လက်ရှိ ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ဂီတအစည်းအရုံးသစ်ရဲ့ ပထမဆုံး လုပ်ဆောင်ချက်ကတော့ ရရန်ရှိ အကြွေးစာရင်း ထုတ်ပြန်ချက် ဖြစ်ပါတယ်။
ပြည်တွင်း FM ရေဒီယိုလိုင်းတွေကနေ ဂီတအစည်းအရုံးကို တေးသီချင်း အသုံးပြုခွင့်အနေနဲ့ ငွေကျပ် သိန်းထောင်နဲ့ချီပြီး အကြွေးပေးဖို့ ကျန်နေတယ်လို့ သိရပါတယ်။
ဒီလို အကြွေးကျန်နေတဲ့ FM တွေထဲက အများဆုံးဖြစ်တဲ့ မန္တလေး FM ကတော့ ကျပ်သိန်းပေါင်း ၁၇၄၀ ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က လာဆပ်သွားပြီလို့ ဂီတအစည်းအရုံး စည်းရုံးရေးမှူးဖြစ်တဲ့ အဆိုတော် သားစိုးက ဧရာဝတီကို ပြောပါတယ်။
“မြန်မာနိုင်ငံ ဂီတအစည်းအရုံးအဟောင်းနဲ့ ဈေးညှိတာတွေ ဘာတွေပေါ့၊ အဲဒီလို ညှိနှိုင်းနေဆဲ ကာလနဲ့ ကြာသွားပြီးတော့ အဲဒီလောက် ကျသွားတာပါ။ တခြား FM တွေလည်း ကျနော်တို့ ဂီတအစည်းအရုံးကို ပေးစရာတွေ ရှိပါသေးတယ်။ အရင်က ဝန်ကြီးဌာန အောက်မှာ ရှိတဲ့အခါကျတော့ ဌာနနဲ့ ညှိနှိုင်းပြီး ဖြည်းဖြည်းချင်း လုပ်ရတာ၊ ဗဟိုစနစ်နဲ့ အုပ်ချုပ်တော့ အဆင့်ဆင့် သွားရတာနဲ့ ကြာတာတွေရှိပါတယ်။ အခုကျတော့ တိုက်ရိုက် ဖြစ်လာတော့ ပိုမြန်လာတာပါ” လို့ သူက ဆိုပါတယ်။
ဂီတ အစည်းအရုံးဟောင်းလက်ထက်မှာ အကြိမ်ပေါင်း ၂၀ မက တောင်းခဲ့တဲ့ အကြွေးတွေကို မပေးသွင်းခဲ့ဘဲ အခုမှ
စပြီး လာပေးတာဖြစ်တယ်၊ တခြား FM တွေလည်း လာပေးကြလိမ့်မယ်လို့ ကိုသားစိုးက ပြောပါတယ်။
ဒါ့အပြင် ရှေ့ဆက်ပြီး ဂီတအစည်းအရုံးရဲ့ လုပ်ဆောင်ချက်တွေကို ဘာမှ ထိန်ချန်ထားခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်း လုပ်ဆောင်သွားတော့မှာ လို့လည်း ကိုသားစိုးက ဆိုတယ်။
“ဂီတအစည်းအရုံး Facebook လည်းရှိလည်း။ ဝက်ဘ်ဆိုက်လည်း မကြာခင်ဖွင့်တော့မယ်။ ဂီတအစည်းအရုံးနဲ့ ပတ်သက်လို့ ထုတ်ပြန်ချက်တွေကို အကုန်လုံး ပွင့်ပွင့်လင်းလင်း ဆက်လုပ်သွားမယ်။ ဘာမှ ထိန်ချန်ထားမှာ မဟုတ်ဘူး။ ကျနော်တို့ ထိန်ချန်စရာ အကြောင်းလည်းမရှိဘူး။ အကုန်လုံး ကောင်းကျိုးအတွက် လုပ်နေတဲ့အတွက် ထိန်ချန်စရာလည်းရှိမှာမဟုတ်ဘူး” လို့ သူက ရှင်းပြတယ်။
မစပ်စု သဘောကျမိတာကတော့ ပွင့်လင်းမြင်သာမှုတွေ ရှိလာတဲ့ ဒီခေတ်ကြီးမှာ ဂီတအစည်းအရုံး အသစ်ရဲ့ ပွင့်ပွင့်လင်းလင်း ကြွေးစာရင်း ဖော်ပြမှုကြောင့် ရလဒ်အဖြစ် အကြွေးတချို့ စရလာပြီ ဆိုတဲ့အကြောင်း …။