၂၀၁၆ အောက်တိုဘာ ၉ ရက်နေ့ မောင်တောမြို့နယ်ထဲက နယ်ခြားစောင့်ရဲကင်းတွေကို လူအုပ်နဲ့ အကြမ်းဖက်တိုက်ခိုက် အပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ မောင်တောဟာ အရင်လို ဈေးရောင်းဈေးဝယ်တွေနဲ့ မစည်ကားတော့ဘဲ တိတ်ဆိတ်လို့ နေခဲ့ပါပြီ။ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး လုံခြုံရေးတွေလည်း တိုးမြှင့်ချထားခဲ့ပါပြီ။
မြန်မာနိုင်ငံရဲ့အနောက်ဘက် နယ်စပ်ကုန်သွယ်ရေးမြို့ဟာ ဈေးဆိုင်ခန်းများပိတ်ထားပြီး လူအသွားအလာလည်း နည်းပါးနေပါတယ်။ မြို့တွင်းနေထိုင်သူများသာ သွားလာနေကြပြီး မြို့ပြင်နေသူတွေ မြို့ထဲသွားလာဝင်ထွက်ခွင့်ကို တင်းကြပ်ထားပါတယ်။
စာသင်ကျောင်းတွေလည်း ပိတ်ထားသလို မြို့ရဲ့ အဓိကဈေးကြီးကလည်း နာရီပိုင်းသာဖွင့်ပြီး ဆိုုင်ခန်းတော်တော်များများ ပိတ်ထားကြပါတယ်။ ဆေးရုံ၊ အစိုးရ ဌာနဆိုင်ရာ ရုံးတွေနဲ့ဒုက္ခသည် စခန်းချရာနေရာတွေမှာ စစ်တပ်နဲ့ရဲ လုံခြုံရေးတွေ ချထားပါတယ်။ မြို့ထဲနဲ့ မြို့ပတ်ဝန်းကျင်မှာ တွေ့ရသူ အများစုက နယ်မြေခံ အစ္စလာမ် ဘာသာဝင်တွေ ဖြစ်ပြီး နယ်ခြားစောင့်ရဲ အင်အား ၁၀ ယောက်ကျော်က နေ့စဉ်လုံခြုံရေးကင်းလှည့်နေပါတယ်။
ရခိုင်တိုင်းရင်းသားတွေက ရဲစခန်းတိုက်ခိုက်မှုတွေအပြီး ၂၀၁၂ ခုနှစ်တုန်းကလို ရပ်ရွာတွေထဲထိ တိုက်ခိုက်မှုတွေ ဖြစ်လာမှာ စိုးရိမ် ကြောက်လန့်ပြီး ဘူးသီးတောင်နဲ့ စစ်တွေထိပါ ရှောင်တိမ်းနေထိုင်နေကြတာတွေ ရှိလာခဲ့ပါတယ်။ အခု အခြေအနေက ပြန်တည်ငြိမ်လာနေပေမယ့် ရဲကင်းတိုက်ခိုက်မှုမှာ ပါဝင်သူလို့ မသင်္ကာသူတွေ ပုန်းခိုနေတဲ့ ကျေးရွာတွေကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ပြီး ဝင်ရောက် ရှာဖွေ ဖမ်းဆီးနေဆဲပါ။