မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတွင် အမျိုးသမီးများ ပိုမိုပါဝင်လာရေးသည် အရေးကြီးကြောင်း ဧပြီလ အတွင်းက သွားရောက်ခဲ့သည့် ဥရောပ ခရီးစဉ် အတွင်း အမျိုးသမီး ခေါင်းဆောင်များက ပြောဆိုသည်။
ထိုအမျိုးသမီးများသည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကဏ္ဍ အသီးသီးမှ ပါဝင်နေကြသူများ ဖြစ်ပြီး ဖယ်ဒရယ်စနစ် အကြောင်း၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များ အကြောင်းနှင့် အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်မှုများ အကြောင်း ထဲထဲဝင်ဝင် လေ့လာရန် ဆွစ်ဇာလန် နိုင်ငံနှင့် နော်ဝေနိုင်ငံသို့ ဖိတ်ကြား ခံခဲ့ရခြင်း ဖြစ်သည်။ ယင်းနိုင်ငံ နှစ်နိုင်ငံသည် မြန်မာပြည် ပဋိပက္ခ အဖြေရှာရေးတွင် အဓိက ထောက်ပံ့နေသည့် နိုင်ငံများ ဖြစ်သည်။
နိုင်ငံရေး ဆွေးနွေးပွဲများ မည်သို့ ဆောင်ရွက်နိုင်မည်နှင့် ဒီမိုကရေစီ နိုင်ငံသစ်တွင် ဖယ်ဒရယ်စနစ် မည်သို့ တည်ဆောက်နိုင်မည် ဆိုသည့်အပေါ် ပါဝင်တက်ရောက်သူ အမျိုးသမီး ခေါင်းဆောင်များက စဉ်းစားဆွေးနွေးကြသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ဒုဥက္ကဌဖြစ်သူ နော်စီဖိုးရာစိန်က “ကျမတို့ မြန်မာပြည်မှာက ဖယ်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ အကိုက်ညီဆုံးပဲ။ မြန်မာပြည်မှာ တိုင်းရင်းသားပေါင်းစုံ ရှိတဲ့အတွက် တန်းတူ အခွင့်အရေး ရှိဖို့လိုတယ်။ တန်းတူ အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေး ရဖို့အတွက်ကတော့ ဖယ်ဒရယ် စနစ်နဲ့ ပိုပြီး ကိုက်ညီတယ်” ဟု ဆိုသည်။
ဆက်လက်၍ သူက“ကိုက်ညီတဲ့အပေါ်မှာ ပထမဆုံးတော့ အာဏာခွဲဝေမှု၊ ဗဟိုကနေ အာဏာ ချုပ်ကိုင်ထားတာ မဟုတ်ဘဲ ပြည်နယ်မှာလည်း အာဏာခွဲဝေမှု ရှိပြီး၊ ရှိတဲ့ အရင်းအမြစ်တွေ ခွဲဝေမှု ရှိတယ်။ မြန်မာနိုင်ငံမှာ ဒါကို ကျင့်သုံးမှပဲ ပြည်သူလူထုတွေ အားလုံး တန်းတူ ညီမျှမှု ရှိမယ်။ ပြည်သူလူထုတွေလည်း ဒါကို နားလည်ဖို့ လိုသလို ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ပိုပြီးလေ့လာမှု အားကောင်းဖို့ ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ လိုတယ်” ဟု ရှင်းပြသည်။
ယခင်အပတ်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လာမည့် တလ၊ နှစ်လအတွင်း ၂၁ ရာစု ပင်လုံညီလာခံမျိုး ကျင်းပရန် ကြိုးပမ်းရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
နော်စီဖိုးရာစိန်က “၂၁ ရာစု ပင်လုံညီလာခံမျိုး ခေါ်မယ်ဆိုတာ တခါတည်း ပြီးမှာတော့ မဟုတ်ပါဘူး။ အစည်းအဝေးခေါ်ပြီး အထူးသဖြင့် ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အခြေခံ အနေနဲ့ စဉ်းစားပြီး မူဝါဒတွေ ချမှတ်ဖို့ အစပျိုးတယ်လို့ ထင်တယ်” ဟု သူ၏ အမြင်ကို ပြောဆိုသည်။
ယမန်နှစ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘော တူညီချက်ကို လက်မှတ် မထိုးရသေးသော အဖွဲ့များ အားလုံး ပါဝင်ရေးအတွက် အစိုးရက အခြေအနေ တခု ဖန်တီး ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ၊ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ် ပြည်ထောင်စု တခု ပေါ်ထွန်းလာရေး တွင် တပ်မတော်၏ ခံယူချက်နှင့် ပူးပေါင်း ဆောင်ရွက်မှုက အရေးကြီးကြောင်း၊ တပ်ပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲရေးတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ နှစ်ဘက် အကြား ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း လည်း နော်စီဖိုးရာစိန် က ထောက်ပြ ပြောဆိုသည်။
ချင်းတိုင်းရင်းသူ ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦး ဖြစ်ပြီး NBF တပ်ပေါင်းစု အဖွဲ့ ဒါရိုက်တာ မချင်းချင်းကလည်း ပြည်နယ်များနှင့် ဗဟို အစိုးရတို့ အကြား အာဏာ ခွဲဝေမှုသည် ဆွစ်ဇာလန် နိုင်ငံ ကဲ့သို့ အစစ်အမှန် ဖယ်ဒရယ်စနစ် တည်ဆောက်ရေးတွင် အရေးကြီးကြောင်း သဘောထား တူညီသည်။
“ဆွစ်ဇာလန်ကို ရောက်လာတော့ ဖယ်ဒရယ်လစ်ဇင် စကားလုံးကို ကြားရတဲ့အခါ ကျမ အရမ်း ရင်ထဲမှာ ကြည်နူးတယ်။ အရင်တုန်းကဆိုရင် ဖယ်ဒရယ်လို့ ပြောတာနဲ့ ကျမတို့နိုင်ငံမှာ ထောင်ကျတဲ့လူ တွေလည်း အများကြီးပဲလေ။ ခုချိန်မှာ ကျမတို့နိုင်ငံမှာ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ စကားလုံးတွေ ပေါ်လာပြီ”ဟု ပြောသည်။
ဆက်လက်၍ သူက “ကျမတို့ နိုင်ငံမှာလည်း တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ နေထိုင်တာ ဖြစ်တဲ့အခါ၊ ပထဝီ အနေအထား အရ တနေရာနဲ့ တနေရာ မတူဘူး။ နောက် သမိုင်းကြောင်းလည်း ဘယ်သူမှ မတူဘူး။ အဲဒီအခါကျ ကိုယ့်ရဲ့ ဒေသနဲ့ ကိုက်ညီတဲ့ ဖယ်ဒရယ်မျိုးကို သုံးရင်တော့ အဆင်ပြေမှာပဲ။ နိုင်ငံတခုကို ပုံသေ ယူလို့တော့ မရဘူး။ ကိုယ့်ဒေသနဲ့ ကိုယ့်နိုင်ငံ ကိုက်ညီတဲ့ စနစ်ကို သုံးမယ်ဆိုရင် ကျမတို့ တော်တော်လေးကို အဆင်ပြေပါမယ်။ သူတို့ရဲ့ ဗဟိုမှာ အုပ်ချုပ်ပုံ၊ နောက် ပြည်နယ်တွေမှာ အာဏာ ခွဲဝေမှု ပေးတဲ့ ပုံစံမျိုးကို ကြည့်တဲ့အခါ ဒါ ကျမတို့ ကျင့်သုံးသင့်တဲ့ ဖြစ်သင့်တဲ့ အနေအထား တခုလို့ မြင်တယ်” ဟု ရှင်းပြသည်။
အမျိုးသမီး ခေါင်းဆောင်များ အဖွဲ့သည် ဆွစ်ဇာလန် နိုင်ငံ၏ ဖယ်ဒရယ်စနစ် အကြောင်း လေ့လာသည့် စတုတ္တမြောက် အဖွဲ့ဖြစ်ပြီး၊ ဥပဒေပြု အမတ်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ လူထု အခြေပြု အဖွဲ့များနှင့် အမျိုးသမီးရေးရာ အဖွဲ့များ စသည့် အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များနှင့် သတင်းထောက်များ ပါဝင်သည်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် လွှတ်တော်အမတ် တဦးဖြစ်သည့် ဂျာဆိုင်းခေါင်န် မရမ်က အမျိုးသမီးများ ဆုံးဖြတ်ချက် ချမှတ်နိုင်သူများ ဖြစ်လာရေး အတွက် “နိုင်ငံမှာ နှစ်ပေါင်းများစွာ ဖြစ်တည်နေတဲ့ လက်တွေ့ ကျင့်သုံးနေတဲ့ အမျိုးသားတွေကပဲ ဦးဆောင်နိုင်တယ်ဆိုတဲ့ ခံယူချက်ကို ပြောင်းလဲဖို့ လိုအပ်တယ်” ဟု ဆိုသည်။
သူက “အမျိုးသားများရော၊ အမျိုးသမီးများ ကိုယ်တိုင်ကလည်း ဒီလို အနေအထားကို လက်ခံနေတဲ့ အမျိုးသမီးတွေ အများကြီး ရှိတော့ သင်ယူရင် လုပ်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်လည်း လက်ခံရမယ်။ သင်ယူနိုင်ရမယ်။ လက်တွေ့ကျင့်သုံးနိုင်ရမယ်။ အမျိုးသားများကလည်း ကိုယ်ပဲ ဦးဆောင်မှု အခန်းကဏ္ဍ ကို ယူရမယ်ဆိုတဲ့ စိတ်ဓါတ်တွေ ဖယ်ရှားပြီး လူရဲ့ လူ့ဘောင် ပတ်ဝန်းကျင်မှာ တူညီတဲ့ လူသားတွေ အနေနဲ့ အမျိုးသမီး အမျိုးသား တန်းတူ အခွင့်အရေးရှိတယ်ဆိုတဲ့ အခြေခံ အခွင့်အရေးအတိုင်းပဲ shared responsibility အနေနဲ့ ပူးတွဲ လုပ်ဆောင်သွားဖို့ အများကြီး လိုအပ်တယ်” ဟု သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံး အမျိုးသမီးအဖွဲ့ တခုဖြစ်သော မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ဒုဥက္ကဌတဦး ဖြစ်သည့် ဒေါ်တင်တင်လတ်ကလည်း ခရီးစဉ်အတွင်း လေ့လာခဲ့ရသည့် ပဋိပက္ခ ဖြေရှင်းရေး ဆိုင်ရာနှင့် ဖယ်ဒရယ် စနစ်အကြောင်းများက မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သူတဦး ဖြစ်သည့် သူ့အတွက် အထောက်အပံ့ရစေသည်ဟု ဆိုသည်။
“ခရီးစဉ်တလျှောက်လုံးမှာ သွားတဲ့နေရာတိုင်းက အန်တီတို့ အနေနဲ့က ဒါ ဗဟုသုတ အသစ်တွေ၊ အန်တီတို့နိုင်ငံမှာ တကယ် လုပ်လို့ရမယ့် ကိုက်ညီမယ့် ဖြစ်နိုင်မယ့်ဟာတွေ ရွေးပြီးတော့ စဉ်းစားလို့ ရမယ့်ဟာတွေ” ဟု ဆိုသည်။
ထို့ပြင် “သူတို့ရဲ့ နိုင်ငံမှာ ကိုယ့်ဟာကိုယ် စွမ်းဆောင်ပြီး လုပ်ရတာလေးတွေ တွေ့ရတယ်။ မှီခိုမှု မရှိဘူးပေါ့။ အကုန်လုံးက တန်းတူ ရည်တူပဲ။ ခွဲခြားမှု မရှိဘူး။ ဒါလည်း ကောင်းတယ်လို့ မြင်တယ်။ ဖယ်ဒရယ် တည်ဆောက်တဲ့အခါ အများရဲ့ ဆန္ဒကိုလည်း လေးစားပြီး လူများစုရယ် လူနည်းစုရယ် မျှမျှတတ တွဲခေါ်ပြီး လုပ်သွားတာကို လက်ဆင့်ကမ်းပြီး ဖြန့်ပေးနိုင်မယ်” ဟု ဒေါ်တင်တင်လတ်က သူ၏ အတွေ့အကြုံကို မျှဝေသည်။
ဖယ်ဒရယ် ပြည်ထောင်စုနိုင်ငံ ဖြစ်သည့် ဆွစ်ဇာလန် နိုင်ငံက ယခင်လများအတွင်း NCA လက်မှတ် ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ နှင့် တပ်မတော် အရာရှိကြီးများကို အလားတူ ဖယ်ဒရယ် လေ့လာရေးအတွက် တဖွဲ့စီ ခေါ်ယူခဲ့သေးသည် ဟု သိရသည်။
လေ့လာရေးအဖွဲ့သည် ဆွစ်ဇာလန်၏ ဖယ်ဒရယ်စနစ်၊ နိုင်ငံတည်ဆောက်ရေး၊ လုံခြုံရေး ကဏ္ဍတွင် ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့၏ အခန်းကဏ္ဍ၊ ဗဟိုနှင့် ပြည်နယ်အစိုးရ အကြား အာဏာခွဲဝေမှု၊ အပစ်ခတ် ရပ်စဲရေးဆိုင်ရာနှင့် ဖယ်ဒရယ် ပြည်ထောင်စု အတွင်းရှိ လူနည်းစုများအား ကာကွယ်ခြင်း စသည့် အကြောင်းအရာများကို အလေးထား လေ့လာခဲ့ကြသည်။
ထိုခရီးစဉ်ကို ငြိမ်းချမ်းရေး လုပ်ငန်းများအား ထောက်ပံ့နေသော အဖွဲ့ဖြစ်သည့် ဆွစ်ဇာလန် ငြိမ်းချမ်းရေး ဖောင်ဒေးရှင်း (SwissPeace) နှင့် မြန်မာပြည်ရှိ ငြိမ်းဖောင်ဒေးရှင်းနှင့် ဆွစ်ဇာလန် နိုင်ငံခြားရေး ဌာနက ပူးပေါင်းစီစဉ် ထောက်ပံ့ပေးခြင်း ဖြစ်သည်။ လေ့လာရေးအဖွဲ့သည် ဆွစ်ဇာလန်တွင် ၁၀ ရက်ကြာ နေထိုင်ခဲ့ပြီး နော်ဝေနိုင်ငံတွင် နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် နှစ်ရက်ကြာ ဆွေးနွေးပွဲ တခုလည်း ပြုလုပ်ခဲ့သည်။