နိုဝင်ဘာလ ၁၉ ရက်နေ့မှာ စတင်မယ့် မြန်မာပြည်ခရီးအတွင်း ရိုဟင်ဂျာမွတ်ဆလင်တွေ အတိုက်အခိုက်ခံနေရမှုအပေါ် အလေးအနက်ထားဆွေးနွေးဖို့ အစ္စလမ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Cooperation – OIC) အထွေထွေအတွင်းရေးမှူး အက်မဲလက်ဒင် အစ်စန်နိုးလူ (Ekmeleddin Ihsanoglu) က အမေရိကန်သမ္မတ ဘားရက် အိုဘားမားကို တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်နိုင်ဖို့အတွက် အဲ့ဒီကိစ္စကို မြန်မာအစိုးရရဲ့ အမြင့် ဆုံး အာဏာပိုင်တွေအပြင် အတိုက်အခံခေါင်းဆောင်နဲ့ပါ ဆွေးနွေးဖို့ သူက အမေရိကန်သမ္မတကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်နိုင်ဖို့နဲ့ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်မှာ အရေးပါတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒီကိစ္စဟာ ပထမဆုံး ခြေလှမ်းဖြစ်တယ်လို့ သူက ယုံကြည် နေတာပါ။
အမေရိကန်သမ္မအနေနဲ့ ဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသားအားလုံးရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့အတွက်ပါ ထည့်သွင်းဆွေးနွေးသင့်တယ်လို့ သူက ပြောတယ်လို့လည်း သမ္မတအိုဘားမားဆီ အင်္ဂ ါနေ့မှာပို့ခဲ့တဲ့ သူ့ရဲ့စာကို ကိုးကားပြီး OIC က ထုတ်ဖော်ပြောကြားပါတယ်။
တချိန်တည်းမှာ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေကြောင့် ပင်လယ်ကိုဖြတ်ပြီး ထွက်ပြေးတိမ်းရှောင်ကြတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေအတွက် နယ်စပ်တွေဖွင့်ပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။
အဲ့ဒီအကြမ်းဖက်မှုတွေကနေ လွတ်မြောက်အောင် ထွက်ပြေးလာတဲ့သူတွေ မကြာသေးခင်က ဘင်္ဂလားပင်လယ်အော် ထဲမှာ လှေနစ်မြုပ်သွားတဲ့အပေါ် အလေးအနက် စိုးရိမ်မှုရှိတဲ့အကြောင်းကိုလည်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees – UNHCR) က အင်္ဂ ါနေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါသေးတယ်။
“အခုဆိုရင် အကြမ်းဖက်မှုတွေ လျော့ပါးသွားပေမယ့် တင်းမာမှုတွေကတော့ မြင့်နေဆဲပါ။ ဒါကြောင့် လာမယ့် ရက် သတ္တပါတ်တွေ၊ လတွေအတွင်းမှာ လူတွေ မျှော်လင့်ချက်မဲ့ပြီး အန္တရာယ်များတဲ့ ဒီလိုရေလမ်းခရီးနဲ့ ထပ်ထွက်သွားကြ မှာကို ကျမတို့ စိုးရိမ်မိပါတယ်” လို့ UNHCR အာရှဌာနခွဲ ပြောခွင့်ရပုဂ္ဂိုလ် ဗီဗီယန် တန် (Vivian Tan) က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
လွန်ခဲ့တဲ့ ၂ ပတ်က လူ ၂၄၀ လောက် တင်ဆောင်ထားတဲ့ လှေ ၂ စီး ဘင်္ဂလားပင်လယ်အော်ထဲမှာ နစ်မြုပ်သွားပြီး အဲ့ဒီလူတွေထဲမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်တွေလည်းပါတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက် UNHCR က အင်္ဂ ါနေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့တာပါ။ တရားဝင်သတင်းရပ်ကွက်တွေကတော့ အဲ့ဒီ ၂၄၀ ထဲက ၄၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး ၂၀၀ လောက် အခုထိ ပျောက်နေဆဲပဲလို့ ဆိုကြပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ နိုင်ငံတော်တည်ငြိမ်မှုကို ခြိမ်းခြောက်နေပြီး ပြတ်သားတဲ့ ဦးဆောင်မှုနဲ့ ကိုယ်တွယ်ဖြေရှင်းတာမျိုး မလုပ်ဘူးဆိုရင် ပိုမိုကျယ်ပြန့်တဲ့ ဘာသာရေး ပဋိပက္ခအဖြစ် ပျံ့နှံ့သွားနိုင် တယ်လို့ နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group – ICG) ကလည်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
တနလာၤနေ့က ထုတ်ပြန်တဲ့ ICG အစီရင်ခံစာ “မြန်မာ – မုန်တိုင်းဆင်မယ့် တိမ်တိုက်များ (Myanmar: Storm Clouds on the Horizon)” ထဲမှာ အခုလို ဆိုထားတာပါ။
ရခိုင်ပြည်နယ်ထဲမှာပဲ ဖြစ်နေတဲ့ ပဋိပက္ခဟာ ပိုမိုကျယ်ပြန့်တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေအကြား ပဋိပက္ခ အဖြစ် ပြောင်းလဲသွားနိုင်ပြီး ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ မှီတင်းနေထိုင်နေကြတဲ့ မြန်မာနိုင်ငံရဲ့ အခြားဒေသတွေဆီကို ပါ ပျံ့နှံ့သွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း အဲ့ဒီအစီရင်ခံစာက ထောက်ပြထားပါသေးတယ်။
မေလတုန်းက ဗုဒ္ဓဘာသာဝင် အမျိုးသမီးတယောက်ကို မွတ်ဆလင်အမျိုးသား ၃ ယောက်က မုဒိန်းကျင့်ပြီး သတ် လိုက်တယ်ဆိုတဲ့ အမှုဟာ ရေရှည် တအုံနွေးနွေးဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်တွေနဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကြား က တင်းမာမှုကို မီးတောက်လောင်စေခဲ့တာပါ။
မြန်မာအစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေအရ အဲ့ဒီအဓိကရုဏ်း ကြောင့် ဇွန်လကနေ ယနေ့ထိ လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့အိမ်တွေလည်း မီးရှို့ဖျက်ဆီးခံရတဲ့အပြင် အိမ်မဲ့ရာမဲ့ဖြစ်ရသူတွေလည်း ထောင်သောင်းချီတယ်လို့ သိရပါတယ်။
ပဋိပက္ခဖြစ်ပွားတဲ့ကာလမှာတုန်းက ဒေသဆိုင်ရာအာဏာပိုင်တွေ ရခိုင်အမျိုးသားတွေဘက်က ရပ်တည်တာကို တွေ့ရ တဲ့အချိန်မှာ ကုလသမဂ္ဂနဲ့ နယ်စည်းမခြား ဆရာဝန်များ (Doctors Without Borders) အပါအဝင် နိုင်ငံတကာ အကူ အညီပေးရေး အေဂျင်စီတွေကတော့ မွတ်ဆလင်တွေဘက်က ရပ်တည်တယ်ဆိုပြီး လူများစု ဗုဒ္ဓဘာသာဝင်တွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။