ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရေး ကာလတွင် တွေ့ကြုံနေရသည်များမှာ မတရားသော်လည်း ရွေးကောက်ပွဲတွင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဟု မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
“ကျမတို့အနေနဲ့ မူမမှန်မှုတွေ အများကြီး ရင်ဆိုင်နေရပါတယ်။ မနေ့ကဆိုရင်ေ တာင်ငူလွှတ်တော်ကိုယ်စား လှယ်လောင်းကို တိုက်ခိုက်တာမျိုးတွေ ရှိပါတယ်။ သူ့ကို မထိခိုက်ပါဘူး။ သူရဲ့ကားကို ထိခိုက်သွားပါတယ်။ ဒါက ဒုတိအကြိမ်အမြောက် NLD ကိုယ်စားလှယ်လောင်းကို တိုက်ခိုက်တာပါ။ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကလည်း နေပြည်တော်မှာရှိတဲ့ ကျမတို့ လွှတ်တော် ကိုယ်စားလှယ်ကို အဲဒီလို တိုက်ခိုက်တာမျိုးရှိခဲ့ပါတယ်။ NLD ဆိုင်းဘုတ်တွေကို ဖျက်ဆီးတာမျိုးတွေလည်းရှိပါတယ်။ အဲဒီလို ခြိမ်းခြောက်မှုမျိုးတွေ အများကြီးရှိနေပါတယ်။ ဒီလိုခြိမ်းခြောက်မှုမျိုးတွေရှိပေမယ့် ကျမတို့အနေနဲ့ ရှေ့ဆက်သွားဖို့ ဆုံးဖြတ်ထားပြီး သားဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ပြည်သူတွေရဲ့ ဆန္ဒဖြစ်နေလို့ပါပဲ” ဟု ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ရွေးကောက်ပွဲရလဒ် တရားမျှတခြင်းမရှိပါက မည်သို့ တုံ့ပြန်မည်ကို ရွေးကောက်ပွဲကျင်းပ ပြီးသည့်နောက်ပိုင်း ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သူက ဆက်လက်ပြောသည်။
ရွေးကောက်ပွဲတွင် အနိုင်ရ၍ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသောအခါ အစိုးရဝန်ကြီးအဖြစ် ခန့်အပ်ရန် ကမ်းလှမ်းမှုများ ရှိလာသည့်တိုင် ဥပေဒပြုလွှတ်တော်ကို လွယ်လွယ်နှင့် စွန့်ခွာမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
“ ဒီလို ဝန်ကြီးအဖြစ် ကမ်းလှမ်းမယ်လို့ ပြောတာမရှိသေးဘဲနဲ့ ယူမယ်၊ မယူဘူးပြောတာ မသင့်တော်ဘူး။ အန်တီအနေနဲ့ ဒီလောက်တောင်မှ လွှတ်တော်ထဲကို ကြိုးစားပမ်းစား ဝင်ဖို့ လုပ်နေတာက ခဏလေး လွယ်လွယ်နဲ့ ထွက်ဖို့ မဟုတ်ဘူး။ ကျမအနေနဲ့ ကျမဝင်ရောက်ဖို့ အပြင်းအထန်ကြိုးစားနေတဲ့ လွှတ်တော်ကို စွန့်ခွာဖို့ ရည်ရွယ်ချက် မရှိပါဘူး” ဟု ဆက်လက်ပြောသည်။
တပ်မတော်၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး တပ်မတော်ကို မြန်မာ့နိုင်ငံရေးမှ ဖယ်ထုတ်မည်မဟုတ်ဘဲ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သို့ရာတွင် တပ်မတော်သည် ပြည်သူ့အုပ်ချုပ်ရေး သြဇာအောက်တွင်သာ ရှိရမည်ဖြစ်ကြောင်း ပြောသည်။
“၂၅ ရာခိုင်နှုန်းသော တပ်မတော်သားတွေအားလုံးက ကျမတို့အားလုံးနဲ့ စိတ်တူ၊ ကိုယ်တူ သဘောတူ ပြောင်းလဲသွားမယ်ဆိုရင် အားလုံး အေးအေးဆေးဆေး ပြီးသွားမှာပါ။ ကျမတို့လိုချင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက ပြည်သူရဲ့ သြဇာအောက်မှာ ရှိရမယ်။ ပြည်သူကရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေအောက်မှာ ရှိတယ်။ ၂၅ ရာခိုင်နှုန်းကို ဖယ်ထုတ်မယ်လို့ မပြောဘူး။ ဖယ်ထုတ်တယ်ဆိုတဲ့ စကားကို ကျမဘယ်တုန်းကမှ မပြောပါဘူး။ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ပဲပြောတာ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
တိုင်းရင်းသားလူနည်းစုများသည်လည်း စစ်မှန်သော ပြည်ထောင်စုဖြစ်ပေါ်ရေး ဆန္ဒပြင်းပြနေကြကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“လူနည်းစု တိုင်းရင်းသားဒေသတွေက ပြည်သူတွေရဲ့ တုံ့ပြန်မှုက အင်မတန်မှ ကျေနပ်ဖို့ ကောင်းပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်တွေမှာဆိုရင် စစ်မှန်တဲ့ပြည်ထောင်စု၊ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီး အဖြစ်တည်ဆောက်ချင်တဲ့ ကြီးမားတဲ့ဆန္ဒနဲ့ ဖြစ်နိုင်ခြေတွေရှိနေတာကို တွေ့ရပါတယ်။ ကျမတို့လိုချင်တာနဲ့ တိုင်းရင်းသားတွေလိုချင်တဲ့ အခြေခံလိုအပ်ချက်တွေက ကွာခြားမှု မရှိပါဘူး။ စစ်မှန်စုစည်းတဲ့ ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်ကြီးဖြစ်ဖို့ အားလုံးကမျှော်လင့်တကြီး ရှိနေကြပါတယ်” ဟု ပြောသည်။
ယခုလက်ရှိအခြေအနေတွင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးမရဘဲ တင်းမာနေရခြင်းမှာ နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုပျောက်ဆုံးနေခြင်းကြောင့်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ တရားမမျှတမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပျက်နေလင့်ကစား လူထု၏ နိုင်ငံရေးနိုးကြားလာမှုကြောင့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်ရေး တောင်းဆိုမျှော်လင့်ချက်များ ပိုမိုမြင့်မားလာကြောင်းလည်း ပြောဆိုသည်။
“ကျမပြောထားပြီးတဲ့အတိုင်းပဲ ဒီအခြေအနေတွေက ပြည်သူတွေရဲ့ နိုင်ငံရေးနိုးကြားမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ နိုင်ငံရေးနိုးကြားမှုတွေမှာ လူထုလူတန်းစား အလွှာအသီးသီး အထူးသဖြင့် မျိုးဆက်သစ်လူငယ်တွေရဲ့ ပါဝင်မှုက နေရာတိုင်းမှာ တွေ့မြင်လာရပါတယ်။ ဒါက နိုင်ငံရဲ့ အနာဂတ်အတွက် အများကြီးကောင်းမွန်ပါတယ်။ နိုင်ငံရေးကိစ္စတွေမှာ ဘာတွေကစိန်ခေါ်မှုလဲ၊ ဘယ်ကိစ္စတွေက အရေးကြီးသလဲ ဆိုတာကို ပြည်သူတွေရဲ့ နားလည်မှု၊ နိုးကြားမှုက လျှင်မြန်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ် ၄၅ ခုတွင် NLD လွှတ်တော် ကိုယ်စားလှယ်လောင်းတဦး မှာ မိဘက နိုင်ငံခြားသားဖြစ်သည်ဟု ဆိုကာ အဖယ်ခံလိုက်ရသည့်အတွက် ၄၄ နေရာတွင်သာ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ NLD အနေနှင့် မဲဆန္ဒနယ်အများအပြားတွင် အနိုင်ရမည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၃၁ ရက်နေ့တွင် ၎င်း၏မဲဆန္ဒနယ် ကော့မှူးမြို့သို့ ထွက်ခွာမည်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ကော့မှူးမြို့တွင် နေထိုင်မည်ဖြစ်သည်။