လိင်ကိစ္စဆိုတာပျော်စရာကောင်းပါတယ်။ စုံတွဲတွေ ဇနီးမောင်နှံတွေ ကြားမှ ရုပ်ပိုင်းဆိုင်ရာ အရ၊ ခံစားမှုအရ အနီးဆုံးဖြစ် အောင်ပို့ဆောင်ပေးတဲ့ နည်းလမ်းတခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လိင်ဆက်ဆံခြင်းရဲ့ အမြင့်ဆုံး ခံစားမှုကို မရဘူး ဆိုရင် တော့ စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။ အမြင့်ဆုံး ခံစားမှုကို မရစေနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ အကြောင်းရင်းတွေ အများအပြားလဲ ရှိနေပါတယ်။ ဒါပေမယ့် အခြေအနေကို မှန်ကန်စွာ သရုပ်ခွဲနိုင်ပြီးတော့ သင့် တော်တဲ့ ကုသမှု ဖြေရှင်းမှုကို ရယူနိုင်ရင် အဆင်ပြေသွားမယ့် ကိစ္စမျိုးပါ။
နောက်ပြီး ဒါက အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ပါတယ်။ အမျိုးသမီး တွေမှာသာ အမြင့်ဆုံး အထွတ်အထိပ်ကို မရနိုင်တဲ့ အခက်အခဲရှိတာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ကြုံတွေ့ရနိုင်ပါတယ်။
လူတွေ ဖြစ်လေ့ဖြစ်ထရှိတာကတော့ အထွတ်အထိပ် ခံစားမှုကို လုံးဝမရတာ ဒါမှမဟုတ် ဒီလို ရဖို့ အချိန် အများကြီး ယူရတာ၊ စိတ်ကျေနပ် နှစ်သိမ့်မှုမရှိတာ၊ အမျိုးသားတွေ သုတ်လွှတ်ဖို့ အချိန်ကြာမြင့်တာ ဒါမှမဟုတ် အထွတ်အထိပ်ကို မရောက်ဘဲ သုတ်လွှတ်မိတာ စတဲ့ ပြဿနာ မျိုး တွေ ဖြစ်ပါတယ်။
အမျိုးသား၊ အမျိုးသမီးတွေ ဒီလို ဖြစ်ကြရတဲ့ အကြောင်းကတော့ နှစ်ဘက် ဆက်ဆံရေးမှာ ပြဿနာရှိနေလို့၊ အိပ်ခန်းတွင်း အခြေအနေ ကပျင်းရိငြိးငွေ့ဖွယ် ဖြစ်နေလို့၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ်ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု တခု(ဥပမာ မတရား ပြုကျင့်ခံခဲ့ ရဖူးတာမျိုး ဒါမှမဟုတ် အနိုင်ကျင့် နှိပ်စက်ခံရတာမျိုး) ရှိနေလို့၊ အာရုံကြောတွေနဲ့ ဟိုမုန်း ထုတ်လုပ်မှုကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး ချို့ ယွင်းမှုရှိနေလို့၊ လိင်ဆက်ဆံမှုရဲ့ အထွတ်အထိပ်နဲ့ ပတ်သက်လို့ ဗဟုသုတ မရှိလို့၊ သောက်သုံးနေတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် အစရှိသဖြင့် အမျိုးမျိုး ရှိပါတယ်။
လိင်ဆက်ဆံဖို့ ကြောက်နေတာ ဒါမှမဟုတ် ခံစားချက်ကြောင့် စိတ်လွတ်သွားမှာကို ကြောက်ပြီး ထိန်းချုပ်ထား တာ စတာ တွေ ကြောင့်လည်း အထွတ်အထိပ်ခံစားမှုကို မရတာလည်း ဖြစ်နိုင်တယ်လို့ လက်ထပ်ခြင်းနဲ့ မိသားစု ကုထုံးဆိုင်ရာ ပညာရှင် တဦး ဖြစ်တဲ့ Isadora Alman ကပြောပါတယ်။
“မှန်ကန်တဲ့ အကြို နှိုးဆွမှု မရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက် ပြီးတော့ အမျိုးသား ဖြစ်စေ အမျိုးသမီး ဖြစ်စေ ကိုယ့်ဖာသာ တယောက်ထဲ စိတ်အာသာဖြေရင်းနဲ့ အထွတ်အထိပ် ကို ခံစား ရဖူး ရင် တခြားလူတယောက် ပါလာတဲ့ အချိန်မှာ ထူးဆန်းသလို ဖြစ်နေတာမျိုးလည်း ရှိပါတယ်။” လို့ သူက ရှင်းပြ ပါတယ်။
တကယ်လို့ ကိုယ့်မှာ အထွတ်အထိပ်ကို ရရှိနိုင်ဖို့ အခက်အခဲကြုံနေရပြီဆိုရင် လိင်ပညာရပ်ဆိုင်ရာ ကုထုံးပညာရှင်နဲ့ တွေ့ ဆုံ အဖြေရှာ ရမှာ ဖြစ်တယ်လို့လဲ Isadora Alman ကပြောပါတယ်။ ကုထုံး ပညာရှင်က ဘာကြောင့် ဖြစ်တယ်ဆိုတာ လေ့လာ သုံးသပ်ပြီး လိုအပ်ရင် သမားတော် နဲ့ ပြသကုသမှုခံယူဖို့ အကြံပေးမှာ ဖြစ်ပါတယ်။
ပြဿနာကို အဖြေထုတ်နိုင်ဖို့ အတွက် ကုထုံး ပညာရှင်က လူနာရဲ့ လိင်မှုကိစ္စဆိုင်ရာ နောက်ကြောင်းရာဇဝင်ကို မေးမြန်း စူးစမ်းမှာ ဖြစ်ပါတယ်။ ကိုယ့် ရဲ့ အဖော်နဲ့ ပွင့်လင်းတဲ့ ဆွေးနွေးမှု ရှိမရှိ၊ တကိုယ်ရေ အာသာဖြေတတ်တဲ့ အလေ့အထ ပုံစံ အစ ရှိသဖြင့် မချွင်းမချန် ပြောပြနိုင်ဖို့ ပြင်ဆင်ထားရပါမယ်။ လိင်မှုကိစ္စနဲ့ ဆိုင်တဲ့ ကိုယ့်ရဲ့ အမြင်၊ လိုအင်ဆန္ဒ၊ မျှော်လင့် ချက်တွေကိုလည်း မေးပါလိမ့်မယ်။
တကယ်လို့ ဆေးပညာနဲ့ ဆိုင်တဲ့ ပြဿနာလို့ ဖော်ထုတ်လိုက်နိုင်တယ်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး သင့်တော်တဲ့ ကုသမှုကို ခံယူရမှာ ဖြစ်ပါတယ်။ တကယ်လို့ စိတ်ပိုင်းဆိုင်ရာ ပြဿနာဆိုရင် လိင်မှုဆိုင်ရာ ကုထုံးပညာရှင် သို့ မဟုတ် စိတ်ကျန်းမာ ရေး ဆရာဝန်တို့က ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
အမျိုးသမီးတွေ အနေနဲ့ ကတော့ ကိုယ့်ရဲ့ အထွတ်အထိပ်ကို ဘယ်လိုရောက်နိုင်သလဲ၊ ဘယ်လောက် အတိုင်းအတာရှိတဲ့ နှိုးဆွမှုမျိုး လိုအပ်သလဲဆိုတာ သိထားသင့်တယ်လို့ Isadora Alman ကပြောပါတယ်။
“တကယ်လို့ နှိုးဆွမှုကို လိုအပ်ကြောင်း သိတယ်ဆိုပါတော့ သူ့အနေနဲ့ သူ့ရဲ့ အဖော်နဲ့ ဆက်ဆံ ရေး အခြေအနေဘယ်လို ရှိတယ်ဆိုတာကို ကြည့်သင့်ပါတယ်။ လိုချင်တဲ့ အနေအထားကို အလွယ်တကူနဲ့ သူ့ ရဲ့ အဖော်ကို ပြောပြနိုင်သလား ဆိုတာမျိုးပေါ့။”
အမျိုးသားတွေ အတွက်လည်း အလားတူပါပဲ။ တကယ်လို့ သူ့ဆီကို အမျိုးသား လူနာတယောက် ရောက်လာခဲ့ရင် တကိုယ်ရေ အာသာဖြေတာနဲ့ တကယ် လိင်ဆက်ဆံတာ ကြားမှာ ခံစားမှုဘယ်လို ကွာခြားသလဲ ဆိုတာကို မေးမှာဖြစ် တယ်လို့ Isadora Alman ကဆိုပါတယ်။
တကယ်တော့ အဖြေက အမျိုးသားတွေရော အမျိုးသမီးတွေ အတွက်ပါ တူညီတဲ့ အပိုင်းတွေ ရှိပါတယ်။ ဒီအကြောင်းကို အချင်းချင်း ပြော ဆို ဆွေးနွေးရမယ်လို့ Isadora Alman ကပြောပါတယ်။ ဘာလိုချင်လဲ၊ ဘာလိုအပ်နေတာလဲ ဆိုတာ ကို ပွင့်ပွင့်လင်းလင်း ပြောရပါမယ်။ “အချင်းချင်း မဆွေးနွေးဘဲနဲ့တော့ အဖြေရစရာ လမ်းမရှိပါဘူး။” လို့ သူကပြောပါတယ်။
ကိုယ့်ဘက်က စပြီး ပြောလိုက်ရမှာကို ရှက်နေတာ ဒါမှမဟုတ် တဘက်က ဘယ်လို တုန့်ပြန်လာမလဲဆိုတာ တွေးပြီး ကြောက် နေတာက ဒီလို ကိစ္စမျိုးမှာ ဖြစ်နေကျ အခက်အခဲတခု ဖြစ်ပါတယ်။ ဒါကြောင့် ဘာလိုချင်လဲ၊ ဘာကိုကြိုက်သလဲ၊ ဘာတွေ လိုအပ်နေသလဲ ဆိုတာကို မပြောမဖြစ်ပြော ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ဘက်မှာ ဒီလို အထွတ်အထိပ် ခံစားမှုကို ရရှိဖို့ ခက်နေပြီဆိုရင် ကိုယ့်ရဲ့ အဖော် အပေါ်လည်း သက်ရောက်မှုတွေ ရှိနေမှာ ဖြစ်လို့ပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင် ခြင်းက စုံတွဲတွေ၊ ဇနီးမောင်နှံတွေကို ပိုမိုနီးကပ်ကျွမ်းဝင် စေမှာ ဖြစ်ပြီးတော့ အိပ်ခန်း ထဲမှာလည်း တောက် ပတဲ့ သာယာ ပျော် ရွှင်မှုတွေကိုလည်း ရရှိစေနိုင်မှာဖြစ်ပါတယ်။
Source: everydayhealth.com