ဉာဏ်ရည်မသန်စွမ်း ကလေးငယ်များကို ဦးစားပေး သင်ကြားပေးမည့် အထက်မြန်မာပြည်၏ ပထမဆုံး အခမဲ့ ပညာသင်ကျောင်းကို ဖွင့်လှစ်တော့မည်ဟု သိရသည်။
ဉာဏ်ရည် မသန်စွမ်း ကလေးများ အခမဲ့ ပညာသင်ကျောင်းကို အမေရိကန်နိုင်ငံရှိ စမတ်တစ်ကောလိပ်၏ ဦးဆောင်မှုဖြင့် မန္တလေးမြို့ရှိ အိုးဘိုပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ၂၀၁၆-၁၇ ပညာသင်နှစ်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ကာ ကျောင်းသားဦးရေ ၁၅၀ ခန့် လက်ခံ သင်ကြားပေးသွားမည် ဖြစ်သည်။
“စောင့်ရှောက်မှု ဘယ်လောက်ကောင်းကောင်း သင်ကြားမှု မပေးနိုင်ရင် မိမိဘာသာ ရပ်တည်နိုင်မှုတွေ ပျောက်ဆုံးသွားနိုင်ပါတယ်။ ဒါကြောင့် မသန်စွမ်းကလေးတွေကို သူတို့ကိုယ်တိုင် ရပ်တည်နိုင်စေဖို့ ဦးတည်ချက်နဲ့ ကျောင်းကို ဖွင့်လှစ်ပေးတာပါ” ဟု အခမဲ့ပညာသင်ကျောင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေသည့် Smart Kids Colle မှ ဒေါ်နန်းမေသိန်းအေး ကပြောသည်။
ဆက်လက်၍ ၎င်းက “မသန်စွမ်းကလေးတွေနဲ့ ပတ်သက်ပြီး မိဘ၊ ညီအစ်ကို၊ မောင်နှမတွေက ပြုစုစောင့်ရှောက်ပေးဖို့ ဦးစားပေးနေကြတယ်။ နောက်ပြီး ကလေးတွေကို မသန်စွမ်းတဲ့အတွက် ပညာသင်ကြားပေးလို့ မရနိုင်ဘူးလို့ မှတ်ယူထား ကြတယ်။ ဒါကြောင့် မသန်စွမ်း ကလေးငယ်တွေရဲ့ ပညာသင်ကြားမှုနဲ့အတူ အခြား အခွင့်အရေးတွေလည်း ဆုံးရှုံးနေကြရ တယ်။ စောင့်ရှောက်ပေးတာ ကောင်းမွန်ပေမယ့် သင်ကြားပေးနိုင်ဖို့ လိုအပ်ပါတယ်” ဟု ရှင်းပြသည်။
လက်ရှိအချိန်တွင် မန္တလေးမြို့၌ မသန်စွမ်း ကလေးငယ်များကို အခကြေးငွေယူ၍ သင်ကြားပေးနေသည့် ကျောင်းများရှိ သော်လည်း အခမဲ့သင်ကြားပေးသည့် ကျောင်း မရှိသေးကြောင်း သိရသည်။
ထို့ကြောင့်၂၀၁၆- ၂၀၁၇ ခုနှစ် ကျောင်းဖွင့်ရာသီ စတင်ချိန်မှ စ၍ အခမဲ့ကျောင်းအဖြစ် ဉာဏ်ရည် မသန်စွမ်း အမျိုးအစားများစွာထဲမှ Autism နှင့် Down Syndrome ကလေးများနှင့်အတူ သင်ကြားနိုင်သည့် စွမ်းရည်ရှိသည့် မသန်စွမ်းကလေးများကိုလည်း လက်ခံသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကလေးငယ်များကို သင်ကြားရာတွင် စိတ်ပျော်ရွှင်မှု၊ စိတ်အားထက်သန်မှုများ ရရှိစေရန် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“သင်ကြားမှုပိုင်းမှာ အခက်အခဲအနည်းငယ် ရှိနိုင်ပေမယ့် နည်းပညာပိုင်း အခက်အခဲကတော့ လိုအပ်ချက် အမြင့်ဆုံးပါပဲ။ မသန်စွမ်း ကလေးတွေရဲ့ အနေအထားနဲ့ သင်ကြားနိုင်မယ့် အဆင့်ကို ခွဲခြားသတ်မှတ်ပေးနိုင်မယ့် ဆေးပညာရှင်တွေ မရှိသေးပါဘူး။ သက်ဆိုင်ရာနယ်ပယ်က ဆေးပညာရှင်တွေ ပူးပေါင်းပါဝင်နိုင်စေဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။