ကျပ်သိန်းထောင်ချီ လာဘ်ယူမှုဖြင့် တရားစွဲဆိုခံရသူ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ပြည်တွင်းအခွန် ဦးစီးဌာန အကြီးတန်းစာရေး ဦးဇော်မြင့်ထွေးက ၎င်းအား တရားစွဲသူနှင့် လာဘ်ငွေယူခဲ့သည့် ၎င်း၏ အရာရှိများကို လာဘ်ပေးလာဘ်ယူ ပုဒ်မဖြင့် ပြန်လည် တရားစွဲသွားမည်ဟု ယနေ့ နံနက် မန္တလေးမြို့ ၊ မီဒီယာစင်တာ၌ ပြုလုပ်သည့် သတင်းစာရှင်လင်းပွဲ၌ ပြောသည်။
ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်က ချမ်းအေးသာစံမြို့နယ်ရှိ မြေကွက် အရောင်းအဝယ်အတွက် ကာလတန်ဖိုး ဖြတ်ရန် ငွေကျပ်သိန်း ၁၂၅၀ ဖြင့် ညှိနှိုင်းထားသော်လည်း တန်ဖိုးဖြတ်သည့်အခါ ညှိနှိုင်းထားသည်ထက် အခွန် ၂ ဆ စည်းကြပ်ကြောင်း၊ ထို့ကြောင့် အခွန်ထမ်း ဒေါ်သိန်းသိန်းနိုင်က မကျေနပ်၍ ယင်းငွေများကို ဦးဇော်မြင့်ထွေးထံ ပြန်လည် တောင်းယူခဲ့ရာ အချိန်မီ ပြန်မပေးကြောင်း၊ ဒေါ်သိန်းသိန်းနိုင်တို့သည် ဦးဇော်မြင့်ထွေးကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၂၀ (လိမ်လည်မှု) ဖြင့် စတင် အမှုဖွင့်ပြီးနောက် ပုဒ်မ ၄၀၆ (ယုံကြည်အပ်နှံမှုကို အလွဲသုံးစား လုပ်သည့်အမှု) သို့ ပြောင်းလဲ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဦးဇော်မြင့်ထွေးက “သတင်းစာ ရှင်းလင်းပွဲပြီးရင် ရှေ့နေနဲ့ တိုင်ပင်ပါမယ်၊ ခရိုင်တရားရုံးက လက်မခံရင် အထက် အဆင့်ဆင့်အထိ တက်ပြီး ပြန်တရားစွဲသွားမှာ ဖြစ်သလို လက်ရှိ အစိုးရသစ်ကိုလည်း ကျနော့်အမှုကိစ္စ အတွက် တိုင်စာပို့သွားမှာပါ” ဟု ဦးဇော်မြင့်ထွေးက ပြောသည်။
၂၀၁၆ မတ်လ ၄ ရက်နေ့ ဒေါ်သိန်းသိန်းနိုင်၏ သားဖြစ်သူ ကိုမျိုးသီဟ (ခ) ကိုလူအေးက သက်သေထွက်ဆိုခဲ့သည့် တရားရုံး မှတ်တမ်းအရ ၎င်း၏မိခင်မှာ ဟိုတယ်လုပ်ငန်းနှင့် မြေအရောင်းအဝယ် လုပ်ကိုင်သူ ဖြစ်ပြီး ပြည်တွင်း အခွန်ဦးစီးမှ ဦးဇော်မြင့်ထွေးသို့ စုစုပေါင်း ငွေကျပ် သိန်း ၁၈၃၀ ကို ပေးအပ်ခဲ့သော်လည်း ဦးဇော်မြင့်ထွေးသည် အခွန်ဆောင်ခြင်းလည်း မရှိသကဲ့သို့ ဖြည့်စွက် အခွန်တံဆိပ်ခေါင်း များကိုလည်း ဝယ်ယူခြင်း မရှိသည့်အတွက် ယင်းငွေကို ပြန်လည်ပေးရန် ၁၃ ကြိမ်တိတိ တောင်းခံရာ ပေးအပ်ခြင်း မရှိခဲ့သည့်အတွက် အမှုဖွင့်ရခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါအမှုကို ဘဏ္ဍာရေးဝန်ကြီးဌာနက ဌာနတွင်း စစ်ဆေးမှုလုပ်ခဲ့ပြီး လက်ထောက် ညွှန်ကြားရေးမှူး ဦးညီညီနိုင် နှင့် မန္တလေးတိုင်း ဒုညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနိုင်တို့အား ရာထူးမှ ထုတ်ပယ်ခဲ့ကာ ဦးဇော်မြင့်ထွေးကိုမူ အလုပ်မှ ယာယီရပ်ဆိုင်းထားပြီး ယနေ့အထိ လစာတဝက်ဖြင့် ခံစားခွင့်ပေးခဲ့သည်။
ဦးဇော်မြင့်ထွေးသည် အိုးဘိုထောင်တွင် အချုပ်ခံရကာ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် ဆက်လက် အမှုရင်ဆိုင်ခဲ့ရပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်ရုံးချိန်းတွင် အာမခံရခဲ့ခြင်းဖြစ်သည်။
အဆိုပါအမှုအား ဆက်လက် တရားရင်ဆိုင်နေစဉ်အတွင်း ဒေါ်သိန်းသိန်းနိုင် တို့ဘက်မှ ငွေပြန်လည်ရလိုမှု ဆိုကာ တရားမ လမ်းကြောင်းဖြင့် ဦးဇော်မြင့်ထွေးကို ထပ်တိုးတရားစွဲခဲ့ကြောင်း သိရသည်။