စစ်ကိုင်းတိုင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေ၌ ကုမ္ပဏီက ပေးသည့် လျော်ကြေးကို မယူသော လယ်ယာပိုင်ရှင်များက ၎င်းတို့ ယာခင်းများအတွင်း ဝင်ရောက် ထွန်ယက်မှုကို ရဲတပ်ဖွဲ့ဝင်များက ယနေ့နံနက်တွင် အကြမ်းဖက် နှိမ်နင်းကြောင်း သတင်းရရှိသည်။
သေနတ်၊ ရာဘာဒုတ်၊ ဒိုင်းများ ကိုင်ဆောင်ထားသည့် ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် နှိမ်နင်းမှုကြောင့် ရွာသားတဦး သေနတ်ကျည်ဆံမှန်ကာ ဒဏ်ရာရရှိသွားကြောင်း၊ ရိုက်နှက်ခံရမှုကြောင့် ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိကာ ၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ရိုက်နှက်ခံရသူ ကာယကံရှင်များနှင့် ဒေသခံ တောင်သူများအရေး ကူညီဆောင်ရွက် ပေးနေသူများက ပြောသည်။
ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် ဦးခေါင်းကွဲ ဒဏ်ရာရရှိခဲ့သည့် မိုးကြိုးပြင်ရွာသူ မစန်းစန်းဝင်းက “ဒီနေ့မနက် ကျမတို့က ကိုဝင်းကျော် ယာထဲမှာ လုပ်ကိုင်နေကြတဲ့အချိန် ရဲတွေက အုပ်စုလိုက် အတင်းဝင်ဆွဲရိုက်တော့ ကျမခေါင်းကွဲသွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
ပစ်ခတ်သည့် ကျည်ဆံမှာ ရာဘာကျည်ဆံ၊ သို့မဟုတ် ကျည်ဆံ အစစ်ဟုတ် မဟုတ်ကိုမူ မသိရသေးပေ။
သေနတ်ဒဏ်ရာရရှိခဲ့သူ တုံရွာသားတဦးကို ဆေးကုသရန် မုံရွာဆေးရုံကြီးသို့ ပို့ဆောင်လိုက်ပြီဖြစ်ပြီး ကျန်ဒဏ်ရာရရှိသူများကို ၎င်းတို့ရွာများထဲတွင်ပင် ကုသရန် ပြန်လည် သယ်ဆောင်ခဲ့ကြကြောင်း ဒေသခံများဖက်မှ အကူအညီပေးနေသည့် ကိုဟန်ဝင်းအောင်က ဧရာဝတီသို့ ပြောသည်။
ဆည်တဲ၊ မိုးကြိုးပြင်နှင့် တုံရွာ ရွာခံများက ၎င်းတို့အနေဖြင့် ဦးပိုင်နှင့် ဝမ်ပေါင် ကုမ္ပဏီထံမှ မည်သည့် လျော်ကြေးကိုမျှ ယူထားခြင်းမရှိကြောင်း၊ ထို့ကြောင့် မိမိတို့ ပိုင်ဆိုင်သည့် ယာမြေများတွင် အင်္ဂါနေ့က စတင်ပြီး ဝင်ရောက် ထွန်ယက်ခဲ့ကြကြောင်း၊ သို့ရာတွင် ၃ ရက် မြောက်နေ့၌ ရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယာခင်းအတွင်း ထွန်ယက်နေသူများကို ရဲတပ်ဖွဲ့က ဝင်ရောက်ရိုက်နှက်မှုများ ပြုလုပ်ပြီး ဒေသခံရွာသား ၃ ဦးနှင့် ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်ဒေသခံများက ပြောသည်။
အစိုးရက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သတ်မှတ်နယ်မြေအတွင်း မည်သူမှ ဝင်ရောက်လှုပ်ရှားသွားခြင်း မပြုစေရန် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး အဆိုပါ သတ်မှတ်နယ်မြေအတွင်း ဝင်ရောက် လုပ်ကိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ အကြမ်းဖက် ဖြိုခွင်းခြင်း ဖြစ်မည်ဟု ယူဆကြောင်း ဒေသခံရွာသားအချို့က ပြောဆိုကြသည်။
“သူတို့က ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး အဲဒီပုဒ်မနဲ့ ကျနော်တို့ မူရင်း ယာပိုင်ရှင်တွေကို လုပ်ချင်သလို လုပ်တယ်၊ ကုမ္ပဏီကလူတွေကျ လုပ်ချင်သလိုလုပ်၊ သွားချင်သလို သွားလို့ရတယ်။ ဒီပုဒ်မ တလဆိုရင် ကျနော်တို့ မြေတွေ ဘယ်လောက် ဆုံးရှုံးမလဲ စဉ်းစားကြည့်လေ။ ဒါမတရားဘူး ကျနော်တို့က မူရင်းဒေသခံ ယာပိုင်ရှင်တွေဗျ” ဟု ယာပိုင်ရှင်တဦးက ဧရာဝတီသို့ ပြောသည်။
ယနေ့နံနက်က ဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရာ သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်က မသိရှိကြောင်း ဖြေဆိုခဲ့ကြပြီး ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိတဦးက “အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ဆီကို ဘာအစီရင်ခံစာမှ မရောက်သေးဘူးဗျ၊ အခုချိန်ထိ” ဟု ဧရာဝတီသို့ ဖြေကြားသည်။
လက်ပံတောင်းတွင် ဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်က “ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ ဧရိယာလို့ အကြောင်းပြပြီး လယ်မထွန်ရဘူး ဆိုတာတော့ သိပ်တော့ မဟုတ်ဘူး။ နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့လိုတယ်” ဟု ပြောသည်။
ထို့အပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာသည် တွေ့ရှိချက်များကို တင်ပြသည့် အဆင့်တွင်သာ ရှိသေးကြောင်း၊ ပြန်လည် သုံးသပ်ပြီးမှသာ ဆုံးဖြတ်ချက်ချမည် ဖြစ်သည့်အတွက် စောင့်ကြည့်ရန် လိုကြောင်း ၎င်းက ဆက်ပြောသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ဝမ်ပေါင်ကုမ္ပဏီ အနီးဝန်းကျင်ရှိ လယ်ယာမြေများ ပြန်လည်ရရှိရေး တောင်းဆိုနေကြသည့် သပိတ်စခန်းများကို ဝမ်ပေါင်ကုမ္ပဏီ ဧရိယာထဲတွင် လုံခြုံရေး တာဝန်ယူထားကြသည့် လုံထိန်းရဲများက မီးသတ်ပိုက်များသုံး၍ ဖြိုခွဲ၊ မျက်ရည်ယိုဗုံး သုံးခြင်းဖြင့် အကြမ်းဖက်ဖြိုခွင်းမှုများ လုပ်ဆောင်ခဲ့သည်။
ရဲတပ်ဖွဲ့၏ ထိုကဲ့သို့ အင်အားသုံး ဖြိုခွဲလိုက်ခြင်းကြောင့် သပိတ်စခန်းများရှိ သံဃာများ၊ ဆန္ဒပြသူများ ထိုခိုက်ဒဏ်ရာများ ရရှိကြကာ ရဟန်းသံဃာများ အပါအဝင် ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၇၀ ကျော်ရှိခဲ့သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် မကြာသေးမီက မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ၌ ၎င်းတို့ရှေ့တွင် သတ်ဖြတ်နေမှုများအား တားမြစ်မှုမရှိဘဲ ရပ်ကြည့်နေခြင်းကြောင့် နိုင်ငံတကာနှင့် အလွှာအသီးသီးမှ ရှုတ်ချမှုကို ခံနေရချိန်တွင် စစ်တပ်က ပိုင်ဆိုင်သည့် ဦးပိုင်လီမီတက်နှင့် တရုတ် ကုမ္ပဏီဝမ်ပေါင်အား ဆန့်ကျင်နေသည့် လက်ပံတောင်း ဒေသခံ မူလယာပိုင်ရှင်များကို ယခုကဲ့သို့ အကြမ်းဖက် နှိမ်နှင်းမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။