၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား ပြဿနာများကို တနိုင်ငံလုံးတွင် ဥပဒေနှင့်အညီ ထိရောက်စွာ ဖြေရှင်းနိုင်ရေး စိစစ်ဆောင်ရွက်ပေးရန် နိုင်ငံတော် အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ရသေ့တောင်မဲ ဆန္ဒနယ်မှ ဒေါ်ခင်စောဝေက ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်သို့ အဆိုတရပ် တင်ပြခဲ့ရာ လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ယခင်ကတည်းက ရှိခဲ့သည့် ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေမှာ အားနည်းချက်များစွာ ရှိခဲ့သဖြင့် ၁၉၇၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံသား ဥပဒေ (မူကြမ်း) ကို ရေးဆွဲပြီး ပြည်သူသို့ အကြံဉာဏ်တောင်းခံခဲ့ရာ အကြံပေးစာပေါင်း ၁ သိန်းကျော် လက်ခံရရှိခဲ့ကြောင်း ဒေါ်ခင်စောဝေ၏ ဆွေးနွေးချက်အရ သိရသည်။
“ဒီလို ကောင်းမွန်တဲ့ ဥပဒေတရပ် ရှိခဲ့ပေမယ့် နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံသား စိစစ်ရေး လုပ်ငန်းတွေကို အချိန်နဲ့ တပြေးညီ မဆောင်ရွက်နိုင်ခဲ့တဲ့အတွက် မတည်မငြိမ်မှုတွေကို ကြုံတွေ့နေရတာဟာ ဝမ်းနည်းဖွယ်ရာ ဖြစ်ပါတယ်”ဟု ဒေါ်ခင်စောဝေက လွှတ်တော်တွင် ပြောကြားသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် မခွဲခြားနိုင်သေးသဖြင့် ယာယီသက်သေခံ လက်မှတ် (White Card) ထုတ်ပေးထားသူ ဦးရေမှာ ၅ သိန်း ၉ သောင်းကျော်ရှိပြီး ၎င်းတို့အနက် ၄ သိန်း ၉ သောင်းကျော်မှာ ရခိုင်ပြည်နယ်တွင် ရှိနေသည်ဟု ဒေါ်ခင်စောဝေက ပြောကြားခဲ့သည်။