ခေတ်ပေါ်မြန်မာ သီချင်းလောကတွင် ကိုယ်ပိုင်သံစဉ် တခေတ်ဆန်းစေခဲ့သည့် မဇိ္ဈမလှိုင်းတေးဂီတ၏ ပင်တိုင် အဆိုတော် ခင်မောင်တိုး အသက် ၆၂ နှစ်သည် စင်ကာပူနိုင်ငံ ဒေသစံတော်ချိန် ယနေ့နံနက် ၈နာရီ ၁၈မိနစ် တွင် အသည်းရောဂါဖြင့် ကွယ်လွန် သွားပြီဖြစ်သည်။
ကိုတိုးကြီးဟု ပရိသတ်က ချစ်ခင်စွာ ခေါ်သည့် အဆိုတော် ခင်မောင်တိုးသည် ပြီးခဲ့သည့် စက်တင်ဘာလဆန်းကတည်းက စင်ကာပူနိုင်ငံသို့ သွားရောက်ကာ ဆေးကုသခံနေရခြင်းဖြစ်သည်။ ကိုခင်မောင်တိုး၏ ကြွင်းကျန်သည့် ရုပ်ကလာပ်ကို စင်ကာပူနိုင်ငံတွင် သဂြိုလ်မည်ဖြစ်သည်ဟု သူငယ်ချင်းဖြစ်သူ မဇ္စိုမလှိုင်းမှ တေးရေးဆရာလည်းဖြစ် ဘေ့စ်ဂစ်တာသမားလည်းဖြစ်သူ ကိုရဲလွင် ကပြောသည်။
“ဆိုးတူကောင်းဖက် နေခဲ့ကြတာလေ၊ ကျနော်သူငယ်ချင်းနဲ့က ဘာမှ အမုန်းတရားမရှိဘူး၊ နောက်ဆုံးလမ်းခွဲသွားတယ်ဗျာ၊ သူလည်း နောက်ဆုံးအချိန်အထိ ကျနော်ကို သတိရနေတယ်လို့ ပြောတယ်” ဟု ကိုရဲလွင်က ဧရာဝတီသို့ အမှတ်တရစကား ဆိုသည်။
ကိုခင်မောင်တိုးသည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက ၈၈ မျိုးဆက်ကျောင်းသားများ ပြုလုပ်သည့် ဂီတဝဿန် ပွဲတွင် နောက်ဆုံး ဖျော်ဖြေခဲ့ပြီးနောက် စင်ကာပူနိုင်ငံသို့ သွားရောက်ဆေးကုခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကတည်းကပင် ဖျော်ဖြေမှုကို ပင်ပန်းကြီးစွာ ပြုလုပ်ခဲ့ရကြောင်း ကိုရဲလွင်က ဆက်ပြောသည်။
လက်ရှိအချိန်တွင် ကိုရဲလွင်မှာ အမေရိကန်နိုင်ငံသို့ ခရီးထွက်နေရသောကြောင့် စင်ကာပူသို့ မသွားခဲ့နိုင်သော်လည်း ဖုန်းဖြင့် နောက်ဆုံးအချိန်ထိ အဆက်အသွယ်သာ လုပ်နိုင်ခဲ့ကြောင်းလည်း ဆိုသည်။
ကိုခင်မောင်တိုးနှင့် စက်မှုတက္ကသိုလ် ပထမနှစ်ကတည်းက အနုပညာရောင်းရင်း နောက်တဦးဖြစ်သည့် ကဗျာဆရာ စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ကလည်း မိသားစု ကဲ့သို့ နေထိုင်သည့် သူငယ်ချင်း တဦး တိမ်းပါးသွားခြင်းဖြစ်သည့်အပြင် ဂီတလောကအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုဖြစ်ကြောင်း ဆိုသည်။
“ကျောင်းပြီးလို့ ကျန်တဲ့ သူငယ်ချင်းတွေနဲ့ ကွဲကွာသွားပေမယ့် သူနဲ့ ကျနော်နဲ့က အနုပညာလောကမှာကျန်ခဲ့ပြီး အမြဲတွေ့နေတာ၊ မိသားစုလို နေကြတာဆိုတော့ ခံစားရတယ်”ဟု မောင်စိန်ဝင်း (ပုတီးကုန်း) က ဆိုသည်။
စစ်ကိုင်းတိုင်း မော်လိုက်ဇာတိ ကိုခင်မောင်တိုးသည် ငယ်စဉ်ကတည်းက ဂီတဝါသနာပါသူဖြစ်ပြီး ၁၉၆၆ ခုနှစ် စွယ်တော်ရိပ်ဟု တင်စားခေါ်ဝေါ်ကြသော ရန်ကုန်စက်မှုတက္ကသိုလ်(RIT)ကို တက်ရောက်သင်ကြားခဲ့သည်။ ဂီတအနုပညာဘက်တွင်သာ ပိုစိတ်ပါဝင်စားသဖြင့် ကျောင်းမပြီးခဲ့ချေ။
အပေါင်းအသင်းများကြား အေးဆေးတည်ငြိမ်စွာနေတတ်သူ၊ စကားပြောလျှင် လေးလေးမှန်မှန်သာ ပြောဆိုတတ်ပြီး မထုံတက်တေးနေတတ်သူဖြစ်ပြီး ကိုသန်းမြင့်(တယော)၊ ကိုစောဝင်း(စောင်း)၊ ဘူမိဗေဒကျောင်းသား ကိုတင် မောင်လှိုင် (မျက်သွယ်)၊ ကဗျာဆရာမောင်စိန်ဝင်း( ပုတီးကုန်း) တို့နှင့် အများဆုံး တွဲဖက်ပေါင်းသင်းခဲ့သည်။
၁၉၆၈ခုနှစ်၌ နောင်တွင် မဇိ္ဈမလှိုင်းကို ပူးပေါင်းတည်ထောင်သူများဖြစ်လာမည့် ကိုရဲလွင်၊ ကိုမောင်မောင် တို့နှင့် တွဲဖက်မိပြီး အင်းလျား၊ သီရိ၊ မာလာ၊ ရတနာ၊ သဇင် စသည့် တက္ကသိုလ်ကျောင်းဆောင်များရှေ့တွင် ကိုယ်တိုင်ရေးသီချင်းများကို စတင်လေ့ကျင့် သီဆိုခဲ့ကြသည်။
ထိုစဉ်က ကိုခင်မောင်တိုးမှာ အဆိုထက် တီးခတ်မှုကိုသာ အားသန်သူဖြစ်ပြီး၊ အင်ဂျင်နီယာပညာထက် အနုပညာကို သာ ပိုမိုခုံမင်သူအဖြစ် ငယ်သူငယ်ချင်းဖြစ်သူ ကဗျာဆရာ မောင်စိန်ဝင်း( ပုတီးကုန်း)က ဆိုသည်။
ဆံပင်ရှည်ထားပြီး ဂစ်တာတီးခြင်းအား သရုပ်ပျက်ဂီတဟု ရှုတ်ချနေခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တပါတီအာဏာရှင် ခေတ်ဦးတွင် ကိုခင်မောင်တိုး၊ ကိုရဲလွင်၊ ကိုမောင်မောင်၊ ကိုနေဝင်း တို့နှင့်အတူ ၁၉၇၄ ခုနှစ်ခန့်က“ ပြဿာနာအုပ်စု” ဆိုသည့် တေးဂီတဝိုင်းကို တည်ထောင်ပြီး ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်၊ ရင်ခုန်နေသော အိမ်မက်ငယ် စသည့် တေးစီးရီးကို ထုတ်ခဲ့သည်။
“အဲဒီတုန်းက ပြဿနာ Problem ဆိုတဲ့စကားက ခေတ်စားတယ်လေ၊ အဲဒီတော့ ပြဿာနာ နာမည်ကို ရွေးပြီး ဖွဲ့လိုက်တာ”ဟု ကိုရဲလွင်က ပြောသည်။
နောက်ပိုင်းတွင် ကီးဘုတ် ဇော်မျိုးထွဋ်၊ ဒရမ် တွတ်ကီတို့ပါ ပါဝင်လာပြီး “လိစ္ဆဝီ” တေးဂီတဟု ပြောင်းလဲဖွဲ့စည်းကာ “ဝိုင်းရဲ့ဆည်းဆာ”၊ “အဉ္ဇလီအတွက် ဂီတဉ္ဇလီ” စသည့် တေးသီချင်းများကို ထုတ်ဝေခဲ့သည်။
သို့သော် ၁၉၈၄ ခုနှစ်ဦးပိုင်း မဇိ္ဈမလှိုင်း တေးဂီတနှင့်အတူ သီဆိုခဲ့သည့် “ မဟာဆန်သူ” တေးစီးရီးသည် ကိုယ်ပိုင်သံစဉ် တခေတ် ဆန်းစေပြီး ထိုခေတ်လူငယ်များအတွင်း အထူးရေပန်းစားကာ လူကြိုက်များခဲ့ပြီး ခင်မောင်တိုး အမည်ကို လူသိများစေခဲ့သည်။
ထို့ပြင် ကြိုးကြာသံ၊ မျက်သွယ်၊ လေးညှိ့ရှင်၊ရောင်စဉ် ခုနှစ်သွယ်၊ ဝေးခဲ့ပြီ ပန်းခရမ်းပြာ အပါအဝင် အောင်မြင်ကျော်ကြားသော တေးစီးရီး ၂၀ ခန့် သီဆိုထုတ်ဝေခဲ့သည်။
ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ဝေဝေခိုင်နှင့် သားသမီး ၃ ဦး ကျန်ရစ်သည်။