၆၆ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနား မကျင်းပမီ တရက်အလို ၂၀၁၃ ဇူလိုင် ၁၈ ရက်နေ့အထိ ရန်ကုန် နတ်မောက်လမ်းမှာ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ဟာ ပြုပြင်ဆဲ အခြေအနေပဲ ရှိသေးတာကို တွေ့ရပါတယ်။
တကယ်ဆိုရင်တော့ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ဟာ အာဇာနည်နေ့ မတိုင်ခင် ရက်တွေမှာ အများပြည်သူ ဝင်ရောက် ကြည့်ရှုနိုင်ဖို့ ပြင်ဆင်ပြီး ဖွင့်လှစ်ထားသင့်တာပါ။ ဇူလိုင် ၁၈ ရက်နေ့မှာ ဧရာဝတီက ဓာတ်ပုံ သွားရောက် ရိုက်ကူးရာမှာ တာဝန်ရှိသူတွေက ခြံဝန်းထဲကို ခွင့်ပြုပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နေအိမ်ထဲကို ဝင်ရောက်ရိုက်ကူးခွင့် မရခဲ့ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ နေအိမ်ဟာ လူအများအတွက် စိတ်ဝင်စားစရာ အခင်းအကျင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ အားလပ်ချိန်တွေမှာ ဗိုလ်ချုပ် ကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ ပျိုးခင်းမြေနေရာနဲ့ ဗိုလ်ချုပ်အောင်ဆန်း စီးခဲ့တဲ့ ကားအိုလေးကိုတော့ နိုင်ငံခြားသားတွေက တော်တော်လေး စိတ်ဝင်စားကြပါတယ်။ ဇူလိုင် ၁၉ ရက်နေ့ အာဇာနည် နေ့မှာတော့ ပြတိုက်ကို ဖွင့်လှစ်မယ်လို့ မျှော်လင့်ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ငယ်ငယ်က နေခဲ့တဲ့ နတ်မောက်မြို့က နေအိမ်ဟာလည်း အခုအချိန်မှာ ပြတိုက်အဖြစ်နဲ့ ပြသ ထားပါတယ်။ အဲဒီမှာလည်း ဗိုလ်ချုပ်ရဲ့ မိခင် ဒေါ်စု အသုံးပြုခဲ့တဲ့ ရက်ကန်းစင်၊ ဗိုလ်ချုပ်အောင်ဆန်း မိသားစု အသုံးပြုခဲ့တဲ့ မီးခံသေတ္တာ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆွေစဉ် မျိုးဆက် စာရင်း စသည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာ အမှတ်တရများကို ကြည့်ရှုနိုင်ပါတယ်။
“တိုင်းသူပြည်သား လူအများဟာ ဥမကွဲသိုက်မပျက် တညီတညွတ်တည်း စည်းကမ်းတကျ ရှိဖို့လိုတယ်။ မိမိတို့ အဓိကပန်းတိုင်ကို မျက်ခြည်ပြတ် မခံဘဲ လမ်းမလွဲအောင် ကြိုးစားဖို့လိုတယ်” အစရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကိုလည်း နတ်မောက်မြို့ နေအိမ်ပြတိုက်မှာ ချိတ်ဆွဲထားပါတယ်။
အာဇာနည်နေ့ဟာ တိုင်းပြည်လွတ်လပ်ရေး ရဖို့ ကြိုးပမ်းခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ သူ့ရဲ့ ဝန်ကြီးအဖွဲ့ဝင်တွေ အပါအဝင် အာဇာနည် ၉ ဦးတို့ ရက်ရက်စက်စက် လုပ်ကြံခံခဲ့တဲ့ နေ့ကို အောက်မေ့ သတိရတဲ့ အနေနဲ့ ကျင်းပတာ ဖြစ်ပါတယ်။ အာဇာနည်တွေ လုပ်ကြံခံရတဲ့အချိန်ဟာ တိုင်းပြည် လွတ်လပ်ရေးရဖို့ လက်တကမ်းအလို၊ လွတ်လပ်ရေး ရပြီးချိန်မှာ တိုင်းပြည်အနာဂတ် ခရီးဆက်ဖို့ ဝန်ကြီးတွေ အင်တိုက်အားတိုက် ဆွေးနွေး ကြိုးပမ်းနေချိန် ဖြစ်ပါတယ်။
အာဇာနည် ခေါင်းဆောင်ကြီးတွေ အလုပ်ကြံခံခဲ့ရတဲ့ နေရာ ဝန်ကြီးများရုံးဟာ ၆၆ နှစ်အကြာ အခုအချိန်မှာ နိုင်ငံတကာက တကူးတက လာရောက်လည်ပတ် ကြည့်ရှုရတဲ့ ပြတိုက်ကြီးအဖြစ် ကြွားကြွားဝင့်ဝင့် တည်ရှိရမယ့် အစား၊ တိုက်ပြို တိုက်ဟောင်းကြီး သဖွယ် ရန်ကုန်မြို့လယ်မှာ ငြိမ်သက်စွာ မြင်တွေ့နေရပါတယ်။ တိုင်းပြည်ခေါင်းဆောင် အဆက်ဆက်ရဲ့ သမိုင်းနဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ပစ်ပယ် အလေး ဂရုမပြုတဲ့ ပြယုဂ်အဖြစ် ရုပ်ဆိုး အကျည်းတန် နေတာပါ။
၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ဟာ သည်းသည်းမည်းမည်း ရွာနေတဲ့ မိုးနဲ့အပြိုင် မြန်မာပြည်သား အားလုံး မျက်ရည်မိုး ဖြိုင်ဖြိုင် ကျခဲ့ရတဲ့ နေ့ပါ။ အာဏာရှင် ဦးနေဝင်း ခေါင်းဆောင်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တခေတ်လုံးမှာ အာဇာနည်နေ့ကို အမြို့မြို့ အနယ်နယ်မှာ အခမ်းအနားတွေနဲ့ ကျင်းပကြပေမယ့်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်းကနေစပြီး စစ်အုပ်ချုပ်ရေး ကာလ တလျှောက်လုံး မျိုးဆက် တဆက်စာ နီးပါး အာဇာနည်နေ့ကို မှိန်ဖျော့စေခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း မွေးခဲ့ကြတဲ့ အသက် ၂၀ ဝန်းကျင် လူငယ်လူရွယ်တွေဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ အကြောင်းကို သင်ယူခွင့် မရကြသလို၊ အာဇာနည်နေ့ကို ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက် အဖြစ်ကလွဲပြီး တိုင်းပြည် နစ်နာခဲ့ရတဲ့ နေ့ကြီး တနေ့အဖြစ် မသိကြတော့ပါဘူး။ အာဇာနည် ၉ ဦးလား၊ ၁၀ ဦးလား၊ အယောက် ၃၀ လား ဆိုတာကိုတောင် နဝေ တိမ်တောင် ဖြစ်နေကြပါပြီ။ အာဇာနည်နေ့ကို လူထုရဲ့ စိတ်ဓာတ်ထဲမှာ မှိန်ဖျော့စေခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ ရည်ရွယ်ချက် အောင်မြင်တယ်လို့ပဲ ဆိုရပါလိမ့်မယ်။
ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးချိန် မနက် ၁၀ နာရီ ၃၇ မိနစ်မှာ တိုင်းပြည်နှင့်အဝှမ်း ပြည်သူလူထု အားလုံး တပြိုင်နက် အာဇာနည်ကြီးတွေကို ငြိမ်ဝပ် အလေးပြုနိုင်ဖို့ သတ်မှတ်ပေးတဲ့ ဥသြသံဟာလည်း ခေတ်တခေတ်စာ ဆိတ်သုဉ်းခဲ့ရပါတယ်။
အခု အရပ်သား လေးပုံသုံးပုံ အစိုးရ လက်ထက်မှာ အာဇာနည်နေ့ အခမ်းအနား ပြန်လည် ကျင်းပနိုင်ဖို့အတွက် ဥသြသံပေးဖို့ လွှတ်တော်ထဲအထိ တင်သွင်းခဲ့ပေမယ့်လည်း အစိုးရက ငြင်းပယ်ခဲ့ပါတယ်။ စစ်ယူနီဖောင်းကို ချွတ်ပြီး အရပ်သားဝတ်စုံ လဲဝတ်ထားသူတွေက ဥသြသံကြားရမှာကို၊ ပြည်သူတရပ်လုံး အာဇာနည်နေ့ကို ပြန်သတိရပြီး ဝမ်းနည်းငိုကြွေးကြမှာကို ထိတ်လန့်နေကြတာပဲ ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် ဥသြသံကို မကြားလိုသူတွေအဖို့ နားပိတ်ထားရုံသာ ရှိပါတော့တယ်။ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တာဝန်သိ သူတွေက ဥသြသံကို ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် လွှင့်ရင်း အာဇာနည်ကြီးတွေကို ဂုဏ်ပြု၊ အလေးပြုကြမှာ ဖြစ်တာကြောင့် ဥသြသံတွေက ၆၆ နှစ်မြောက် အာဇာနည်နေ့မှာ မလွှဲမသွေ ထွက်ပေါ်လာဦးမှာပါ။
ပတ္တမြားမှန်ရင် နွံနစ်ရိုး ထုံးစံမရှိ ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ။
မှိန်ဖျော့စေဖို့ တမင်ဖုံးကွယ်ထားခံရတဲ့၊ ပျက်စီးသွားဖို့ တမင် လျစ်လျှူရှု ခံထားရတဲ့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့၊ လွတ်လပ်ရေးရဲ့ ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ မှတ်တမ်းတချို့၊ ဓာတ်ပုံတချို့ကို ဧရာဝတီ ပရိသတ်အတွက် စုပေါင်း တင်ဆက်ပေးလိုက်ပါတယ်။