ကရင်ပြည်နယ်မှ ဘာသာရေးဆိုင်ရာ တင်းမာမှုများကို မဖြေရှင်းလျှင် တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှု၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့အပေါ် သက်ရောက်မှုများ ရှိလာနိုင်သည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး သူရ ဦးအောင်ကိုက ပြောသည်။ မကြာသေးက မြိုင်ကြီးငူဘုန်းကြီးက အခြားဘာသာဝင်များ၏ နယ်မြေအတွင်း ဝင်ရောက်၍ ဘုရားတည်ခဲ့ခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။
ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုက ကိုးကွယ်သော မြိုင်ကြီးငူဆရာတော် ဦးသုဇနနှင့် သူ၏ နောက်လိုက် နောက်ပါများက ကရင်ပြည်နယ်ရှိ ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်းနှင့် ဗလီတခုအနီးတွင် ဘုရားများတည်ခဲ့ ခြင်းနှင့် ပတ်သက်၍ ဝန်ကြီး သူရဦးအောင်ကိုက မေလ ၂ ရက်နေ့က မန္တလေးမြို့တွင် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ် ရေးအဖွဲ့နှင့် တွေ့ဆုံရာတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဘုရားများတည်သည့်နေရာတွင် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်ဖွဲ့ (DKBA) လက်နက်ကိုင်အချို့ ပါဝင်ပတ်သက်နေသည်ကို ရည်ညွှန်း၍ “လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်နေတဲ့အတွက် အဲဒီပြဿနာတွေကို ဖြေရှင်းခြင်းက ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို သက်ရောက်မှုရှိစေနိုင်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ်မှာလည်း ထိုနည်းတူပါပဲ” ဟု သူက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် ဒေသဆိုင်ရာ သံဃာ့အဖွဲ့အစည်းတခုဖြစ်သည့် သံဃာ့နာယကအဖွဲ့က ကိုင်တွယ်ဖြေရှင်းနေသည်ဟု သူက ထပ်ပြောသည်။ သို့သော်လည်း အလျှင်အမြန် မဖြေရှင်းနိုင်ခြင်းမှာ ကိစ္စတခုတွင် မြေနေရာကို ခရစ်ယာန် သို့မဟုတ် ဗုဒ္ဓဘာသာ မည်သည့် အဖွဲ့က ပိုင်ဆိုင်ခွင့်ရှိသည်ဆိုခြင်းနှင့် ပတ်သက်၍ အငြင်းပွားနေခြင်းကြောင့်ဟု သူကဆိုသည်။
“ကျနော်တို့ သည်းခံဖို့၊ သင့်တော်တဲ့ အချိန်တခုကို စောင့်ဆိုင်းဖို့ လိုပါတယ်။ တဆင့်ချင်း လုပ်သွားရပါမယ်။ သံဃာ့ နာယက အဖွဲ့က ဆုံးဖြတ်ချက် ချပြီးသွားရင် ပြည်နယ်အစိုးရက ဆက်လုပ်သွားပါလိမ့်မယ်” ဟု သူရ ဦးအောင်ကိုက ပြော သည်။
ခရစ်ယာန်ဘာသာဝင် အသိုင်းအဝိုင်းက ကန့်ကွက်ခဲ့သော်လည်း မြိုင်ကြီးငူဆရာတော်က ပြီးခဲ့သည့်လအတွင်းတွင် လုပ်ငန်းများကို ဆက်လုပ်ခဲ့သည်။ ပျက်စီးပြိုယွင်းနေသော စေတီများကို ပြန်လည် တည်ဆောက်ခြင်းက ကံကောင်းစေလိမ့်မည် ဟု သူက ယုံကြည်ထားသည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ ဘားအံမြို့နယ်ရှိ ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း နှင့် ရွှေဂွန်းကျေးရွာမှ ဗလီတခု အနီးတွင် စေတီများတည်ခဲ့သည့်အတွက် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ပြောဆိုသူ ရာပေါင်းများစွာ ရှိခဲ့သည်။
ထိုအချိန်တွင် ဦးသုဇနက ကွမ်းတောကြီးကျေးရွာမှ ခရစ်ယာန်ဘုရားကျောင်းနယ်မြေအတွင်းတွင် နောက်ထပ် သိမ်နှင့် ဓမ္မာရုံကိုပါ ထပ်တိုးဆောက်လုပ်ရန် စီစဉ်ခဲ့ပြီး မေလ ၃ ရက်နေ့တွင် ဘုန်းတော်ကြီးများက သိမ်သမုတ်ခဲ့ကြသည်။
ဘာသာရေးဆိုင်ရာ တာဝန်ရှိသူများက တားမြစ်ခဲ့သော်လည်း မြိုင်ကြီးငူဆရာတော်က ခရစ်ယာန်ဘုရားကျောင်းနယ်အတွင်း ပြီးခဲ့သည့်လမှ စ၍ စေတီတည်ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် ထိုစေတီ အနီးတွင် သိမ်ဆောက်ရန် မကြာသေးမီက အုတ်မြစ်ချခဲ့သည့်အတွက် တင်းမာမှုများ ထပ်မံမြင့်တက်လာခဲ့သည်။
ကရင်ပြည်နယ်အစိုးရ သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းက သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဘာသာရေး အဖွဲ့အစည်းများ ကွမ်းတောကျေးရွာသို့ မေလ ၄ ရက်နေ့တွင် ဆရာတော်ဦးသုဇနက သိမ်တည်ဆောက်မည့် နေရာသို့ သွားရောက်ကြည့်ရှုမည် ဖြစ်သည်ဟု ဧရာဝတီသို့ ပြောကြားခဲ့သည်။
“ဗုဒ္ဓဘာသာသိမ်က ဗုဒ္ဓဘာသာ နယ်မြေထဲမှာပဲ တည်ဆောက်သင့်ပါတယ်။ အခု ဒီမြေက ခရစ်ယာန်မြေ ဖြစ်နေတယ်” ဟု သူက ပြောသည်။
(လဝီဝမ် ပူးပေါင်းရေးသားသည်။)