ဒုတိယ ကမ္ဘာစစ်ကာလ အရှေ့တောင် အာရှဒေသတွင်း ဂျပန်တပ်ဖွဲ့များ၏ ထောက်ပံ့ရေး လမ်းကြောင်း အနေဖြင့် ထိုင်းနိုင်ငံ ဘန့်ပုံမြို့နှင့် မြန်မာနိုင်ငံ သံဖြူဇရပ်မြို့တို့ကို ဆက်သွယ်မည့် ၄၁၅ ကီလိုမီတာ (၂၅၈ မိုင်) အရှည်ရှိ ရထားလမ်းကို ၁၉၄၂ – ၁၉၄၃ ခုနှစ်က ဆက်သွယ်ဖောက်လုပ်ခဲ့သည်။ ချွေးတပ်သား ၁၈၀, ၀၀၀ ကျော်နှင့် စစ်သုံ့ပန်း မဟာမိတ်တပ်သား ၆၀, ၀၀၀ ကျော်တို့ကို အဓမ္မ လုပ်အားပေး ခိုင်းစေခဲ့သည်။ ငှက်ဖျားဒဏ်၊ စားဝတ်နေ ရေး ဆင်းရဲသည့် ဒဏ်နှင့် အလုပ်ကြမ်း ဒဏ်များကြောင့် အလုပ်သမား ၉၀, ၀၀၀ ကျော်နှင့် စစ်သုံ့ပန်း ၁၂, ၆၂၁ တို့ ရထားလမ်း ဖောက်လုပ်ချိန်တွင် သေဆုံးခဲ့ရသည်။
ထို့ကြောင့် သေမင်းတမန် မီးရထားလမ်းဟု ခေါ်တွင်ခဲ့သည်။ ယင်း သမိုင်းဝင် ဖြစ်ရပ်ကို လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်ခဲ့သော စစ်အစိုးရ လက်ထက်တွင် ဖုံးဖိထားခဲ့သည်။ ယခုအခါ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် သေမင်းတမန် မီးရထားလမ်းပြတိုက်ကို တည်ဆောက်ခဲ့ပြီး ဇန်နဝါရီ ၄ ရက်နေ့က ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။ ဖွင့်ပွဲ အခမ်းအနားကို ဧရာဝတီ ဓာတ်ပုံသတင်းထောက် သော်ဟိန်းထက်က မှတ်တမ်းတင် ထားပါသည်။