ယခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့၌ ရန်ကုန်တွင် ကျင်းပမည့် ကရင်နှစ်သစ်ကူးပွဲတော် စိန်ရတု သဘင် အခမ်းအနားသို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တရားဝင် ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အင်းစိန်မြို့နယ်နှင့် အလုံမြို့နယ်တို့တွင် ကျင်းပမည့် ကရင်နှစ်သစ်ကူးပွဲသို့ ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောသမိန်ထွန်းတို့ တက်ရောက်မည်ဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင်က ဧရာဝတီသို့ အတည်ပြုပြောကြားသည်။
“အခု KNU က ဦးစီးတွေ သမ္မတနဲ့လည်း တွေ့ခဲ့ပြီးပြီ။ ရန်ကုန်က ကရင် တိုင်းရင်းသား အဖွဲ့တွေနဲ့လည်း ဒီနေ့ မနက်မှာ တွေ့ကြတယ်။ ပဒိုမန်းငြိမ်းမောင်ကတော့ ကျန်ခဲ့တယ်။ တခြားသူတွေကတော့ ပြန်ပြီ။ နောက် ၂ ရက်လောက် ကြာရင် ပဒိုစောသမိန်ထွန်းလည်း ရန်ကုန်ရောက်မယ်ကြားတယ်” ဟု အင်းစိန်မြို့နယ်တွင် ကျင်းပမည့် ကရင်နှစ်သစ်ကူးပွဲ ကျင်းပရေး တာဝန်ခံ တဦးက ပြောသည်။
သို့ရာတွင် KNU မှ ပုဂ္ဂိုလ်များအနေဖြင့် နှစ်သစ်ကူးပွဲကျင်းပရေး စင်မြင့်ပေါ်သို့ တက်ရောက်ခွင့် ရနိုင်မည်ဟု မထင်မိကြောင်း၊ သာမန် ကရင်တိုင်းရင်းသား ပြည်သူများ အနေဖြင့်သာ လာရောက်လိမ့်မည် ထင်ကြောင်း သူက ဆိုသည်။
ကရင်နှစ်သစ်ကူးပွဲတော် ရန်ကုန်တွင် ကျင်းပမည့် ကိစ္စနှင့် ပက်သက်ပြီး KNU ကို တရားဝင် ဖိတ်ကြားခဲ့ခြင်းမရှိကြောင်း၊ ၎င်းတို့ လာမည်ဆိုလျှင် အိမ်ရှင်အနေဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း အင်းစိန်မြို့နယ် ကရင်နှစ်သစ်ကူး စိန်ရတုပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ မန်းရွှေပြည်အေးက ပြောသည်။
“သူတို့လာတဲ့အတွက်လည်း ကျနော်တို့က မလာနဲ့လို့ ပြောစရာအကြောင်း မရှိပါဘူး။ ဒီနှစ်ပွဲက ထူးခြားတယ်လို့လည်း မဆိုနိုင်ပါဘူး။ တိုက်ဆိုင်မှု တခုပဲလို့တော့ ပြောလို့ရတယ်။ ကျနော်တို့မှာ မူရှိပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ ပက်သက်ပြီး သူတို့မှာက အမည်ပျက်စာရင်း သွင်းထားခံရပေမယ့် အစိုးရက ဒီနေ့အထိ ပြန်ကြေညာထားတာမျိုး မရှိသေးဘူးလေ။ အဲဒီလို မရှိသေးတဲ့အတွက် ကျနော်တို့ကို နောက်ပိုင်းမှာ ချည်မယ့်တုပ်မယ့် သဘောကိုတော့ မလိုလားဘူး။ အဲဒါကြောင့်ပါ” ဟု သူက ဆိုသည်။
နှစ်သစ်ကူးပွဲတော်ကို ယခင်နှစ်များကအတိုင်း ကျင်းပသွားမည်ဖြစ်ပြီး လုံခြုံရေးအတွက်လည်း ခရိုင်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့် ဆွေးနွေးပြီးပြီ ဖြစ်ကြောင်း သိရသည်။
ယခင်နှစ်များက ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ ဓာတ်ပုံ ချိတ်ဆွဲခွင့်မရခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ချိတ်ဆွဲခွင့်ရ၊ မရ မပြောနိုင်သေးကြောင်း မန်းရွှေပြည်အေးက ပြောသည်။
ရန်ကုန်မြို့တွင် ကရင်နှစ်သစ်ကူးပွဲတော် စိန်ရတု အခမ်းအနားကို အင်းစိန်မြို့နယ်၊ အလုံမြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်အပါအဝင် တခြားမြို့နယ်များတွင် ကျင်းပမည်ဖြစ်သကဲ့သို့ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီး မြို့နယ်တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။