ပြည်ထောင်စု အစိုးရ၏ ဘတ်ဂျက် လိုငွေပြမှုကို ကုစားနိုင်ရေးအတွက် အသုံးစရိတ်ကို လျှော့ချပြီး ဝင်ငွေတိုးလာစေရေး အခွန်တင်းကြပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များ အဆိုအရ အစိုးရတင်သွင်းသည့် မူလ အစိုးရအသုံးစရိတ် တင်ပြမှုမှာ ကျပ်သန်းပေါင်း ၁၃,၀၄၀,၆၇၅ သန်း ရှိသော်လည်း လွှတ်တော်က ဖြတ်တောက်မှုကြောင့် ပြင်ဆင် တင်ပြလာသော အသုံးစရိတ်မှာ ကျပ်သန်းပေါင်း ၁၂,၄၈၃,၅၆၀ ရှိသည်ဟု သိရသည်။ မူလ အသုံးစရိတ်တွင် ဘတ်ဂျက်လိုငွေ ကျပ်သန်းပေါင်း ၂,၅၁၇,၈၈၈ ရှိပြီး ယခု ပြင်ဆင်လိုက်သည့် အစိုးရ အသုံးစရိတ်တွင် လိုငွေသည် ကျပ်သန်းပေါင်း ၁,၉၅၃,၇၁၂ သာရှိတော့ကြောင်း က လွှတ်တော်ကိုယ်စားလှယ်များ ဆိုသည်။
အစိုးရက မူလ တင်ပြခဲ့သော ဘတ်ဂျက်လိုငွေပြမှုနှင့် GDP အချိုးသည် ၄ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခု ထပ်မံ တင်ပြလာသော အသုံးစရိတ်သစ်အရ ၃ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိတော့မည် ဖြစ်သည်။
တချိန်တည်းမှာပင် အစိုးရက ကျပ်သန်းပေါင်း ၁၀,၅၂၉,၈၄၈ အခွန်ငွေရရှိစေရန် ရာထားကောက်ခံမည်ဖြစ်ပြီး ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး ကျပ်သန်းပေါင်း ၅၁,၃၈၂,၉၈၅ သန်း ရှိမည် ဟုခန့်မှန်းကြောင်း သိရှိရသည်။
ဧပြီလ ၁ ရက်နေ့က စပြီး အခွန်တင်းကြပ်ကောက်ခံရန် ပြင်ဆင်ထားခြင်းဖြစ်သည်ဟု အစိုးရက လွှတ်တော်တွင် ယနေ့ တင်ပြလိုက်ကြောင်း သတင်းရရှိသည်။
အလားတူ ဧပြီလ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြန်မာကျပ်ငွေ နှုန်းရှင်အဖြစ် တရားဝင်ကျင့်သုံးတော့မည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်လိုက်မှုနှင့် တပြိုင်နက်တည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တရပ် ပြဌာန်းကျင့်သုံးမည် ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲဖြင့် အာဏာလွှဲပြောင်းရယူခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်းများဦးစီးသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရသည် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ကတိပေးလာခဲ့ရာ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်နှင့် ရုပ်လုံးပေါ်လာဖွယ်ရှိသည်ဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။