မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက် လုပ်ကိုင်ဖို့ သမ္မတ ဦးသိန်းစိန်ထံ ခွင့်ပြုချက် တောင်းချင်တယ်လို့ စီမံကိန်းတွေ တာဝန်ယူဆောင်ရွက်နေတဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီနဲ့ China Power Investment Corporation (CPI) ကုမ္ပဏီရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဇူလိုင် ၆ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှာ ပြုလုပ်တဲ့ တရုတ်ကုမ္ပဏီများနှင့် မြန်မာမီဒီယာများ တွေ့ဆုံပွဲမှာ ဧရာဝတီကို ပြောကြားခဲ့တာပါ။
“ဒီစီမံကိန်းကို ရပ်မနေဘဲ တခြား ရှိတဲ့နည်းလမ်းတွေနဲ့ စဉ်းစားကြဖို့၊ စီမံကိန်းကို ပြန်စနိုင်ဖို့အတွက် သမ္မတကို ခွင့်တောင်းချင်တယ်။ မျှမျှတတနဲ့ လူမှုအဖွဲ့အစည်းထဲမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာအောင် ကျနော်တို့ လုပ်သွားမယ်” လို့ မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ Mr. Geng Yi က ပြောပါတယ်။
CPI ရဲ့ မြန်မာပြည် ကိုယ်စားလှယ် Guo Gengliang ကလည်း သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းဖို့ ပြောပေမယ့် ဆက်လက် လုပ်ဆောင်ဖို့ ဆောင်ရွက်နေတာတွေ ရှိတယ်လို့ ဆိုပါတယ်။
“ကျနော်တို့မှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဖြေရှင်းချင်တဲ့ ဆန္ဒတွေရှိတယ်” လို့ သူက ပြောပါတယ်။
တရုတ်ကုမ္ပဏီတွေက သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အချိန် အတိုင်းအတာ တခုအထိ စောင့်ကြည့်ပြီးမှသာ ဝေဖန်စေလိုတဲ့အပြင် မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ တရုတ်ကုမ္ပဏီတွေ အနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်မယ့် အကြောင်း၊ မြန်မာ အလုပ်သမားတွေရဲ့ ဘေးကင်းရေး၊ ကျန်းမာရေးကို စောင့်ရှောက်မယ့် အကြောင်း၊ လူမှုအဖွဲ့အစည်းတွေမှာ တက်ကြွစွာ ပါဝင်မယ်ဆိုတဲ့အကြောင်း၊ တရုတ် – မြန်မာ နည်းပညာ ဖလှယ်ရေး၊ ယဉ်ကျေးမှု စတဲ့ကိစ္စတွေမှာ အားပေးကူညီမယ်ဆိုတဲ့အကြောင်း တရုတ်သံရုံးမှာ ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ပြောသွားပါတယ်။
ပြီးခဲ့တဲ့ မေလဆန်းပိုင်းတုန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တရုတ်ကို ရောက်တုန်းမှာလည်း တရုတ်အစိုးရက မြစ်ဆုံပြန်စချင်တဲ့ အကြောင်း လေသံပစ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း CPI က တွေ့ဆုံဖို့ ချဉ်းကပ်ခဲ့ပါသေးတယ်။
“မြစ်ဆုံစီမံကိန်း တည်ဆောက်ရင် နောင်လာနောက်သားတွေအတွက် ဘယ်လောက် အကျိုးကျေးဇူးရှိမလဲ ဆိုတာ အရေးကြီးတယ်။ အဖွဲ့အစည်းတွေ ဆွေးနွေးပွဲတွေ အများကြီးလုပ်ခဲ့ကြတယ်။ ပညာရှင်တွေကလည်းပဲ ဒီစီမံကိန်းဟာ ရေရှည်မှာ အကျိုးမရှိဘူး၊ နောင်မျိုးဆက်တွေ အတွက်လည်းပဲ ဆိုးကျိုးတွေ များမယ်ဆိုတာ ပြောထားပြီးသားကိစ္စပါ” လို့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုအံ့ဘွယ်ကျော်က ဧရာဝတီကို ပြောပါတယ်။
မုံရွာ လက်ပံတောင်းတောင ကြေးနီစီမံကိန်းကို ၂၀၁၀ ခုနှစ်မှာ ဝမ်ပေါင်ကုမ္ပဏီက ရင်းနှီးမြှုပ်နှံငွေ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော်နဲ့ ဆောင်ရွက်နေတာပါ။ စီမံကိန်းတဝိုက်မှာရှိတဲ့ ဒေသခံပြည်သူတွေကတော့ စီမံကိန်း ဖျက်သိမ်းရေးအတွက်ပဲ ဆန္ဒရှိနေကြပေမယ့် လက်ပံတောင်း စုံစမ်းရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က စီမံံကိန်းကို ဆက်လက် ညှိနှိုင်းလုပ်ကိုင်ဖို့ အတိအလင်း အကြံပြုထားပါတယ်။
ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ၂၀၀၆ ခုနှစ်မှာ တရုတ် – မြန်မာ နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ CPI ကုမ္ပဏီက ရင်းနှီးမြုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာသန်း ၂၀၀၀၀ နဲ့ ဦးဆောင် အကောင်အထည် ဖော်ခဲ့တာပါ၊ ဒါပေမယ့် ပြည်သူတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှု များလာတာကြောင့် သူ့ရဲ့ သမ္မတ သက်တမ်းအတွင်းမှာ ဆိုင်းငံ့ထားမယ်လို့ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှာ သမ္မတ ဦးသိန်းစိန်က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်ကုမ္ပဏီတွေက ပြဿနာတွေ ပေါ်ပေါက်နေတဲ့ စီမံကိန်းတွေ ပြန်စရေး၊ ပြေလည်ရေးတို့အတွက် အစိုးရအပြင်၊ အတိုက်အခံများ၊ တက်ကြွလှုပ်ရှားသူများနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပိုမိုပြုလုပ်လာတာဟာ အမေရိကန်နဲ့ ဥရောပ နိုင်ငံများက ရင်းနှီးမြှုပ်နှံမှုတွေ မြန်မြန်ဆန်ဆန် ဝင်ရောက်လာနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။