မြန်မာနိုင်ငံသည် အများအမြင်တွင် ယုံကြည်လေးစားခံရသည့် နိုင်ငံတခုဖြစ်ချင်ပါက ဗုဒ္ဓဘာသာဝင်များက လူနည်းစု မူဆလင်များအပေါ် ဖိနှိပ်တိုက်ခိုက်နေမှုများကို ရပ်တန့်ပစ်ရမည်ဟု ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေး ပြောဆိုလိုက်သည်။
“မြန်မာအာဏာပိုင်တွေဖက်ကနေ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ နိုင်ငံသားဖြစ်ခွင့် တောင်းဆိုမှုတွေ အပါအဝင် လူနည်းစု အသိုင်းအဝိုင်းရဲ့တရားဝင်မှုကို အသိအမှတ်ပြုပေးဖို့ လိုအပ်တာတွေ ဆောင်ရွက်သွားနိုင်ဖို့ အရေးကြီးပါတယ်” ဟု မစ္စတာ ဘန်ကီမွန်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
ဗုဒ္ဓဟူးနေ့ ညနေက ကျင်းပခဲ့သည့် သြစတြေးလျ၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေ၊ ရုရှား၊ စင်္ကာပူ၊ ထိုင်း၊ ဗြိတိန်၊ အမေရိကန်၊ ဗီယက်နမ် နှင့် ဥရောပသမဂ္ဂ၏ လက်ရှိဥက္ကဌ တာဝန်ယူထားသည့် လစ်သူယေးနီးယား နိုင်ငံများမှ သံအမတ်ကြီးများ တက်ရောက်ကြသည့် “မြန်မာ့မိတ်ဆွေများအဖွဲ့” ၏ အစည်းအဝေးတွင် မစ္စတာ ဘန်ကီမွန်းက “အန္တရာယ်ကြီးသော သွေးကွဲမှု”ကို ခိုင်ခိုင်မာမာဖြင့် အရေးပေါ် မကိုင်တွယ်ခဲ့လျှင် “ရှိပြီးသား တင်းမာမှုများဟာ ပေါက်ကွဲထွက်လာဖို့ လှုံ့ဆော်လာနိုင်တယ်၊ ဒါဟာ ပြုပြင်ပြောင်းလဲရေးကို ဖျက်ဆီးပစ်လိမ့်မယ်၊ မလိုလားအပ်တဲ့ ဒေသတွင်း လက်တုံ့ပြန်မှုတွေကိုလည်း ပေါ်ပေါက်စေနိုင်တယ်”ဟု ပြောဆိုခဲ့သည်။
ယင်းမိန့်ခွန်းသည် သေချာပြင်ဆင် ဖတ်ကြားခြင်းဖြစ်ပြီး မြန်မာပြည် ပြုပြင်ပြောင်းလဲရေးများ စတင်ပြီး နောက်ပိုင်း အပြင်းထန်ဆုံး သုံးနှုန်းဝေဖန်ခဲ့ခြင်းဖြစ်သည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ နိုင်ငံသား ဥပဒေသည် လူဦးရေ ၈ သိန်းခန့်ရှိမည့် “ရိုဟင်ဂျာ”ဟု ၎င်းတို့ကိုယ်ကို ခေါ်ဆိုသော ရခိုင်ပြည် မြောက်ပိုင်းရှိ မွတ်စလင်များကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ထားသည်။ လွန်ခဲ့သောနှစ်က ဖြစ်ပွားခဲ့သည့် ဆူပူမှု အဓိကရုဏ်းများကြောင့် လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ပြီး တစ်သိန်းလေးသောင်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
မြန်မာနိုင်ငံသည် စစ်တပ်က အာဏာသိမ်းယူပြီး စစ်အုပ်ချုပ်ရေးစနစ်ကျင့်သုံးခဲ့သည့် နှစ် ၅၀ ကြာ ကာလအတွင်း ဖယ်ကျဉ်ခံခဲ့ရသည်။ သို့သော်လည်း ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် နိုင်ငံရေး အကျဉ်းသား အမြောက်အများကို ပြန်လွှတ်ပေးခြင်း၊ နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်း နှင့် ပြုပြင်ပြောင်းလဲရေးများ စတင်လာခဲ့ခြင်းတို့ ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက သတိရှိရှိဖြင့် ကြိုဆိုခဲ့ကြသည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း မြန်မာနိုင်ငံ၏ အကောင်းဖက်သို့ ဦးတည်လာသော ပြောင်းလဲမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ယမန်နှစ် သူ၏ အာရှခရီးစဉ် အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။
မြန်မာနိုင်ငံသည် လူနည်းစုတို့၏ အခွင့်အရေးကို ကာကွယ်ပေးခြင်းမရှိပါက ဒီမိုကရေစီ နိုင်ငံများ အသိုင်းအဝိုင်းသို့ ပြန်လည်ဆက်သွယ်နိုင်လိမ့်မည် မဟုတ်ဟုလည်း ကုလသမဂ္ဂရှိ မွတ်စလင် သံအမတ်ကြီးများက ပြောသည်။
“မြန်မာနိုင်ငံဟာ ကမ္ဘာနဲ့ အတူ ပျားရည်ဆမ်းခရီး ထွက်နေပါပြီ။ ဒါပေမယ့် သူ့ရဲ့ ပျားရည်ဆမ်းခရီးက မူဆလင် ဒုက္ခသည် အလောင်းတွေပေါ်မှာ တည်ဆောက်ထားတာ တခုပဲ ပြဿနာ ရှိပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီအာရေးဗီးယားနိုင်ငံ သံအမတ်ကြီး Abdullah al-Mouallemi က သတင်းထောက်များကို ပြောဆိုလိုက်သည်။
ကုလသမဂ္ဂ ဆိုင်ရာ ဂျဘူးတီနိုင်ငံ သံအမတ်လည်းဖြစ်၊ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဌလည်းဖြစ်သူ Roble Olhaye ကလည်း ရခိုင်ပြည် မြောက်ပိုင်းနေ မွတ်စလင်များကို ဆန့်ကျင်တိုက်ခိုက်မှုတွေကို “လူမျိုးတုံး သန့်စင်ရေး” ဟု ခေါ်ဝေါ်လိုက်သည်။
ဆော်ဒီ သံအမတ်ကြီးနှင့်အတူ သတင်းစာရှင်းလင်းပွဲတွင် “ကုလသမဂ္ဂကို ကျနော်တို့တောင်းဆိုချင်တာကတော့ ကမ္ဘာရဲ့ ပူပန်နေရမှုတွေကို ရှင်းရှင်းလင်းလင်း ဆက်ပြီးပြော ပြနေပေးဖို့ ပါပဲ” ဟု Olhaye ကဆိုသည်။ မွတ်ဆလင်နိုင်ငံများ အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်သည်ဟုလည်း သူက ဆိုသည်။
ထို့ပြင် Olhaye နှင့် Mouallemi တို့က ကုလသမဂ္ဂ ခေါင်းဆောင်များကလည်း မြန်မာနိုင်ငံရှိ မွတ်ဆလင်များဖက်မှ ပိုမို၍ ကာကွယ်ပြောကြားပေးသွားမည်ဟု ကတိပြုခဲ့ကြကြောင်း ပြောဆိုသည်။