အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ မကွေးတိုင်း ပခုက္ကူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများကို ယနေ့နံနက်က သွားရောက်လေ့လာသည့် ခရီးစဉ်တွင် ဒေသခံလူထုက တခဲနက်ကြိုဆိုကြောင်း သတင်းရသည်။
ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ ပေပင်တိုက်နှင့် ကျစ်တီးရွာများတွင် ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီပေးရေး ဆိုင်ရာ ဌာန(DFID)၏ အကူအညီဖြင့် ပြုလုပ်နေသည့် လူမှုရေးလုပ်ငန်းများကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဗြိတိသျှ သံအမတ်ကြီးနှင့် သြစတေးလျ သံအမတ်ကြီးတို့ အပါအဝင် လူပေါင်း ၄၀ခန့် စင်းလုံးငှားလေယာဉ်ဖြင့် ယနေ့ နံနက် ၇နာရီခန့်က ရန်ကုန်မြို့မှ လာရောက်ကြည့်ရှုခြင်း ဖြစ်သည်။
ယခုခရီးစဉ်သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး၏ ဖိတ်ကြားမှုကြောင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများကို သွားရောက်လေ့ လာခြင်းဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် NLD ၏ စည်းရုံးရေး ခရီးစဉ်နှင့် မသက်ဆိုင်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား ပခုက္ကူနှင့် မြိုင်မြို့ခံ လူထုက သောင်းသောင်းဖြဖြ ကြိုဆိုကြောင်း ပခုက္ကူမြို့နယ် NLD ဥက္ကဋ္ဌ ဦးလှိုင် အေး က ဧရာဝတီသို့ ပြောသည်။
“လူထုကို မသိအောင်လို့ ပါတီဝင်တွေကို ယူနီဖောင်းမဝတ်ဘဲ ကြိုဖို့မှာထားတာ၊ ဒါပေမယ့် လူထုကသိပြီးတော့ ကြိုလိုက်တာ လမ်းတွေပိတ်ကုန်လို့ ကားကို ဖြည်းဖြည်း မောင်းပေးနေရတယ်”ဟု ၎င်းက ဆိုသည်။
ထိုသို့ မြို့ခံ လူထုက သောင်းသောင်းဖြဖြ ကြိုဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တရားဟောခြင်း၊ ပါတီဝင်များနှင့် တွေ့ဆုံခြင်းများကို မပြုလုပ်ကြောင်း၊ သို့သော်လည်း ကြိုဆိုသည့် ပရိသတ်များပြားသည့်အတွက် သတ်မှတ်ထားသည့် အချိန် ထက် နောက်ကျမှ မြိုင်မြို့သို့ ထွက်ခွာနိုင်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာသည့် ပေပင်တိုက်နှင့် ကျစ်တီးရွာများတွင် ကလေးသူငယ်များနှင့် ပတ်သက်ပြီး အသိ ဉာဏ် ဖွံ့ဖြိုးရေးနှင့် အသက်မွေးဝမ်းကျောင်းအတွက် ရက်ကန်း လုပ်ငန်း၊ ရိုးရာ မုန့်လုပ်ငန်း၊ အပ်ချုပ် ပညာ၊ လယ်ယာ လုပ်ငန်း စိုက်ပျိုးမှုနည်းစနစ်များကို သင်ကြားပြသခြင်းနှင့် သောက်သုံးရေသန့် ရရှိရေးလုပ်ငန်းများကို အန်ဂျီအို တခုဖြစ်သော The Adventist Development and Relief Agency (ADRA) အဖွဲ့က လုပ်ကိုင် နေခြင်းဖြစ်ကြောင်း မြိုင်မြို့နယ်မှ ဝင်ရောက်အရွေးခံမည့် NLD ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်က ပြောသည်။
“အညာဒေသ ထွက်ကုန်လေးတွေ နဲ့ မုန်မျိုးစုံလုပ်နည်းလေးတွေ သင်ပေးတာ၊ နောက် တိုင်းပြည်ဖွံ့ဖြိုးလို့ နည်းစနစ် ကောင်း ကောင်း လုပ်နိုင်ရင် နိုင်ငံခြားပို့ဖို့အထိ ရည်ရွယ်တယ်”ဟု ၎င်းက ဆက်ပြောသည်။
ပခုက္ကူခရိုင်သည် မိုးနည်း ရေရှား ရပ်ဝန်းတခုဖြစ်ပြီး ဒေသခံများမှာ စားဝတ်နေရေးအတွက် ပဲနှမ်းစိုက်ပျိုးခြင်းနှင့် သနပ်ခါးလုပ်ငန်း ကိုသာ မှီခိုနေရကြောင်း၊ ထိုကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာ သံတမန်များ လာရောက် သည့် အတွက် ဒေသခံများမှာ ဝမ်းမြောက်ကြောင်း ဦးမြင့်အောင်က ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ယနေ့ညနေ ၄နာရီခန့်တွင် မြိုင်မြို့မှ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
ပြီခဲ့သည့် ၂၀၁၁ ခု နိုဝင်ဘာလအတွင်းက ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီပေးရေး ဆိုင်ရာ ဌာန(DFID) ဝန်ကြီး အင်ဒရူး မစ်ချယ် သည်လည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သေးသည်။