“ကျမတို့က ယုံကြည်ချက်နဲ့ လုပ်နေတဲ့သူတွေပါ။ ယုံကြည်ချက်ဆိုတာက မူတွေကို ယုံကြည်တာလည်း ရှိတယ်။ ကိုယ့်ရဲ့ အစွမ်းအစကို ယုံကြည်တာလည်း ရှိတယ်။ အဖွဲ့ချုပ်က ဒီမိုကရေစီမူတွေကို ယုံကြည်လို့ နှစ် ၂၀ ကျော် ရုန်းကန်ခဲ့တာဖြစ်တယ်။ ကျမတို့က ဒီမိုကရေစီမူတွေနဲ့ ကိုက်ညီတဲ့ နိုင်ငံတခု ထူထောင်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်လည်း ရှိစေချင်ပါတယ်။ အခက်အခဲတွေကြားက ဆက်လုပ်သွားမယ်” ဟု ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးတွင် ယနေ့ ပြုလုပ်သော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် နိုင်ငံသားတဦးချင်းစီတွင် တာဝန်ရှိပြီး လွတ်လပ်ရေးအတွက် နိုင်ငံသူ နိုင်ငံသားအားလုံး ထိုက်တန်ကြောင်း၊ ယင်းသို့ ထိုက်တန်မှုကို ကမ္ဘာသိ၊ တိုင်းသိပြည်သိ ပြသနိုင်ရန် လုပ်ကိုင်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။
ယင်းအခမ်းအနားသို့ သံတမန်များ၊ ပြည်သူများလည်း တက်ရောက်ကြသည်။
NLD ရုံးချုပ်တွင် ပြုလုပ်သည့် ထိုအခမ်းအနား မတိုင်မီ ယနေ့နံနက်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ ချော်တွင်းကုန်း ပါရမီလမ်းရှိ ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၏ နေအိမ်တွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့လည်း တက်ရောက်ခဲ့သေးသည်။
ပရိသတ် ၂၀၀ ခန့် တက်ရောက်သည့် ထိုအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က “အကျဉ်းကျနေတဲ့သူတွေအတွက် ပြစ်ဒဏ်လျှော့ပေါ့တာနဲ့ ပတ်သက်ပြီး အားမရတာတွေကို ကြားရတယ်။ ကျမတို့လည်း အားမရဘူး” ဟု ပြောသည်။
နိုင်ငံရေးအကျဉ်းသားအားလုံး ဆက်လက်လွှတ်ပေးရန် တိုက်တွန်း ပြောဆိုရမည်ဖြစ်ကြောင်း၊ အစိုးရနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်၏ စေတနာကို ယုံကြည်သော်လည်း လူတဦးတယောက်တည်းဖြင့် သွား၍ မရကြောင်း၊ အားလုံးတွင် တာဝန်ရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရာလမ်းကြောင်းတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ရင့်ကျက်မှန်ကန်စွာဖြင့် ဖြေရှင်း သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့်အတွက် ပြည်တွင်းငြိမ်းချမ်းရေးသည် အရေးကြီးကြောင်း၊ နိုင်ငံသားများ တန်းတူအခွင့်အရေး ရရှိစေရန်အတွက် တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့် ပြင်ဆင်သင့်သည်များ ဥပဒေများပြင်ဆင်ရေးသည်လည်း အရေးကြီးကြောင်း ပြောဆိုသွားသည်။
ဧရာဝတီ သတင်းထောက် ရန်ပိုင် ပူးပေါင်းရေးသားသည်။