ကချင်တိုင်းရင်းသူတဦးကို အစိုးရစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုဆိုသော အမှုနှင့်ပတ်သက်၍ နေပြည်တော် ပြည် ထောင်စု တရားလွှတ်တော်ချုပ်ရုံးတွင်လာမည့် ဖေဖော်ဝါရီ ၉ ရက်၌ နှစ်ဘက်သက်ဆိုင်သူများ လျှောက်လဲ ကြားနာမည် ဖြစ်သည်။
ဖမ်းဆီးခံထားရသည်ဟု ဆိုသော ကချင်အမျိုးသမီး၏ ခင်ပွန်း ဖြစ်သူနှင့် အစိုးရ ခြေမြန်တပ်ရင်း(ခမရ-၃၂၁)တို့ လျှောက်လဲကြ မည် ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် လွယ်လုံတောင် အခြေစိုက် ခမရ ၃၂၁ မှ တပ်သား ၃ ဦးက ကချင်အမျိုးသမီး မဆွမ်လွတ်ရွယ်ဂျာ ဆိုသူအား ပြီး ခဲ့သည့်နှစ် အောက်တိုဘာ၂၈ ရက်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့တိုင် ပျောက်ဆုံးနေ၍ စုံစမ်းစစ်ဆေးပေးရန် ခင်ပွန်း ဖြစ်သူ ဦးမရူလွန်းဒေါင်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ရှေ့တော်သွင်း စာချွန်လွှာ လျှောက်ထားခဲ့ရာ တရားလွှတ်တော် ချုပ် က နှစ်ဘက်လျှောက်လဲရန် ရက် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။
“တပ်ရင်းဘက်ကလည်း လာရမှာပါ။ တရားလွှတ်တော်ချုပ်က သမ္မန်စာ (ဆင့်ခေါ်စာ) တပ်ကို ပေးပို့ ထားပါတယ်”ဟု ယင်းအမှုကို လိုက်ပါကူညီပေးနေသူ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီဝင် ရှေ့နေ ဦးမာခါးက ဧရာဝတီကို ပြောသည်။
နိုင်ငံသားအခွင့်အရေးနှင့် ပတ်သက်၍ ပြည်သူက တောင်းဆိုလာပါက ပြည်ထောင်စုတရားလွှတ်တော် ချုပ် မှ စာချွန်တော် အမိန့်ဆင့်ထုတ်၍ စုံစမ်းစစ်ဆေးရန် အာဏာရှိကြောင်း၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၇၈ တွင် ဖော်ပြထားသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ် အနေဖြင့် ရှေ့တော်သွင်း၊ အာဏာပေး၊ တားမြစ်စေ၊ အာဏာပိုင်မေးနှင့် အမှု ခေါ် စသည့် စာချွန်တော်အမိန့် ၅ မျိုး ဆင့်ထုတ်နိုင်သည့် အာဏာရှိသည်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ခိုင်ပန်ကျေးရွာမှ အသက်၂၈ နှစ်အရွယ် မဆွမ်လွတ်ရွယ်ဂျာအပါအဝင် တောင်ယာ ပြောင်းဖူး ခင်းအတွင်း ခင်ပွန်း ဦးမရူလွန်းဒေါင်၊ ယောက္ခမ ဦးဇဲဒေါင်တို့ အတူအလုပ်လုပ်နေစဉ် ၎င်းတို့သုံးဦးအား ခမရ ၃၂၁ မှ တပ်သားများ က ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့ဝင်များဟု စွပ်စွဲ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဦးမရူလွန်းဒေါင် က ပြောသည်။
ခင်ပွန်းနှင့်ယောက္ခမ ဖြစ်သူတို့က ထိုနေ့တွင် ပြန်လည် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ကလေး တယောက်မိခင် မဆွမ်လွတ် ရွယ်ဂျာမှာ အစိုးရတပ်၏ ဖမ်းဆီးခြင်းခံထားရကြောင်း သိရသည်။
“မရွယ်ဂျာရဲ့ ကလေးလေးက အခု အသက် တနှစ်နဲ့ သုံးလ ပဲရှိသေးတယ်။ ကလေးကို သူ့ အဘိုးနဲ့ အဘွားက စောင့်ရှောက် ထား ရတယ်”ဟု ဦးမာခါးက ဆိုသည်။
ကချင်တိုင်းရင်းသား ဦးဘရန်ဆိုင်းနှင့် ဦးဇော်ဆိုင်းတို့သည်လည်း အစိုးရစစ်တပ်၏ ဖမ်းဆီးခြင်းခံနေရသဖြင့် စုံစမ်းစစ်ဆေးပေးရန် မိသားစုဝင်များက ပြည်ထောင်စု တရား လွှတ်တော်ချုပ်သို့ ရှေ့တော်သွင်းစာချွန်လွှာ လျှောက်ထားကြောင်း သိရသည်။
ဦးဘရန်ဆိုင်းမှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့၊ ဦးဇော်ဆိုင်းမှာ ယခုလ ဇန်နဝါရီ ၅ ရက်နေ့တို့တွင် အစိုးရ ခြေလျင်တပ်ရင်း (ခလရ-၃၇) တပ်၏ ဖမ်းဆီး ခံထားရခြင်း ဖြစ်သည်ဟု ဦးမာခါးက ပြောပြသည်။