တရုတ်နိုင်ငံမှ အထူးချေးငွေဖြင့် လုပ်ကိုင်နေသည့် စီမံကိန်းများ ရပ်ဆိုင်းရန် ပြည်ထောင်စု လွှတ်တော်၌ အဆိုပြု ဆွေးနွေးချက်ကို မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ပယ်ချလိုက်သည်။
ယခင်နအဖ စစ်အစိုးရက တရုတ်အစိုးရထံမှ အမေရိကန်ဒေါ်လာ ၁ ဒသမ၂ ဘီလီယံ ကို၂၀၀၉ ခုနှစ်တွင် ချေးယူခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရကလည်း၂၀၁၀ ပြည့်နှစ်တွင် ဒေါ်လာ ၄ ဒသမ၂ ဘီလီယံ(တရုတ်ယွမ်ငွေ ဘီလီယံ ၃၀) ချေးယူခဲ့ကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအများအပြား ပူးပေါင်း ဆောင်ရွက်လျှက်ရှိသည်။
မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၂-၂၀၁၃ ဘတ်ဂျက်သုံးစွဲမည့် စီမံကိန်းတချို့ကို ရပ်ဆိုင်း သင့်ကြောင်း ယမန်နေ့ က ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုး ၏ တင်ပြ ဆွေးနွေး
ချက်နှင့် ပတ်သက်၍ ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး က ငြင်းဆို ပယ်ချခဲ့ခြင်း ဖြစ်သည်။
“တရုတ်နိုင်ငံက အထူးချေးငွေနဲ့ဆောင်ရွက်နေတဲ့ စီမံကိန်းတွေ ဖြစ်ပြီးတော့၊ ချေးငွေ သဘောတူညီမှုတွေကို၂၀၁၀ က လက် မှတ်ထိုးပြီးပြီ၊ ဒီစီမံကိန်းတွေကို ရပ်ဆိုင်းပြီး ချေးငွေတွေကို တခြားကို လွှဲပြောင်းသုံးစွဲဖို့ မဖြစ်နိုင်”ဟု နယ်စပ်ရေးရာ ဝန်ကြီး ဌာန နှင့် မြန်မာ့စက် မှုဖွံ့ဖြိုးရေးဌာန ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး က ဆိုသည်။
မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၂-၂၀၁၃ ဘတ်ဂျက် လျာထားငွေကို တနိုင်ငံလုံး အသုံးစရိတ်၏ ၃ ဒသမ ၆၅ ရာခိုင်နှှုန်း တောင်းခံထားခြင်းသည် များပြားလွန်းကြောင်း၊ မလိုအပ်သည့် စီမံကိန်းတချို့အား ရပ်ဆိုင်းခြင်း သို့မဟုတ် ဆိုင်းငံ့ထား ရန် အတွက် လွှတ်တော် ကိုယ်စားလှယ်အများစု က တင်ပြထားကြောင်း သိရသည်။
မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဌာန သည် စစ်ဘက်ဆိုင်ရာ လုပ်ငန်းတချို့ကို လုပ်ကိုင်နေသည်ဟု သတင်းများထွက်ပေါ် နေသော် လည်း အစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုမှု မရှိပေ။
ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ ဗဟို အစိုးရအဖွဲ့၏ ဝန်ကြီး ၁၀ ဦးလာရောက်ပြီး ၎င်းတို့ဌာန အသီးသီး ၏၂၀၁၂-၁၃ ဘတ်ဂျက်အသုံးစရိတ် တောင်းခံထားမှုအပေါ် ဖြတ်တောက်မှု မပြုလုပ်နိုင်ရန် အကြောင်းပြချက်များပေးကာ
ဖြေဆို သွားခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုကြသည်။
“အမျိုးသားစီမံကိန်း ဝန်ကြီးကတော့ အာဆီယံ ထိပ်သီးအစည်းအဝေး နဲ့ အာဆီယံ ဆီးဂိမ်း ကို တက်ရောက်ဖို့ ခေါင်းဆောင် တွေ၊ ကိုယ်စားလှယ်တွေ လာရင် စီးဖို့ မာစီဒီးကားတွေ ဝယ်တဲ့နေရာမှာ ဘတ်ဂျက်တွေ သုံးရမယ်လို့ ဖြေဆိုသွားတယ်”ဟု
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဧရာဝတီ ကို ပြောသည်။
နိုင်ငံဂုဏ်သိက္ခာနှင့်ဆိုင်သည့် ကိစ္စဖြစ်၍ မော်တော်ယာဉ် ၁၇၂ စီး ပြည်ပမှဝယ်ယူမည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးတင်နိုင်သိန်း က ၎င်းဌာန၏ ဘတ်ဂျက်နှင့်ပတ်သက်၍ ပြန်လည် ပြောဆိုခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
မီးရထားဝန်ကြီး ဦးအောင်မင်း ကမူ ၎င်းဌာန၏ ဘတ်ဂျက် အသုံးစရိတ်များထဲမှ ကျပ် သန်း ၅၅၀၀ ကို လျှော့ချရန် သဘောတူ ညီပေးခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင်နှင့်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် က ပြောသည်။
လွှတ်တော်သည် ဥပဒေပြုရေးကိစ္စများကို ဆောင်ရွက်ပေးသည့် တာဝန်ကိုအဓိက ဆောင်ရွက်ရသည့် နေရာသာဖြစ်ပြီး အစိုးရ ၏ လုပ်ဆောင်ချက်များအား တားဆီးပိတ်ပင်နေသည့် အဖွဲ့အစည်း တရပ် မဟုတ်သည့်အတွက် လွှတ်တော်၏ ဆုံးဖြတ်မှုများကို အစိုးရအဖွဲ့အနေဖြင့် လေးစားလိုက်နာရန်လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
“လွှတ်တော်က လုပ်ဆောင်ချက်တချို့ဟာ ပြည်သူတွေရဲ့ လက်ရှိဘဝတွေကို ထင်ဟပ်ပြီးတော့ လိုအပ်ချက်တွေကို ပြောနေ ၊ လုပ်နေ ကြတာပါ၊ အကျိုးမရှိတဲ့ စီမံကိန်းတွေ ရပ်ဆိုင်းလိုက်ရင် ဒီ ဘတ်ဂျက်တွေနဲ့ ဝန်ထမ်းတွေ လစာ ပေးနိုင်မယ်၊ ပြည်သူ တွေရဲ့ အရေးတကြီး လိုအပ်တဲ့ နေရာတွေမှာ သုံးဖို့ အတွက်ပါ”ဟု ဦးဘရှိန် က ဆိုသည်။
သမ္မတရုံး၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် အသုံးစရိတ်များကိုလည်း မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနအတွက် သုံးစွဲခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း၊ ထိုကိစ္စသည် ဥပဒေနှင့်ကိုက်ညီမှု မရှိ၍ လွှတ်တော်၌ ဖြေရှင်းနေသည့် အကြောင်းအရာ တခုဖြစ်နေ ကြောင်းလည်း ကိုယ်စားလှယ်များ က ပြောသည်။
၂၀၁၂-၁၃ ဘဏ္ဍရေးနှစ်အတွက် ရရှိရန် လျာထားငွေသည် ကျပ် ၁၀၅၂၂ ဒသမ ၇၈၇ ဘီလီယံ ရှိပြီး အသုံးစရိတ် လျာထား ငွေမှာ ကျပ် ၁၃၀၄၀ ဒသမ ၆၇၅ ဘီလီယံ ဖြစ်၍ လိုငွေပြမှု ကျပ် ဘီလီယံ၂၀၀၀ ကျော် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ပြည်ပကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ကျော် ရှိနေသည်။ အစိုးရ၏ ရသုံးမှန်းခြေဘတ်ဂျက် ငွေစာရင်းအား ၁၉၈၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ထုတ်ပြန်တင်ပြခြင်း ဖြစ်သည်။
၁၉၈၈ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံသည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈ ထောင်ကျော်(၈၄၀၈ ဒဿမ ၃၄) အကြွေးရှိခဲ့ပြီး ဂျပန်နိုင်ငံအား သန်းပေါင်း ၆ ထောင်ကျော်အထိ အများဆုံးပေးဆပ်ရမည်ဖြစ်ကြောင်း၊ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရ လက် ထက်တွင် ဒေါ်လာ သန်းပေါင်း၂ ထောင်ကျော်(၂၆၁၄ ဒသမ ၉၅၀) ရှိကာ တရုတ်နိုင်ငံသို့ သန်းပေါင်း၂၁၀၀ ကျော်ပေးဆပ်ရ မည်ဖြစ်ကြောင်း ဇန်နဝါရီ လကုန်ပိုင်းက ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဘဏ္ဍာရေး နှင့် အခွန် ဝန်ကြီး ဦးလှထွန်း က ထုတ်ဖော် ပြောဆိုထားသည်။