ဧပြီ ကြားဖြတ် ရွေးကောက်ပွဲ အတွက် အာဆီယံမှ လေ့လာ စောင့်ကြည့်သူများကို ခွင့်ပြုရန် “အထူးအလေးပေး စဉ်းစား” မည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။
နေပြည်တော်တွင် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝမ်နှင့် ယမန်နေ့က တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က “အာဆီယံနဲ့ အာဆီယံအတွင်းရေးမှူးဆီက စောင့်ကြည့်လေ့လာသူတွေ လက်ခံဖို့ ကျနော်တို့ အထူးအလေးပေး စဉ်းစားနေပါတယ်” ဟု ပြောဆိုကြောင် အာဆီယံ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ဒေါက်တာ ဆူရင် ပစ်ဆူဝမ်သည် ယမန့်မှစတင်၍ ၄ ရက်ကြာ မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယမန်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး လွတ်လပ်စွာ မဲဆွယ်စည်းရုံးမှုများကို အာဏာပိုင်များက သန့်သတ်မှု များပြားသောကြောင့် လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ခက်ခဲမည်ဟု ပြောဆိုခဲ့သည်။
သို့သော် ထိုသတင်းစာရှင်းလင်းပွဲအပြီး နာရီပိုင်းအကြာတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ခရီးစဉ် ဟောပြောပွဲအား လုံခြုံရေးအကြောင်းပြ ပိတ်ပင်ထားမှုကို ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ပေးလိုက်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၄ ရက်နေ့များတွင် ကချင်ပြည်နယ်သို့ သွားရောက်ပြီး မိုးကောင်းမြို့နယ်ရှိ နန့်တီးကျေးရွာ၌ ဟောပြောပွဲ ကျင်းပရန် စီစဉ်ထားသည်။
၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲကာလတွင် ဒေသတွင်းနှင့် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများကို မြန်မာအာဏာပိုင်များက ဝင်ခွင့်မပြုခဲ့ပေ။ ရွေးချယ်ဖိတ်ကြားထားသော စာနယ်ဇင်းသမားများနှင့် သံတမန်တချို့ကို အာဏာပိုင်များက ၎င်းတို့ စီစဉ်သတ်မှတ်ထားသည့် မဲရုံများသို့ ခေါ်ဆောင်သွားပြီး ကော်မရှင်အဖွဲ့ဝင်များက မဲရေတွက်ပြခြင်းသာ ပြုလုပ်ခဲ့သည်။
ထိုရွေးကောက်ပွဲတွင် နအဖစစ်အစိုးရ ဝန်ကြီးများ ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က လွှတ်တော်သုံးရပ်၏ မဲဆန္ဒနယ် ၁၁၅၄ နေရာတွင် ၈၈၂ နေရာ အနိုင်ရခဲ့သည်။
ရွေးကောက်ပွဲတွင် ကြိုတင်မဲများနှင့် မဲသမာမှုများရှိနေကြောင်း မြန်မာအာဏာပိုင်အပေါ် နိုင်ငံတကာက ဝေဖန်ခဲ့ကြပြီး ကြံ့ဖွံ့ပါတီအပေါ် တခြား နိုင်ငံရေးပါတီများက တိုင်တန်းမှုများ၊ တရားစွဲဆိုမှုများလည်း ပေါ်ပေါက်ခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန် မက်ကိန်းက ဧပြီ ကြားဖြတ်ရွေးကောက်ပွဲသို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အဖွဲ့များ ဝင်ရောက်ခွင့်ပြုရန် သမ္မတ ဦးသိန်းစိန်အား တိုက်တွန်း ပြောကြားခဲ့သော်လည်း ဦးသိန်းစိန်က တစုံတရာ မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။