ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း တဖြည်းဖြည်း အကောင်အထည် ဖော်လာသည်နှင့်အမျှ ထားဝယ်မြို့ပေါ်ရှိ အိမ်ခြံမြေ ဈေးနှုန်းများ ယခင်ထက် ပိုမိုမြင့်တက်လာပြီးကျပ်သိန်းပေါင်း သောင်းဂဏန်းအထိ ခေါ်ဈေးမြင့်နေကြောင်း ထားဝယ်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များထံမှ သိရသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်မြို့ပေါ်နှင့် မြို့ပြင်ပရှိ အိမ်ခြံမြေ ဈေးနှုန်းများ အဆပေါင်းများစွာ ထိုးတက်သွားခဲ့ပြီး မြို့ပေါ်တွင် ကျပ်သိန်းထောင်ဂဏန်းမှ သောင်းဂဏန်းထိ ခေါ်ဈေးရှိနေကြောင်း၊ ပုဂ္ဂလိကဘဏ် အများစုက ထားဝယ်မြို့ပေါ်တွင် ဘဏ်ခွဲများလာရောက်ဖွင့်လှစ်ခြင်းနှင့် ပြည်တွင်းပြည်ပ စီးပွားရေးကုမ္ပဏီများက ရုံးခွဲနှင့် ဟိုတယ်များ ဖွင့်လှစ်လိုခြင်းတို့ကြောင့် ဈေးများ ထိုးတက်လာရခြင်း ဖြစ်ကြောင်း ထားဝယ် စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။
“ပေ ၄၀x ၆၀ အကွက်က မြို့ပေါ်ဆိုရင် သိန်း ၂၀၀၀၊ ၃၀၀၀ ကနေ သိန်းတသောင်းကျော် အထိ ဈေးခေါ်တယ်။ ဝယ်တဲ့သူတွေလည်း ရှိတယ်။ ဥပမာ- မက်စ်မြန်မာ ကုမ္ပဏီဆိုရင် မြို့ပေါ်မှာ သိန်းထောင်ချီပေးပြီး မြေကွက် ဝယ်ထားတယ်။ ထားဝယ်ရေနက်စီမံကိန်း စလုပ်တုန်းကလည်း ခေါ်ဈေးတွေ တအားထိုးတက် သွားခဲ့ဖူးတယ်။ အဲဒီနောက်တော့ ပြန်ငြိမ်တယ်။ အခု ပြန်တက်လာတာ” ဟု သူက ဆိုသည်။
ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး လာရောက်ပြီး ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းအတွက် လေယာဉ်ကွင်း ပြန်ပြင်ရေးနှင့် စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မည့် အရိပ်အရောင်များ မြင်ရသောကြောင့် အေးနေသော အိမ်ခြံမြေဈေးများ ပြန်တက်လာခြင်းဖြစ်သည်ဟု ထားဝယ်မြို့ခံ တဦးက ရှင်းပြသည်။
ထားဝယ်မြို့ပေါ်တွင် ဈေးအကြီးဆုံး အိမ်ခြံမြေများမှာ အာဇာနည် လမ်းမပေါ်တွင် တည်ရှိပြီး ယင်းလမ်းတလျှောက်တွင် ပုဂ္ဂလိက ဘဏ်ခွဲအများဆုံး ဖွင့်လှစ်ထားကြောင်း၊ ဗိုလ်ချုပ်လမ်း၊ နိဗ္ဗာန်လမ်းတို့ရှိ အိမ်ခြံမြေနှင့် မြေကွက်များမှာလည်း ကျပ်သိန်း ထောင်ချီ ဈေးခေါ် ရောင်းဝယ်မှု ရှိကြောင်း စုံစမ်းသိရှိရသည်။
“မြို့ပေါ်တင်မကဘူး လေယာဉ်ကွင်းနားက ဝဲကျွန်းမှာပါ မြေကွက်တွေ အရောင်းအဝယ် လိုက်လာတယ်။ လေယာဉ်ကွင်း ချဲ့ဖို့ကလည်း သိပ်မကြာခင် လုပ်မှာဆိုတော့ ရေနက်စီမံကိန်း ပီပြင်လာတာနဲ့အမျှ ထားဝယ်မြို့ပေါ်မှာလည်း အိမ်ဈေး၊ မြေဈေး တက်ဖို့ရှိတယ်” ဟု ထားဝယ်မြို့နေ အိမ်ခြံမြေ ဝယ်ရောင်း ပွဲစားတဦးက ဆိုသည်။
ထားဝယ်မြို့ပေါ်တွင် ဂရန်ပါရှိသော အိမ်ခြံမြေဈေးမှာ အနည်းဆုံး ကျပ်သိန်း ၁၀၀၀ မှ အများဆုံး ကျပ်သိန်း ၁ သောင်းခွဲအထိ ရှိသည်ဟု သိရှိရသည်။
ထားဝယ် ရေနက်စီမံကိန်းကို အီတာလျံ-ထိုင်း ကုမ္ပဏီက ရင်းနှီးမြှုပ်နှံထားပြီး ယခုအခါ ဂျပန်အပါအဝင် အာရှနိုင်ငံများက ရင်းနှီး မြှုပ်နှံရန် လေ့လာမှုများ ရှိနေကြောင်း၊ လက်ရှိတွင် စီမံကိန်းအတွက် မြေသားလမ်းများ ဖောက်လုပ်ခြင်း၊ စီမံကိန်း ဧရိယာ ရှင်းလင်းခြင်းတို့ ပြုလုပ်နေပြီး စီမံကိန်းအကြမ်းထည်ကို ထိုင်းနိုင်ငံမှ အင်ဂျင်နီယာနှင့် အလုပ်သမားများ၊ မြန်မာ အလုပ်သမားများ စုစုပေါင်း လုပ်သားအင်အား ထောင်ဂဏန်းကျော်ဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်လျှက် ရှိသည်။