လန်ဒန်အခြေစိုက် Charitable Aid Foundation က ကမ္ဘာပေါ်တွင် အလှူဒါန ပြုလုပ်မှု အများဆုံး နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်တွင် နောက်တကြိမ် ပြန်လည် ပါဝင်လာခဲ့ပါတယ်။ အဲဒီ တပြိုင်တည်းမှာပဲ မေးခွန်း ထုတ်ရမှာက အလှူအတန်းက ရလာတဲ့ အလှူဒါနတွေ ဘယ်လောက်များသလဲ။ ငွေရေးကြေးရေးတွေကို ဘယ်လို ထိန်းသိမ်းကြသလဲ ဆိုတာပါပဲ။
ကျနော် ဒီမေးခွန်းကို အဖြေရှာဖို့ မန္တလေး၊ ရန်ကုန်၊ မုံရွာမှာ ရှိတဲ့ စေတီပုထိုးနှင့် ဘုန်းကြီးကျောင်း ပေါင်း ၂၀ မှာ အသေးစား သုတေသန တခု လုပ်ခဲ့ပါတယ်။ တပြိုင်တည်းမှာပဲ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ မြန်မာ့အလင်းက ဖော်ပြထားတဲ့ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ လှူဒါန်းမှု အစုစုကိုလည်း စာရင်းပြုစု လေ့လာ ထားပါတယ်။
အလှူဒါန ပြုလုပ်မှု အများဆုံး နိုင်ငံဆိုတဲ့ အတိုင်း အလှူအတန်း ပြုကြတာ အကြီးအကျယ်ပါပဲ၊ လှူဒါန်းထားတဲ့ ငွေသားချည့်ကိုက တော်တော်များပါတယ်။ ငွေနဲ့ ဖော်ပြလို့ မရနိုင်တဲ့ လှူဒါန်းသည့် ဝတ္ထုပစ္စည်းတွေက ပိုများ နိုင်ပါတယ်။ သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတများ၊ ကာချုပ် မင်းအောင်လှိုင်၊ လွတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တွေ အပါအဝင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင် ၃၇ ယောက်ရဲ့ အလှူအတန်း တွေဟာ၂၀၁၄ ခုနှစ် တနှစ်တည်းမှာ ငွေသားချည်းကို သိန်းပေါင်း နှစ်သောင်းကျော် ရှိပါတယ်။
မြန်မာအလင်းက ဖော်ပြထားတဲ့အတိုင်း အတိအကျ ဆိုရင်တော့ ကျပ်ပေါင်း ၂, ၃၂၁, ၂၆၇, ဝဝ၀ ရှိပါတယ်။ အမေရိကန် တဒေါ်လာကို ၁၂၀ဝ ကျပ်နဲ့ တွက်မယ် ဆိုရင် ဒေါ်လာ ၂ သန်း နီးပါးလောက် ရှိပါတယ်။ ပျမ်းမျှတွက်လိုက်မယ် ဆိုင်ရင် ထိပ်ပိုင်းခေါင်းဆောင် တယောက်ကို ကျပ်သိန်းပေါင်း ခြောက်ရာကျော် အတိအကျ တွက်ရင် ကျပ်ပေါင်း ၆၂, ၇၃၆, ၉၄၆ အလှူဒါန ပြုလုပ်ကြပါတယ်။ အမေရိကန်ဒေါ်လာ ငါးသောင်း (၅၀ဝဝဝ) ကျော် ၂၀၁၄ ခုနှစ်ထဲမှာ လှူဒါန်းခဲ့ကြပါတယ်။
သမ္မတ လစာ တလ ကျပ်သိန်း ၅၀ ရပါတယ်။ သူရဲ့ တရားဝင် လစာက တနှစ်ကို ကျပ်သိန်းခြောက်ရာနဲ့ တွက်မယ်ဆိုရင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ သူတို့ရဲ့ တရားဝင် လစာတွေထက် ပိုလှူကြပါတယ်။ ဒါမေပယ့် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ အလှူတွေဟာ ၎င်းတို့ရဲ့ ကိုယ်ပိုင်ငွေလား အစိုးရပိုင် ငွေတွေလားဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိပါဘူး။
ဒါဆိုရင် အလှူဒါနတွေက ဘယ်ကို ရောက်ပြီး ဘယ်လို ထိန်းသိမ်းကြသလဲ။ ကျနော် ဒီနောက်မေးခွန်းကို အဖြေရှာဖို့ ရန်ကုန်၊ မန္တလေး၊ မုံရွာနှင့် စစ်ကိုင်းမှာ ရှိတဲ့ ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းပေါင်း ၂၀ ကို သွားရောက် သုတေသနပြု လုပ်ခဲ့ပါတယ်။ (သွားရောက် သုတေသနပြုခဲ့တဲ့ စေတီနှင့် ကျောင်းတွေ စာရင်းမှာ အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေ ၂၀၁၄ ခုနှစ်က အလှူထည့်ဝင်ခဲ့တဲ့ နေရာနှင့် အလှူငွေတွေ မပါဝင်ပါဘူး။)
သုတေသနလုပ်ခဲ့တဲ့ ဘုရားစေတီတွေ ဘုန်းကြီးကျောင်းပေါင်း ၂၀ ရဲ့ အလှူဒါနတွေက ရတဲ့ တနှစ်ဝင်ငွေဟာ ကျပ်သိန်းပေါင်း တသိန်းတသောင်းကျော် ရှိပါတယ်။ အမေရိကန် ဒေါ်လာ ၁၀ သန်း နီးပါးလောက် ရှိပါတယ်။ အခြေခံကျတဲ့ ငွေစာရင်းအင်းတွေ ရှိတယ် ဆိုတာကို တွေ့ရှိရပါတယ်။ အလှူဒါနငွေ များများရတဲ့ ဘုရားစေတီတွွေ၊ ဘုန်းကြီး ကျောင်းတွေ ဖြစ်လေ အခြေခံကျတဲ့ စာရင်းအင်း ထိန်းသိမ်းမှု စနစ်တွေ ရှိလေပါ၊ ဒါပေမယ့် စနစ်ကျမှုတော့ အားနည်းပါသေးတယ်။
ဥပမာ တချို့ဘုန်းတော်ကြီးတွေက ဂေါပကအဖွဲ့ လူကြီးတွေကို ထိန်းသိမ်း စောင့်ရှောက်မှုမှာ၊ အလှူငွေ ရေတွက်တာလောက်မှာ ပါဝင်ခွင့်ရပြီး ငွေသုံးစွဲ စီမံခန့်ခွဲ တာဝန်တွေကနေ ကန့်သတ် ထားရှိပါတယ်။ အလှူဒါန ဘဏ္ဍာငွေတွေကို စီမံခန့်ခွဲ အကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲမယ်နိုင်ဖို့ ဂေါပကအဖွဲ့ လူကြီးတွေရဲ့ ပါဝင်မှုဟာ အရေးကြီးပါတယ်။ တချိန်တည်မှာဘဲ ဂေါပကအဖွဲ့ လူကြီးတွေချည်း စီမံခန့်ခွဲတဲ့ ဘုရားစေတီတွေ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အားကောင်းရေး နှစ်စဉ် စာရင်းရှင်းတမ်းများကို အစိုးရနှင့် ပြည်သူများ သိအောင် ထုတ်ပြန် တင်ပြသင့်ပါတယ်။
မြန်မာပြည်မှာ တတ်နိုင်တဲ့သူရော မတတ်နိုင်တဲ့သူရော လှူကြပါတယ်။ တတ်နိုင်သူတွေ ဆိုလျှင် ပိုလှူကြပါတယ်။ အဲဒါကြောင့် အလှူဒါနပြုတဲ့ နေရာမှာ ရက်ရောပြီး ကမ္ဘာ့ထိပ်တန်း ရောက်နေတာပါ၊ အလှူဒါနတွေဟာ များသောအားဖြင့် ဘုရားစေတီတွေ။ ဘုန်းကြီးကျောင်းတွေနှင့် ပရဟိတ လုပ်တဲ့ သူတွေဆီမှာ လှူဒါန်းကြပါတယ်။
အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ အနေနဲ့လည်း အလှူအတန်း လုပ်တဲ့အခါ ကိုယ်ပိုင်ငွေလား အစိုးရဘဏ္ဍာလား ဆိုတာ ပွင့်လင်းမြင်သာဖို့ လိုပါတယ်။ အလှူဒါနတွေများလေ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု များများ လိုလေပါ။ ရန်ကုန် ကမ္ဘာအေးမှာ ရှိတဲ့ သာသနာရေး ဦးစီးဌာနကို သွားရောက်မေးမြန်းတော့ ဘုရားစေတီတွေ။ ဘုန်းကြီးကျောင်းတွေရဲ့ အလှူအတန်း စာရင်းတွေ ထိန်းသိမ်းထားခြင်း စာရင်းပြုစုထားခြင်း မရှိဘူးလို့ ဆိုပါတယ်။
အထက်မှာ ဖော်ပြထားတဲ့ အလှူကိန်းဂဏန်းတွေကို အခြေခံပြီး တပြည်လုံးရဲ့ အလှူဒါနပြုကြမယ့် ငွေတွေက ခန့်မှန်းဖို့ ခက်ပေမယ့် ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်းအားဖြင့် ကျပ်ပေါင်းဘီလျှံပေါင်း မြောက်များစွာ ရှိနိုင်ပါတယ်။ ဒီလောက် များပြားတဲ့ အလှူအတန်းနှင့် စားရင်းတွေ ထိန်းသိမ်းရန် အစိုးရက ဦးဆောင်ပြီး အလှူဒါန စာရင်းတွေကို စနစ်တကျ တင်ပြလာအောင် စည်းမျည်းဥပဒေတွေ ချသင့်ပါတယ်။
အလှူအတန်းနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်း စာရင်းဇယားတွေ တိတိကျကျနဲ့ ဖြစ်လာရင် ဘယ်လောက် အကောင်အထည် ဖော်ပြီး ဘယ်သူတွေ ဘယ်လောက် အကျိုးအမြတ် ခံစားရတယ်ဆိုတာ ပွင့်လင်းမြင်သာစွာ ဖြစ်လာမှာပါ။ ဒီလို ပွင့်လင်းမြင်သာပြီး တာဝန်ခံတဲ့ ဘာသာ သာသနာသာလျှင် အများပြည်သူက လေးစားရိုသေမှုကို ရနိုင်မှာပါ။
ဒီနေရာမှာ အလျဉ်းသင့်လို့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလာမားရဲ့ ဗုဒ္ဓဘာသာ ကမ္ဘာမှာ ဩဇာ ဘာကြောင့်ကျရသလဲဆိုတာ ဝေဖန်သုံးသပ်ထားချက်ကို သတိရပါတယ်။ ဒလိုင်းလားမားကို ရိုက်တာသတင်းဌာန သတင်းထောက် လော်ရကိတ်က ဗုဒ္ဓသာသနာတော် ဂုဏ်ကျဆင်းနေရခြင်း အဓိကအကြောင်းရင်းကို မေးမြန်းရာ ဒလိုင်းလားမားက “ဘုန်းကြီးပြောမယ့် အဖြေကတော့ ရှင်းပါတယ်လေ၊ ဘုရားသားတော်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ သံဃာတော်တွေက ဇိမ်ခံ ရုပ်ဝတ္ထုတွေအပေါ် ယစ်မူး သာယာနေကြပြီး လူသားတွေရဲ့ စိတ်နှလုံးသားထဲမှာ လောဘ ဒေါသ မောဟတွေ ပပျောက်ဖို့ တရားချတဲ့ သံဃာတွေ ကိုယ်တိုင်က လောဘ ဒေါသ မောဟတွေနဲ့ ပြည့်နှက်နေကြတယ်၊ နာမ် ရုပ်ဝတ္ထုပစ္စည်းတွေပေါ်မှာ သာယာ ယစ်မူးနေကြတယ်၊ ဒါတွေက သာသနာ မေးမှိန်ဖို့ အဓိက အကြောင်းတရားတွေပေါ့” တဲ့။ ဆင်ခြင် စဉ်းစားကြည့်ဖို့ တင်ပြလိုက်ပါတယ်။
(ဇော်တူးဆိုင်းသည် အမေရိကန်မှာ လက်ရှိနေထိုင်ပြီး နယူးယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်မှ လူထုမူဝါဒရေးရာ ဆိုင်ရာ မဟာဘွဲ့ကို မကြာမီက ရရှိထားသူ ဖြစ်ပါတယ်။)