မြန်မာ့ရေတပ်မတော်မှ ရေယာဉ်များ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကတ်တွင် လာရောက်ဆိုက်ကပ်ရပ်နားကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ရေးသားဖော်ပြသည်။
ကပ္ပတိန် အောင်ဇော်လှိုင်ဦးစီးလာသော ပြည်တွင်းထုတ် ဖရီးဂိတ်အမျိုးအစား သင်္ဘော ၂ စီး UMS 561 နှင့် UMS 562 တို့သည် ထိုင်းတပ်မဟာ ၃ ရေတပ်စခန်းတွင် စနေနေ့ထိ ရပ်နားမည်ဟု သတင်းက ဆိုသည်။
ထိုင်းတပ်မဟာ ၃ မှ အန်ဒမန် ပင်လယ်ပြင် ကွပ်ကဲရေးမှူးလည်းဖြစ် ထိုင်း ဒု ရေတပ်ဦးစီးချုပ်ဖြစ်သူ ထရာထုန်း ကချစ်ဆူဝမ်က လက်ခံကြိုဆိုခဲ့ပြီး အနာဂါတ်တွင် ပင်လယ်ပြင်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လာနိုင်မည်ဟု ပြောကြောင်း သိရသည်။
သို့ရာတွင် လတ်တလော ဖြစ်ပွားနေသော လှေစီးမူဆလင်များအရေးကို ယခု မဆွေးနွေးသေးဟု သိရသည်။
ထိုင်းတပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ် တနာဆတ် ပတီမပါကွန်းက အဂါၤနေ့က ဘန်ကောက်တွင် ပြောကြားရာတွင် ယခု မြန်မာသင်္ဘောများ၏ အလည်အပတ်သည် နှစ်နိုင်ငံသံတမာန် ဆက်ဆံရေး ၆၅ နှစ်ပြည့် အထိမ်းအမှတ်အတွက်ဟု ဆိုသည်။ ရှေ့တွင် ကြည်းတပ်များ ဆက်ဆံရေး ပိုမို နီးစပ်လာစေရေး မျှော်လင့်ကြောင်းလည်း ဆိုသည်။
မကြာသေးမီကလည်း ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သော အမေရိကန်ဦးဆောင်သည့် “ရွှေမြွေဟောက်” နိုင်ငံစုံ စစ်ရေးလေ့ကျင့်မှုတွင် မြန်မာတပ်မတော်မှ အရာရှိ နှစ်ဦး တက်ရောက်ခဲ့သည်။
များမကြာမီ ထိုင်းရေတပ်သင်္ဘောများ ရန်ကုန် လာလည်ရန်လည်း ရှိသည်။