သတင်း

အောင်ဆန်းဓာတ်ပုံ ရန်ကုန်မှာ အရောင်းသွက်

This article has been converted from Zawgyi One to Unicode

ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓာတ်ပုံများကို ရန်ကုန်မြို့ လူစည်ကားသည့် နေရာများတွင် ရောင်းချနေကြပြီး ထိုဓာတ်ပုံများ ပုံနှိပ်၊ဖြန့်ချိ၊ ရောင်းချခြင်းမှာ အမြတ်အစွန်း များသည့် လုပ်ငန်းတခု ဖြစ်လာသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တွေ့ရသော ရန်ကုန်မြို့လယ်မှ ပိုစတာရောင်းသော လမ်းဘေးဆိုင်တခု။ ယခင်က ဈေးကွက်တွင် ရှာမတွေ့သည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့၏ ပုံများမှာ ယခု ရန်ကုန်တွင် အရောင်းသွက်သည့် ပုံများ ဖြစ်နေသည်။ (ဓာတ်ပုံ- ဧရာဝတီ)

မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာကားဂိတ်အတွင်းမှာပင် ခေါင်းဆောင် နှစ်ဦး၏ ပုံများ ရောင်းချသည့် ဈေးသည်ပေါင်း တရာဝန်းကျင် ရှိနေသည်။ ဂျာနယ် လက်ပွေ့ရောင်းသည့်ဈေးသည်တို့ကလည်း  ထိုပုံများကို ရောင်းနေကြသည်။

“ခရီးသည်တွေက ဝယ်ကြတယ်။ ပုံတွေက တအား ရောင်းရတော့ လိုက်ရောင်းတဲ့ သူက တနေ့ တနေ့ များများလာတယ်။ အဝေးပြေးကားတွေကလည်း ဗိုလ်ချုပ်နဲ့ ဒေါ်စုတို့ ပုံကို ဝယ်ပြီး ကားတွေမှာ ကပ်ထားကြတယ်” ဟု အောင်မင်္ဂလာကားဂိတ်ရှိ ဈေးသည်တဦးက ရှင်းပြသည်။

အနော်ရထာလမ်းမကြီးကဲ့သို့ စည်ကားသော လမ်းမကြီးများ၊ လမ်းဆုံလမ်းခွများ၊ အဝေးပြေးကားဂိတ်များ၊ သင်္ဘောဆိပ်များတွင် ပြည်သူချစ်သည့် ခေါင်းဆောင် နှစ်ဦး၏ ပုံများကို ဝယ်ယူနေကြသည်။

ဤသို့ ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်နေကြခြင်းမှာ စာနယ်ဇင်းများတွင် မကြာသေးမီက ဤဓာတ်ပုံများ ဖော်ပြခွင့်ရရှိခဲ့ခြင်းနှင့် ဆက်စပ်နေသည်ဟု ဈေးသည်တဦးက ဆိုသည်။

“ဂျာနယ်တွေမှာလည်း ဗိုလ်ချုပ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်ပုံ ပါတဲ့ ဂျာနယ်တွေက ရောင်းကောင်းတယ်၊ လူတွေကလည်း ပုံပါတာနဲ့ ဝယ်တယ်။ နောက် … တဖြည်းဖြည်း အိမ်မှာ ချိတ်ထားလို့ရမယ့် ပိုစတာတွေ ထုတ်ပြီး ရောင်းနိုင်ကြတဲ့အထိ ဖြစ်လာတယ်” ဟု ရန်ကုန်မြို့တော်ခန်းမအနီး ပိုစတာရောင်းသူ လမ်းဘေးဈေးသည်တဦးက ပြောသည်။

ခေါင်းဆောင် နှစ်ဦး၏ ပုံများ ရောင်းရငွေမှာ တနေ့လျှင် အနည်းဆုံး ကျပ်ငါးသောင်းဖိုးခန့် ရှိပြီး အမြတ် တသောင်းကျော် ကျန်သည်ဟု မြို့လယ်မှ လမ်းဘေးဈေးသည်တဦးက ဧရာဝတီကို ပြောသည်။ လူစည်ကားသော နေရာများသို့ လိုက်လံရောင်းချလျှင် ရောင်းအား ၂ ဆ တက်သည်ဟု ဆိုသည်။

ပိုစတာ အရွယ်အစားမျိုးစုံ၏ ဈေးနှုန်းမှာ ကျပ် တထောင်တန်မှ တသောင်းကျော်အထိ ရှိပြီး ကျပ် ၁၀၀၀ တန်က အရောင်းအသွက်ဆုံးဖြစ်သည်ဟု သိရသည်။

“ဓာတ်ပုံဆိုင်တွေ၊ ပိုစတာထုတ်တဲ့ လုပ်ငန်းတွေကလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတွေကို လက်လီ၊ လက်ကား ဖြန့်ဖြူး ရောင်းချတာ အတော်ကို များလာတယ်” ဟု ဗိုလ်ချုပ်ဈေးရှိ ကြော်ငြာလုပ်ငန်း လုပ်ကိုင်သူ ဒီဇိုင်းပညာရှင်တဦးက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့၏ ပုံများ ရောင်းချခြင်းကို အာဏာပိုင်များက အနှောင့်အယှက် ပေးခြင်း၊ မေးမြန်း စစ်ဆေးခြင်း မရှိကြောင်း ဈေးသည်များက ပြောသည်။

ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း နိုင်ငံရေးသမားများကို ဖမ်းဆီး ထိန်းသိမ်းသည့်အခါ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပုံများကိုပါ သိမ်းဆည်းကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

ယခု ထိုဓာတ်ပုံများ ပေါ်ပေါ်ထင်ထင် ရောင်းချလာသည်နှင့် အမျှ ရဲရဲဝံ့ဝံ့ ဝယ်ယူ၊ ချိတ်ဆွဲသူလည်း ပိုမို များပြားလာသည်။

“စစ်အစိုးရလက်ထက်တုန်းက ဒေါ်အောင်ဆန်းစုကြည်ပုံ မပြောနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ချိတ်ရင်တောင် အိမ်က မိဘတွေက ဟဲ့ … နင် ဒုက္ခရောက်သွားမယ် ဆိုပြီး ဖြုတ်ခိုင်းတယ်။ အခု ပုံတွေချိတ်တော့ အိမ်က မိဘတွေလည်း ဘာမှ မပြောတော့ဘူး”  ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်ပြီး မြန်မာစာအဓိကဖြင့် မဟာဘွဲ့ယူရန် ဒဂုံတက္ကသိုလ်တွင် ပညာသင်နေသည့် အသက် ၂၆ နှစ်အရွယ် လူငယ် တဦးက ပြောသည်။

“အိမ်က ဧည့်ခန်းလေးက ထိုင်ခုံနဲ့ စားပွဲ အစုတ်ကလေးပဲ ရှိတယ်။ ဗိုလ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ချိတ်လိုက်တော့ ဧည့်ခန်းက အရောင်လက်ပြီး ပိုခမ်းနားသွားသလို ခံစားရတယ်” ဟု သူက ဆက်ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည့် အပြင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း နှစ်ပေါင်း များစွာ လူထုနှင့်အဆက်အသွယ် ဖြတ်တောက်ခံခဲ့ရကြောင်း၊ သို့သော်လည်း ၎င်းတို့၏ ရုပ်ပုံများ ရောင်းဝယ်မှု အခြေအနေကို ကြည့်ခြင်းအားဖြင့် ၎င်းတို့နှစ်ဦး လူထုအပေါ် သြဇာ သက်ရောက်မှု မည်မျှရှိသည်ကို သိနိုင်ကြောင်း ရန်ကုန်မှ သတင်းထောက်တဦးက သုံးသပ်သည်။

“ပြည်သူတွေက ချစ်လို့၊ ယုံကြည်လေးစား အားကိုးလို့ ဗိုလ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ရောင်းကောင်းတာ။ ဦးနေဝင်းပုံ၊ ဦးသန်းရွှေပုံ၊ ဦးခင်ညွှန့်ပုံ၊ ဦးစောမောင်ပုံတွေ ဆိုရင် အဲဒီလို ရောင်းရပါ့မလား” ဟု ထိုသတင်းထောက်က ပြောသည်။

Loading