မောင်မောင်ရဲ့မျက်လုံးတွေက ကြောက်ရွံ့နေပုံပေါ်ပြီး အရယ်အပြုံး လုံးဝကင်းမဲ့နေတယ်။ အသက် ၅နှစ် အရွယ် ကလေးတယောက်မှာ ရှိရမယ့် တက်ကြွလန်းဆန်းမှုမျိုး လုံးဝမရှိဘဲ လူတွေကို မယုံကြည်တဲ့ပုံစံမျိုး တွေ့ရတယ်။
သူတို့မိသားစုက တံတားလေးဘူတာ အနီးမှာ နေထိုင်ပြီး စားဝတ်နေရေးအတွက် အမှိုက်ကောက်ကာ အသက်မွေးဝမ်း ကျောင်းနေတဲ့ မိသားစုဖြစ်တယ်။
သူဟာ ကျောင်းအားလပ်ချိန်မှာ မိဘကို ကူညီတဲ့အနေနဲ့ ရေသန့်ဘူးခွံဟောင်းတွေနဲ့ အမှိုက်ကောက်ပေးရင်း မိဘကို တတ်နိုင်တဲ့ဘက်က ကူညီနေပြီး အားလပ်ချိန်မှာ Care Teen အမည်ရ ပရဟိတအဖွဲ့တခုမှာ ကျောင်းတက်နေသူလည်း ဖြစ်ပါတယ်။
အဲဒီလို မိဘကို ကူညီရင်း ရေသန့်ဘူးခွွံဟောင်း ကောက်နေတဲ့ မောင်မောင့်ကို မေလဆန်းပိုင်းမှာ စည်ပင်ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းသွားတယ်။ သူ့သူငယ်ချင်းလည်း အတူ ပါသွားတယ်။
“ပလုံကောက်လို့ ဆိုပြီး သားတို့ကို ဖမ်းသွားတာ။ သား ဘာမှ မသိဘူး။ မပြောချင်ဘူး။ ရဲဝတ်စုံနဲ့ လူကြီးတွေ ဖမ်းသွားတာ။ သူတို့ကို ကြောက်တယ်” လို့ အသက် ၅ နှစ် အရွယ် မောင်မောင်က ပြောပြတယ်။
သူက “အထဲမှာ ကလေးတွေ အများကြီးပဲ။ မိန်းကလေးတွေလည်း ရှိတယ်။ သူတို့ကို သပ်သပ်စီ ထားတာ။ ကြောက် တယ်။ ဖမ်းသွားတဲ့သူတွေက ရဲဝတ်စုံကြီးတွေနဲ့၊ သားတို့က ကြောက်တော့ လိုက်သွားရတယ်” လို့ သူကြုံတွေ့ခဲ့ရတာကို ပြန်လည် ပြောပြတယ်။
အဲဒီ ကလေး ၂ ဦးဟာ ထိန်းသိမ်းရေး စခန်းထဲမှာ ၄ ရက်ကြာအောင် နေလိုက်ရတယ်။ Care Teen က ဆရာ၊ ဆရာမ တွေနဲ့ ကလေးမိဘတွေက သက်ဆိုင်ရာ အဆင့်ဆင့်ကို မေတ္တာရပ်ခံခဲ့တာကြောင့် နောက်ဆုံးမှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးရဲ့ ခွင့်ပြုချက်နဲ့ ကလေးတွေကို ထိန်းသိမ်းရေးစခန်းက ပြန်လည်ခေါ်ထုတ်ခွင့်ရခဲ့တယ်။
ရဲတပ်ဖွဲ့ရဲ့ရက် ၁၀၀ စီမံချက်မှာ လေလွင့်ကလေးသူငယ် ပပျောက်ရေး စီမံချက်ကလည်း အပါအဝင် ဖြစ်တယ်။ အဲဒီ စီမံချက်အရ စည်ပင်ရဲတပ်ဖွဲ့က လေလွင့်ကလေးသူငယ်တွေကို ဖမ်းဆီးပြီး ထိန်းသိမ်းရေးစခန်းကို ပထမဆုံး ပို့တယ်။ နောက်တော့ အဲဒီကလေးတွေကို လူမှုဝန်ထမ်းဦးစီးဌာနကို လွှဲပြောင်းပေးပြီး အဲဒီဌာနလက်အောက်မှာ ရှိတဲ့ လူငယ်ထိန်းသိမ်းရေး စခန်းတွေကို ပို့လေ့ရှိတယ်။
အဲဒီ စီမံချက်က လေလွင့်ကလေးသူငယ် အမှန်တကယ် ပပျောက်ရဲ့လား၊ ဒါဟာ ကလေးသူငယ် အခွင့်အရေးကို ချိုး ဖောက်ရာရောက်နေသလို ကလေးတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တာကြောင့် ရဲတပ်ဖွဲ့ရဲ့ဖြေရှင်းမှုပုံစံ ပြောင်း လဲဖို့ လိုတယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
Care Teen ရဲ့ဆရာတဦးဖြစ်တဲ့ ကိုထူးအောင်လင်း က “ရဲတပ်ဖွဲ့က လုပ်တဲ့ လေလွင့်ကလေးသူငယ်ပပျောက်ရေး စီမံချက်ဆိုတာ ဘယ်သူခိုင်းတာလဲ။ ဘာကြောင့်လုပ်တာလဲ မေးတော့ ရှင်းရှင်းလင်းလင်း မပြောနိုင်ဘူး။ ကျနော်တို့ စာသင်ပေးနေတဲ့ ကလေး ၂ ယောက် အဖမ်းခံရတယ်။ တယောက်က ၅ နှစ်၊ နောက်တယောက်က ၁၀ နှစ် ပဲရှိသေး တယ်။ ကလေးတွေက ကျနော်တို့ကို မြင်လည်း မြင်ရော ငိုတာ။ အထဲမှာ ဘယ်လောက်တောင် ကြောက်နေခဲ့လဲ မသိ ဘူး”လို့ ဧရာဝတီကို ပြောပြတယ်။
ဆက်လက်ပြီး သူက “ရေသန့်ဘူးခွံ ကောက်တယ်။ အမှိုက်ကောက်တယ်ဆိုတာ သူတို့ရဲ့ စားဝတ်နေရေးအတွက်၊ ပြီး တော့ မိဘဖြစ်သူကို တဖက်တလမ်းက ဝင်ငွေရအောင် ကူညီနေတဲ့သဘောပဲ။ အခုလို လုပ်တာတော့ ကလေးသူငယ် အခွင့်အရေးကို ချိုးဖောက်ရာ ရောက်တယ်လို့လည်း မြင်တယ်။ ကလေးတွေက ကျနော်တို့ သွားကြည့်တုန်းက အရမ်းကို ကြောက်နေတဲ့ပုံစံမျိုး ဖြစ်နေရှာတာ။ ကလေးတွေကို မေးကြည့်တော့ အထဲမှာ ဖရဲသီးနဲ့ စားရတယ်ပြောတယ်”လို့ ဆက် ပြောတယ်။
ရန်ကုန်မြို့မှာ အခြေအနေမဲ့နဲ့ မိဘမဲ့ လေလွင့်ကလေးများ ထိန်းသိမ်းရေး စီမံချက်ကို မကြာခဏပြုလုပ်လေ့ရှိပြီး တာဝန် ယူ လုပ်ဆောင်တာကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန၊ စည်ပင်ရဲတပ်ဖွဲ့ ဖြစ်ပါတယ်။
အဆိုပါ စီမံချက်နဲ့ ပတ်သက်ပြီးတော့ စည်ပင်ရဲတပ်ဖွဲ့ကို ဆက်သွယ်ပေမယ့် စာလာတင်ထားဖို့သာ ပြောဆိုခဲ့ပြီး ဖြေကြား ပေးနိုင်မယ့် ရက်အတိအကျကို ပြောဆိုနိုင်ခြင်းမရှိခဲ့ပါဘူး။
ထို့နည်းတူ စည်ပင်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လူမှုဝန်ထမ်း ဦးစီးဌာနကို ဧရာဝတီသတင်းဌာနက သွားရောက် တွေ့ဆုံမေးမြန်းခဲ့ရာမှာလည်း ဌာနတာဝန်ရှိသူက မဖြေကြားနိုင်ကြောင်း၊ စာထပ်တင်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးနဲ့ အစည်း အဝေး ရှိနေကြောင်း ပြောဆိုပြီး လမ်းဘေးကလေးတွေနဲ့ ပတ်သက်လို့ အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ထုတ်ဖော်ပြော ဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာတော့ ကလေး၊ လူငယ်တွေကို လူငယ်စောင့်ရှောက်ရေး လုပ်ငန်းများအနေနဲ့ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဟူ၍ နှစ်ပိုင်းခွဲခြား ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။ ကြိုတင် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအနေနဲ့ လူငယ်များ လေလွင့်မှုကို ကာကွယ်ရန်နဲ့ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေဖို့ ဆိုပြီး ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှာ လူငယ့်ရိပ်သာ ၇၀ ခုကို ဖွင့်လှစ်ပြီး အသက် ၈ နှစ်မှ ၁၈ နှစ် အထိ လူငယ်ပေါင်း ၇၅၈၉ ကို စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
စည်ပင်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလာတဲ့ ကလေးတွေကို ဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက လွှဲပြောင်းရယူပြီး ငှက်အော်စမ်း လူငယ် သင်တန်းကျောင်း၊ သန်လျင်လူငယ်သင်တန်းကျောင်း၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ မော်လမြိုင် လူငယ်သင် တန်းကျောင်း၊ မန္တလေးလူငယ်သင်တန်းကျောင်း၊ လားရှိုးလူငယ်သင်တန်းကျောင်း၊ လပွတ္တာ လူငယ်အားမာန်သင် တန်းကျောင်း၊ အမျိုးသမီးကလေးများ သင်တန်းကျောင်း(ရန်ကုန်)၊ အမျိုးသမီးကလေးများ သင်တန်းကျောင်း (ထောက်ကြန့်) နဲ့ အမျိုးသမီးကလေးများ သင်တန်းကျောင်း (မန္တလေး)တို့မှာ ထိန်းသိမ်းစောင့်ရှောက်တယ်လို့ သိရပါတယ်။
အဆိုပါ လူငယ်သင်တန်းကျောင်းတွေမှာ အန္တရာယ်ကျရောက်လွယ်သော ကလေးများဖြစ်တဲ့ ကလေးသူငယ် ဥပဒေပုဒ်မ (၃၂) အရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော မိဘမဲ့ကလေးများ၊ စွန့်ပစ်ခံရသောကလေးများ၊ ကလေးသူငယ် တရား ရုံးတွင် ပြစ်မှုနှင့်ရင်ဆိုင်နေရသော ကလေးသူငယ်များ၊ ခေါင်းပုံဖြတ်ခြင်း၊ လျစ်လျူရှုခြင်း၊ လွဲမှားစွာပြုကျင့်ခြင်းနှင့် အကြမ်း ဖက်ခြင်း ခံနေရသော ကလေးများအား လက်ခံစောင့်ရှောက်ပေးလျက်ရှိတယ်လို့ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြထား ချက်အရ သိရပါတယ်။
ဝန်ကြီးဌာန က ထိန်းသိမ်းစောင့်ရှောက်မှုတွေလုပ်တယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စီမံချက်နဲ့ ကလေးတွေကို ဖမ်းဆီးထိန်း သိမ်းမှုတွေ လုပ်ဆောင်ပေမယ့် လမ်းပေါ်ရောက်နေတဲ့ ကလေးတိုင်းမှာ မိဘမဲ့ မဟုတ်ဘဲ အိမ်ခြေရာမဲ့ မဖြစ်နိုင်ကြောင်း၊ နေအိမ်မှာ အဆင်မပြေလို့ လမ်းပေါ်ရောက်နေရတဲ့ ကလေးများ ရှိနေသလို မိသားစုတခုလုံး လမ်းပေါ်မှာ အလုပ်လုပ်စား နေရတာကြောင့် လမ်းပေါ်ရောက်နေတဲ့ ကလေးများစွာရှိတာကြောင့် ရဲတပ်ဖွဲ့အနေနဲ့ သေချာစုံစမ်းပြီးမှ စီမံချက်အရ ဖမ်း ဆီးထိန်းသိမ်းတာမျိုး လုပ်ဆောင်သင့်တယ်လို့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူတွေက ထောက်ပြပြောဆို ပါတယ်။
“အခုလို မိဘကို ကူညီတဲ့ ကလေးတွေကို ဖမ်းဆီးတာက ဆိုးသွမ်းတဲ့ ထောင်အလေ့အကျင့်တွေကို သင်တန်းပေးသလို ဖြစ်နေတယ်။ ကလေးတွေကို ဖမ်းပြီးတော့ အဲဒီကလေးတွေကို နေရပ်လိပ်စာမေးလို့ ရရင်ရ မရရင် ပညာသင်ကြားပေးဖို့ လိုပါတယ်။ အနာဂတ်ရဲ့ ကြယ်ပွင့်ကလေးတွေကို ချုပ်နှောင်ထားရင် တိုင်းပြည် အမှောင်ကျသွားမှာပေါ့။ ကလေးသူငယ် တွေနဲ့ ပတ်သက်ရင် ဒီနိုင်ငံမှာ လျစ်လျူရှုမှုများနေတယ်။ မိဘနဲ့အတူ အသက်မွေးဝမ်းကျောင်းနေတဲ့ ကလေးတွေကို အကောင်းဘက်ကို တွန်းမပို့ဘဲနဲ့ ဖမ်းဆီးနေတာ။ အခုတော့ ထောင်လိုပုံစံနဲ့ ကျင့်သုံးတာကတော့ နောင် အနာဂတ်မှာ ညစ်ပတ်၊ ယုတ်မာတတ်အောင် သင်တန်းပေးသလိုဖြစ်လို့ ဒါမျိုးကို မလုပ်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်တယ်” လို့ တရား လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က သုံးသပ်ပြောဆိုပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ကလေးတွေ ဘာကြောင့် လမ်းပေါ် ရောက်လာရသလဲ ဆိုတဲ့ အကြောင်းအရင်း သေချာစုံစမ်း ခြင်းမပြုဘဲ ကော်ရှူတာ၊ မှုခင်းတွေ ကျူးလွန်တဲ့ ကလေးတွေနဲ့အတူ မိသားစုစားဝတ်နေရေးအတွက် လမ်းဘေးမှာ ရေသန့်ဘူးခွံကောက်နေတဲ့ ကလေးတွေကို ဖမ်းဆီးထိန်းသိမ်းတာက ကလေးသူငယ်တွေရဲ့အခွင့်အရေးကို မျက်ကွယ် ပြုရာရောက်နေတယ်။
စီးပွားရေး ကျပ်တည်းမှုကြောင့် မိဘနဲ့အတူ ရရာအလုပ် လုပ်ကိုင်နေရတဲ့ ကလေးများကိုပါ ဆိုးသွမ်းတဲ့ ကလေးတွေနဲ့ အတူ ဖမ်းဆီးနေတာဟာ လမ်းပေါ်မှာ လေလွင့်နေတဲ့ကလေးတွေ ပပျောက်သွားနိုင်မယ့် ဖြေရှင်းမှု မဟုတ်ဘူးလို့ လူ့ အခွင့်အရေးလှုပ်ရှားသူများက ထောက်ပြပြောဆိုနေကြပါတယ်။
ဦးရောဘတ်စန်းအောင် က “ရဲတွေအနေနဲ့ သားသမီးချင်း စာနာထောက်ထားဖို့ လိုတယ်။ ဒီကလေးတွေရဲ့ နှလုံးမှာ အမည်းစက်ဖြစ်ပြီး (တင်မြင့်)လို လူတွေ ပေါက်ဖွားလာမှာ စိုးရိမ်ရတယ်။ ရိုးရိုးသားသားကလေးတွေကို ပစ္စည်းဟောင်း ကောက်တယ်။ မိဘနဲ့ အတူ စီးပွားရှာနေတာကို လိုက်ဖမ်းနေတော့ ဒီကလေးတွေက ဘာလုပ်ရမလဲ၊ အစိုးရသစ်က ကြိုး စားလုပ်ဆောင်နေချိန်မှာ ဒီလိုလုပ်ရပ်တွေ ဆက်လုပ်နေမယ်ဆိုရင်တော့ လူ့အခွင့်အရေးဆိုင်ရာ ကလေးသူငယ်အခွင့် အရေးတွေကို မျက်ကွယ်ပြုရာကျတဲ့အတွက် တိုင်းပြည်ကို အမှောင်ကျအောင် လုပ်နေသလိုပဲ”လို့ ဆက်လက် ပြောဆို တယ်။
ဦးရောဘတ်စန်းအောင် ပြောပြသည့် တင်မြင့် ဆိုသူမှာ သန်လျင်မြို့နယ် တွင် ရဲ ၂ ဦးကို ဓားဖြင့် ထိုးသတ်ခဲ့ပြီး အခြားပြစ်မှုများဖြင့် ဖမ်းဆီးခံရသည့် ထောင်ထွက်လူမိုက် တဦးဖြစ်သည်။ လက်ရှိတွင် တင်မြင့်သည် အဆိုပါ လူသတ်မှုဖြင့် အင်းစိန်ထောင်တွင် အကျဉ်းကျလျက်ရှိသည်။