လက်ရှိဖြစ်ပေါ်နေသော ဘာသာရေး၊ လူမျိုးရေးပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာတနိုင်ငံလုံးရှိ မြို့နယ်တိုင်း၊ ပြည်နယ်နှင့် တိုင်းများတိုင်းတွင် ဘာသာပေါင်းစုံအဖွဲ့များ ဖွဲ့စည်းသွားရန် ဆွေးနွေးထားကြောင်း ယမန့်နေ့က ပြုလုပ်သည့် အစ္စလမ် ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် တိုင်ပင်ဆွေးနွေးခဲ့သည်ဟု သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ စားသောက်ဆိုင် တဆိုင်တွင် ပြုလုပ်ခဲ့ပြီး အစ္စလမ် ဘာသာရေး ခေါင်းဆောင် ပေါင်း ၆၀ ကျော်ခန့် တက်ရောက်ခဲ့ကာ ထိုဆွေးနွေးပွဲကို မစ္ဇျိမလူငယ်များ ကွန်ယက်က ဦးစီးလုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူ တဦးက ပြောသည်။
“အဓိကကတော့ လက်ရှိဖြစ်နေတဲ့ ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေကို ဘယ်လိုဖြေရှင်းမယ်၊ ဘယ်လို ငြိမ်းချမ်းစွာ နေထိုင်မယ် ဆိုတာကို ဆွေးနွေးဖြစ်တယ်။ ပြီးတော့ အဖွဲ့တဖွဲ့ ဖွဲ့တယ်။ ပြည်မြို့နယ်က ဘာသာ ပေါင်းစုံ ကွန်ရက်ကို နမူနာယူပြီး တနိုင်ငံလုံးက မြို့နယ်တိုင်း၊ တိုင်းနဲ့ ပြည်နယ်တိုင်းမှာ ဒီလိုအဖွဲ့တွေ ဖွဲ့မယ်လို့ ဆုံးဖြတ်ခဲ့တယ်” ဟု ထိုတွေ့ဆုံပွဲကို ဦးစီးလုပ်ဆောင်ခဲ့သည့် မစ္ဇျိမလူငယ်များ ကွန်ယက်မှ တာဝန်ရှိသူ တဦးက ဆိုသည်။
ယမန်နေ့က ပြုလုပ်သော အစ္စလမ် ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ရန်ကုန်မြို့ရှိ အစ္စလမ် ဘာသာရေး ခေါင်းဆောင်များ၊ ဗလီဆရာများ၊ အစ္စလမ် ဘာသာရေး ကျောင်းများမှ ကျောင်းအုပ်များ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဘာသာပေါင်းစုံ ကွန်ရက်များ ဖွဲ့ရန် အဖွဲ့ဝင်များကို မရွေးချယ်ရသေးကြောင်း၊ အဖွဲ့ဝင်များကို ဘာသာရေး ခေါင်းဆောင် များက ရွေးချယ်မည် ဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲကို တက်ရောက်လာသည့် အမည်မဖော်လိုသူ အစ္စလမ် ဘာသာရေး ခေါင်းဆောင်တဦးက ပြောသည်။
ကိုသန့်ဇင်ထွေးက “ပြဿနာ တခုခုဖြစ်လာရင် ကျနော်တို့ဘက်မှာ မားမားမတ်မတ် ရပ်တည်ပေးမယ့်၊ တိကျတဲ့ သတင်း ထုတ်ပြန်ပေးနိုင်တဲ့ ဘာသာရေး ခေါင်းဆောင်တွေ မရှိဘူး။ ရှိတဲ့ ခေါင်းဆောင်တွေက အားကိုးလို့ မရတဲ့ အနေအထားမှာ ဖြစ်နေတယ်။ ဒီတွေ့ဆုံပွဲကြောင့် ကျနော်တို့ဘက်ကနေ ရပ်တည်ပေးမယ့်ခေါင်းဆောင်တွေ ထွက်လာမယ်လို့ မျှော်လင့်တယ်” ဟု ဆိုသည်။
မည်သည့် တိုင်း၊ ပြည်နယ်၊ မြို့နယ်တွင် မဆို ပြဿနာများကို မိမိတို့ ကိုယ်တိုင် မလုပ်သော်လည်း တခုခုဖြစ်လာလျှင် ၎င်းတို့ကို မှီတည်ပြီး လူမျိုးရေး၊ ဘာသာရေး ပြဿနာများဘက် လှည့်လာကြောင်း၊ ထိုသို့ဖြစ်လာရန် နောက်ကွယ်မှ လှုံ့ဆော်သူများကို အစိုးရက နှိမ်နင်းနိုင်ခြင်း မရှိသည့်အတွက် အစ္စလမ်ဘာသာဝင်များ၏ မလုံခြုံမှုများ၊ အကြမ်းဖက် ခံရမှုများ အပေါ် မည်သို့ လုပ်ဆောင်ကြမည်၊ ဖြေရှင်းကြမည်ကို ယမန်နေ့က ဆွေးနွေးဖြစ်ကြောင်း သိရသည်။
“ဘာသာပေါင်းစုံက လူတွေ အတူတူငြိမ်းချမ်းစွာ နေနိုင်ဖို့ အဓိကထား ဆွေးနွေးတယ်။ အစကတည်းက အားလုံးဟာ သဟဇာတ ဖြစ်ဖြစ်နဲ့ နေပေမယ့် ဆူပူအောင် လုပ်သူတွေကြောင့် နေရတာ အရင်လို မဟုတ်တော့ဘူး။ ဒါကြောင့် သွေးထိုး လှုံ့ဆော်သူ တွေကို သိက္ခာရှိတဲ့ နည်းလမ်းနဲ့ ဘယ်လို ကိုင်တွယ်မယ်၊ ဘယ်လိုဖြေရှင်းမယ် ဆိုတာကို တိုင်ပင်တယ်။ အဖြေလည်း ထွက်တယ်။ ၁ ပတ် ၂ ပတ်အတွင်း ဖြေရှင်းဖို့လုပ်မယ်။ နောက်တခုက အစ္စလမ်ထု တရပ်လုံးအတွက် မားမားမတ်မတ် ရပ်တည်မယ့် ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီး ဆွေးနွေးကြတယ်” ဟု အစ္စလမ် ဘာသာရေး ခေါင်းဆောင်များ ပါဝင်သည့် ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် ဗလီဆရာတဦးက ပြောသည်။
ရန်ကုန်မြို့တွင်းရှိ ဗလီဆရာများ အားလုံးက အစ္စလမ် ဘာသာဝင်များကို ဘာသာပေါင်းစုံမှ လူများနှင့် သဟဇာတ ဖြစ်စွာ နေထိုင်ကြစေရန် အပတ်စဉ် ငြိမ်းချမ်းရေး တရားများ ဟောပြောရေးအတွက် တိုင်ပင်ဖြစ်ကြောင်း၊ ထိုသို့ ငြိမ်းချမ်းရေးတရား ဟောရာတွင် ဗလီဆရာများ အားလုံးက တသံတည်း ဖြစ်နေရန် ညီညီညွတ်ညွတ် စုပေါင်းလုပ်ကြမည်ဟု ကတိပြုထားကြောင်း ၎င်းက ဆက်ပြောသည်။
အစ္စလမ် ဘာသာရေး ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသော ဘာသာပေါင်းစုံ ကွန်ရက်ကို မြန်မာတနိုင်ငံလုံး၌ ဖွဲ့စည်းမည့် ကိစ္စရပ်နှင့် ပတ်သက်၍ သဘောကျကြောင်း၊ အဖွဲ့ပေါင်းစုံရှိ ဘာသာရေး ခေါင်းဆောင်များက တိုင်းပြည်ငြိမ်းချမ်းရန် ပြုလုပ်ခြင်း ဖြစ်သည့်အတွက် ကောင်းမွန်သည့် လုပ်ရပ်ဟု ယူဆကြောင်း မေတ္တာဝါဒီ ဆရာတော်က ဧရာဝတီသို့ မိန့်သည်။
“သူတို့တွေ ဘယ်လိုတွေ ဆွေးနွေးဖြစ်တယ် ဆိုတာကို သေချာတော့ မသိပါဘူး။ ဒါပေမယ့် ဘာသာပေါင်းစုံ ကွန်ရက်ရှိပြီး တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ တိုင်းသူပြည်သားတွေ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ဖို့ လုပ်မယ်ဆိုရင်တော့ ဒါဟာ ကောင်းတဲ့ လုပ်ရပ်ပဲလို့ မြင်တယ်။ သူတို့ဆွေးနွေးတာနဲ့ ပတ်သက်လို့ မှန်တယ်လို့ ထင်ပါတယ်” ဟု ခရစ်ယာန် ဘာသာရေး ခေါင်းဆောင် တဦးဖြစ်သည့် စိန့်မေရီ ကသီဒြယ် ဘုရားကျောင်းမှ ကျောင်းထိုင်ဆရာတော် ဒေါမနစ် ဦးသက်တင်ကလည်း ဆိုသည်။
အစ္စလမ် ဘာသာဝင်များတွင် နိုင်ငံတော်အစိုးရက ဖွဲ့စည်းပေးထားသော ဘာသာရေးအဖွဲ့အစည်း ၅ ဖွဲ့ရှိသော်လည်း ၎င်းတို့က ထိရောက်သည့် လုပ်ဆောင်ချက်များ၊ သတင်းထုတ်ပြန်ချက်များ မရှိသဖြင့် ယခုကဲ့သို့ ဆွေးနွေးပ ွဲပြုလုပ် အဖြေရှာရခြင်း ဖြစ်ကြောင်း၊ အစ္စလမ် ဘာသာဝင်များအတွက် အရေးပါသည့် ဘာသာရေး အဖွဲ့အစည်းများ လိုအပ်နေသောကြောင့် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်ကြောင်း ကိုသန့်ဇင်ထွေးက ပြောသည်။
“တိုက်ခိုက်ချင်လို့ မဟုတ်ဘူး။ အမှန်တော့ ပြဿနာဖြစ်လာပြီ ဆိုရင် ဘာသာရေးအဖွဲ့က ခေါင်းဆောင်တွေက မှန်ကန်တဲ့ သတင်းကို ထုတ်ပေးရမှာ။ ဥပမာ ရဲတိုက်နဲ့ ပြဿနာတက်တုန်းက ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တွေ ဘယ်လောက် ပြတ်သားလဲ။ ရဲတိုက်မှားတဲ့အတွက် ဒီလိုလုပ်ရပါတယ်လို့ သူတို့ သတင်းထုတ်ပြန်တယ်။ ဒီလိုပဲ ဖြစ်သင့်တယ်။ ကျနော်တို့ ခေါင်းဆောင်တွေကတော့ မလုပ်ရဲတာလား၊ လုပ်ခွင့် မရတာလား မသိဘူး။ ဒါကြောင့် ဆွေးနွေးပွဲမှာ သူတို့တွေရော၊ သူတို့နဲ့ နွှယ်သူတွေကိုရော မဖိတ်လိုက်ဘူး” ဟု ကိုသန့်ဇင်ထွေးက ဆိုသည်။
ရန်ကုန်မြို့ရှိ အစ္စလမ် ဘာသာရေး ခေါင်းဆောင်များအားလုံး ပါဝင်သည့် တွေ့ဆုံပွဲကို ကွယ်လွန်သွားပြီဖြစ်သော ဘာသာရေး အကြီးအကဲများ ရှိစဉ်က ပြုလုပ်ဖြစ်ခဲ့သော်လည်း မလုပ်ဖြစ်တော့သည်မှာ နှစ်ပေါင်း ၂၀ ခန့် ရှိပြီဖြစ်ကြောင်း၊ ယခုပြုလုပ်သည့် အစ္စလမ် ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံပွဲတွင် အစိုးရက အသိအမှတ်ပြုထားသည့် အစ္စလမ် ဘာသာရေး အဖွဲ့အစည်း ၅ ဖွဲ့နှင့် လွတ်ကင်းသူများကိုသာ ဖိတ်ကြားခဲ့ကြောင်း သိရသည်။