မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု၊ ယင်းပိတ်ဆို့မှုများ လျှော့ချ၊ ရုပ်သိမ်းရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍတို့နှင့် ပတ်သက်၍ နေပြည်တော် ထိပ်ပိုင်းခေါင်းဆောင်များအတွင်း အပြင်းအထန် ဆွေးနွေးငြင်းခုန်နေကြကြောင်း နီးစပ်သည့် အသိုင်းအဝန်းများမှ သိရှိရသည်။
အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း၏ ခရီးစဉ်မတိုင်မီနှင့် ခရီးစဉ်အပြီး ကာလနှစ်ခုစလုံးတွင် အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) အတွင်း အငြင်းပွားမှုများ ပေါ်ပေါက်နေခြင်းဖြစ်သည်။
NDSC တွင် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတများဖြစ်သော ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် လှမင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ် သိန်းဌေးတို့ ပါဝင်သည်။
ယင်းအဖွဲ့က နိုင်ငံတော်၏ ထိပ်တန်းဦးစားပေး ကိစ္စရပ်များ၊ နိုင်ငံတော် လုံခြုံရေး၊ စီးပွားရေးနှင့် ဒီမိုကရေစီ အသွင်ပြောင်းရေး ကိစ္စများကို အဆုံးအဖြတ်ပေးသည်။
ပိတ်ဆို့အရေးယူမှုကို ထောက်ခံခဲ့သူ မစ္စတာ မက်ကိန်းက အမေရိကန်၏ ပိတ်ဆို့မှု ရုပ်သိမ်းရေး စဉ်းစားမှုကို လာမည့် ဧပြီ ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိအထိ စောင့်ကြည့်ရန် မကြာသေးမီက မြန်မာပြည် ခရီးစဉ်အတွင်း ပြောဆိုခဲ့သည်။
“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်ဆိုရင် ပိတ်ဆို့မှု ရုပ်သိမ်းရေး တခြားနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ပြဿနာမရှိနိုင်ပါဘူး” ဟု မစ္စတာ မက်ကိန်းက ပြောဆိုခဲ့သည်။
သို့သော် ၎င်းအနေဖြင့် ဒွိဟအနည်းငယ်ရှိနေကြောင်းနှင့် ဖြစ်စဉ်တလျှောက် အပြုသဘောဖြင့် စောင့်ကြည့်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ပြောသည်။
သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အမတ်နေရာ ၄၈ နေရာစလုံး၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများကို ခွင့်ပြုရန် တိုက်တွန်းခဲ့ကြောင်း၊ သမ္မတ ဦးသိန်းစိန်က တစုံတရာ မှတ်ချက်ပေးခြင်း မရှိကြောင်း ဇန်နဝါရီလ ၂၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ မက်ကိန်းက ပြောသွားသည်။
မစ္စတာ မက်ကိန်းက ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့ကို အကျဉ်းထောင်များသို့ ဝင်ရောက်စစ်ဆေးခွင့်ပြုရန်လည်း သမ္မတ ဦးသိန်းစိန် အစိုးရကို တိုက်တွန်းခဲ့သည်။
“အံ့သြလောက်စရာတွေ ဖြစ်လာဖို့ ကျနော်တို့ မမျှော်လင့်ပါဘူး။ လမ်းကြောင်းမှန်အတိုင်း တိုးတက်ဖြစ်ထွန်းနေဖို့ပဲ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု မစ္စတာ မက်ကိန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးစေလိုပြီး တဖြည်းဖြည်း ရုပ်သိမ်းသွားစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က မကြာသေးမီက ဝါရှင်တန်ပို့စ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။
“ပိတ်ဆို့အရေးယူမှုတွေဆိုတာ အစိုးရကို ထိသွားစေဖို့ ရည်ရွယ်တာပဲ။ တကယ်မှာကပြည်သူ့အကျိုးစီးပွားကိုသာ သွားထိတယ်။ အရင် အစိုးရအပေါ် ဘာမှ သက်ရောက်မှုမရှိခဲ့ဘူး။ လမ်းပြမြေပုံအဆင့်ဆင့်ကြောင့်သာ နိုင်ငံအတွက်ဒီမိုကရေစီစနစ်ကို လွှဲပြောင်းပေးနိုင်ခဲ့တယ်” ဟု သမ္မတ ဦးသိန်းစိန်ကဝါရှင်တန်ပို့စ်သို့ ဖြေကြားသွားသည်။
မစ္စတာ မက်ကိန်းခရီးစဉ်တွင် လိုက်ပါလာသူ အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျိုးဇက် လီဘာမန်က ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်မှုသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ၎င်းတို့၏ လုပ်ဆောင်ချက်အပေါ် များစွာ အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း၊ သို့သော် ယုံကြည်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အစစအရာရာ အလုံးစုံ ဆုံးဖြတ်ခွင့် ပေးနေသည်ဟု မဆိုလိုကြောင်း၊ မြန်မာပြည်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ဟု ၎င်းတို့ ယုံကြည်လာသောအခါ ရလဒ်အနေဖြင့် ပိတ်ဆို့မှုများကို ဖယ်ရှားပြီး မြန်မာအစိုးရနှင့် ပိုမိုနီးစပ်လာမည်ဖြစ်ကြောင်း ပြောသည်။
ဝါရှင်တန်ပို့စ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်က ချမှတ်ထားသောစီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေးသည် တောင်းဆိုထားသောအချက်အလက်များ ဖြစ်ပေါ်လာလျှင် အလိုအလျောက် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်းမှတ်ချက်ပေးထားသည်။
“အချိန်ကျတယ်လို့ သူတို့ (အမေရိကန် အစိုးရ) က ယူဆရင် ပိတ်ဆို့အရေးယူမှုတွေ ရုပ်သွားပါလိမ့်မယ်။ ပိတ်ဆို့အရေးယူမှု ဖယ်ရှားဖို့ ဘာတွေလုပ်ဆောင်ပေးဖို့ လိုတယ်ဆိုတာကို အမေရိကန်က သေချာ ရှင်းရှင်းလင်းလင်း ချမှတ်ပြီးသား ဖြစ်ပါတယ်။ ဒီ (သမ္မတ ဦးသိန်းစိန်) အစိုးရအနေနဲ့ ပိတ်ဆို့မှု ရုပ်သိမ်းစေချင်ရင် သူတို့က ကြိုးစားပြီးတော့ လုပ်စရာရှိတာတွေ လုပ်ပြဖို့ လိုပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကြောင့် နေပြည်တော်အသိုင်းအဝန်းတွင် သံသယနှင့် စိုးရိမ်မှုများ တိုးမြင့်လာခြင်းဖြစ်ကြောင်း နေပြည်တော်နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ဆိုသည်။ NDSC အဖွဲ့ဝင်တချို့က အဆိုပါ ပြောဆိုချက်များကို ကိုးကား၍ ဒေါ်အောင်ဆန်းစုကြည်ကို အပြောင်းအလဲမရှိသူ၊ မယုံရသူဟု ဝေဖန်နေပြီး သမ္မတဦးသိန်းစိန်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နှစ် သြဂုတ်လက နေပြည်တော်၌ တွေ့ဆုံခဲ့သည့် အပေါ် ဝေဖန်နေကြောင်း သိရရှိသည်။
ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုမှာမူ အမေရိကန်လောက် မတင်းကျပ်ဘဲ ယခုအခါတွင် ပထမအဆင့်အနေဖြင့် သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ကို ခရီးသွားလာခွင့် ဖွင့်ပေးခဲ့ပြီးဖြစ်သည်။ ဂျာမနီ၊ ပြင်သစ်တို့ကဲ့သို့သော ဥရောပသမဂ္ဂဝင် နိုင်ငံတချို့သည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍ သဘောထား ပျော့ပြောင်းသည့် နိုင်ငံများဖြစ်သည်။
နေပြည်တော် အစိုးရအသိုင်းအဝန်းမှလာသော သတင်းများအရ သမ္မတ ဦးသိန်းစိန်အစိုးရသည် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများ တဖြည်းဖြည်းမှ ရုပ်သိမ်းနိုင်မည်ဆိုသည့် မူဝါဒသဘောကို နားလည်ကြောင်း၊ သို့သော် ခရီးသွားလာခွင့် ပြန်လည်ဖွင့်ပေးခြင်းသည် ၎င်းတို့ အလိုရှိသော ဦးစားပေး ကိစ္စမျိုး မဟုတ်ကြောင်း၊ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည့်အပေါ် ကန့်သတ်ချက်များ၊ အနောက်နိုင်ငံများမှ ငွေလွှဲပြောင်းမှုများအပေါ် ထိန်းချုပ်မှုများကသာ သမ္မတဦးသိန်းစိန်အစိုးရ၏ ဦးစားပေးလိုလားသည့်ကိစ္စဖြစ်ကြောင်း သိရှိရသည်။