တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ရှိ ပညာရေး ဝန်ထမ်းများနှင့် ထားဝယ်မြို့ ပညာရေး ကောလိပ်မှ ကျောင်းသူ ကျောင်းသားများ ထံမှ ကြိုတင်မဲ ကောက်ခံရာတွင် လွတ်လပ်မှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။
လောင်းလုံမြို့ရှိ ကျောင်းဆရာ၊ ဆရာမ ၇၀ ကျော်ကို သင်တန်းတက်ရန်ရှိ၍ ကြိုတင်မဲပေးရမည်ဆိုကာ မြို့နယ်ပညာရေးရုံးရှိ တာဝန်ရှိသူများ ရှေ့မှောက်တွင် ကြိုတင်မဲများ ပေးစေခဲ့သည်ဟု မဲပေးခဲ့သည့် ကျောင်းဆရာတဦးက ပြောသည်။
“အထူးမွမ်းမံသင်တန်း တက်ရမယ်၊ သင်တန်းကြောင့် မဲပေးတဲ့နေ့ လာနိုင်မှာမဟုတ်ဘူး၊ ကြိုတင်မဲ ပေးပါဆိုပြီး ပေးခဲ့ရတာ။ ကိုယ်ကြိုက်တာကို ပေးပါဆိုပေမယ့် စာအိတ်ပေါ်မှာ မဲပေးတဲ့သူနာမည်ရယ်၊ လိပ်စာရယ်၊ မဲနံပါတ် စတာတွေရေးထားပြီး လူကြီးတွေ ရှေ့မှာပဲ ပေးရတာဆိုတော့ NLD (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) ကို ပေးချင်ပေမယ့် ဘယ်သူက ဘာမဲပေးတယ်ဆိုတာ သူတို့တွေ မြင်နေတော့ ကြောက်တာနဲ့ ပြည်ခိုင်ဖြိုးကိုပဲ ပေးခဲ့ရတယ်” ဟု ပြောသည်။
အဆိုပါ ကျောင်းဆရာ၊ ဆရာမများ တက်ရမည့် မွမ်းမံသင်တန်းမှာ ၂၃ ရက်နေ့မှ စ၍ တပတ်သာ ကြာမြင့်မည်ဖြစ်၍ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ဧပြီလ ၁ ရက်နေ့တွင် သင်တန်းပြီးဆုံးမည်ဖြစ်သည်။
အလားတူပင် ထားဝယ်မြို့၊ ပညာရေး ကောလိပ်တွင် လောင်းလုံနှင့် ကျွန်းစုမြို့နယ်မှ လာရောက်သော ကျောင်းသူကျောင်းသား ၅၀ ကျော်ကို မတ်လ ၁၅ ရက်နေ့က ကျောင်းစာကြည့်တိုက်သို့ ခေါ်ယူကာ ကျောင်းအုပ်ကြီး၊ မော်ကွန်းထိန်း၊ စာပေဌာနမှူးတို့ ရှေ့မှောက်တွင် ကြိုတင်မဲများ ပေးစေခဲ့သောကြောင့် မိမိမဲပေးလိုသည့် ပါတီကို လွတ်လပ်စွာ ရွေးချယ်ခွင့်မရခဲ့ကြောင်း ကျောင်းသူကျောင်းသားများက ဆိုသည်။
“ထိုင်ခုံတခုချင်းမှာ မဲစာရွက်နဲ့ စာအိတ်တွေ ထားထားပေးတယ်။ ပြီးတော့ ဆရာကြီးက ကိုယ်ကြိုက်တာကို ခြစ်ပြီး စာအိတ်ကို ကော်နဲ့ပိတ်ပြီး ပြန်တော့လို့ပြောတယ်။ စာအိတ်ပေါ်မှာ ဘာအမှတ်အသားမှ မပါဘူး။ ဆရာတွေ စောင့်ကြည့်နေတော့ ကြောက်တာနဲ့ ကြံ့ဖွံ့ပါတီကိုပဲ မဲပေးခဲ့ရတယ်” ဟု ကျောင်းသူတဦးက ပြောသည်။
လာမည့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းရှိ ပြည်သူ့လွှတ်တော် လစ်လပ်နေရာများအတွက် ထားဝယ်ခရိုင် လောင်းလုံမြို့နယ်တွင် NLD အဖွဲ့ဝင် ဦးအောင်စိုး၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် ဒေါ်တင်တင်ရီတို့က အသီးသီးဝင်ရောက် ယဉ်ပြိုင်မည်ဖြစ်သည်။
နောက်ဆုံးရရှိသည့် သတင်းများအရ NLD က ယနေ့ ထုတ်ပြန်သည့် ရွေးကောက်ပွဲဆိုင်ရာ မတရားသော လုပ်ဆောင်မှုများဆိုင်ရာ ကြေညာချက်တွင် တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ် မဲဆန္ဒအတွက် ကြိုတင်မဲများ ကောက်ယူခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အတွင်းသာ ကောက်ယူရန် ညွှန်ကြားချက်ကို ဆန့်ကျင်နေသည်ဟု ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်မှ ထားဝယ်၊ လောင်းလုံတို့သို့ နေ့ချင်းပြန် မဲဆွယ်စည်းရုံးရေး ခရီးစဉ် သွားရောက်ခဲ့သေးသည်။