြင်းပွားမှုများ ကြုံတွေ့နေရဆဲဖြစ်သည့် လုပ်ငန်းရှင်ကြီးများဟု ဝေဖန်မှုများ ရှိနေသည်။
“ကျနော်ကတော့ ကျီး ဘုတ်မြောက်၊ ဘုတ် ကျီး မြောက်ပေးတဲ့ ဆုလို့ပဲ ပြောချင်တယ်။ အာဏာကို မှီခိုပြီး ကြီးပွားလိုသူနဲ့ အာဏာတည်မြဲဖို့ မြောက်စားသူတွေ အချင်းချင်း ပေးတဲ့ ဆုလို့ပဲ မြင်တယ်၊ နိုင်ငံတော် အတွက်လည်း ဘာမှ အကျိုးမရှိဘူး၊ လယ်သမားတွေအတွက်လည်း ဘာမှ အကျိုးမရှိဘူး၊ လယ်သမားတွေ စိတ်ထဲမှာ အစိုးရက ငါတို့ကို ဖိနှိပ်တဲ့သူတွေကို ချီးမြောက်တယ်ဆိုတဲ့ စိတ်ဝင်သွားပြီ” ဟု လယ်သမား ရှေ့နေ ကိုဖိုးဖြူက ဧရာဝတီကို ပြောသည်။